ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သွန်သင်သူများဖြစ်ပါ—ဘရိုရှာများအသုံးပြုလျက်
၁ ယေဟောဝါကိုဆက်ကပ်အပ်နှံထားသူတိုင်း ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သူတစ်ပါးအား သွန်သင်ပေးရန်တာဝန်ရှိသည်။ “လူမျိုးတကာတို့ကို . . . တပည့်ဖြစ်စေရန် . . . ဆုံးမသြဝါဒပေး” ဖို့တာဝန်အပ်နှင်းသူသည် ကောင်းကင်ဘုံနှင့် မြေကြီးပေါ်၌ စီရင်ပိုင်သောအခွင့်တန်ခိုး ရရှိထားသူဖြစ်ကြောင်းကို ကျွန်ုပ်တို့သိရှိသည့်အခါ ဤတာဝန်၏ အလွန်အရေးကြီးမှုသည် ရှင်းလင်းလာပါသည်။ (မ. ၂၈:၁၈-၂၀) ထို့ကြောင့် သတင်းကောင်းဟောပြောခြင်းလုပ်ငန်း၌ပါဝင်ဖို့ရန် ကျွန်ုပ်တို့သည် သွန်သင်ပေးနိုင်သူများဖြစ်ရမည်!—၂ တိ. ၂:၂။
၂ ဩဂုတ်လအတွင်း ဘရိုရှာများကို ဝေငှသည့်အခါ ကျွန်ုပ်တို့၏သွန်သင်ခြင်းစွမ်းရည်များကို အသုံးပြုနိုင်ကြသည်။ စိတ်ဝင်စားဖွယ် ကျမ်းစာအချက်များကို ဘရိုရှာများမှရွေးပြီး စကားစမြည်စတင်ရန် အကူအညီဖြစ်မည့်စကားတစ်ခွန်းနှစ်ခွန်းကို ပြင်ဆင်နိုင်သည်။
၃ “ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော” ဘရိုရှာကိုဝေငှသည့်အခါ သင်ဤသို့ပြောနိုင်သည်–
▪ “သင့်အိမ်နီးနားချင်းတွေဆီရောက်ခဲ့တော့ သူတို့ဟာ ရာဇဝတ်မှု၊ အကြမ်းဖက်မှုနဲ့ အဓမ္မမှုတွေ တိုးများလာနေတဲ့အတွက် စိတ်ပူနေကြတာတွေ့ရတယ်။ ဒီပြဿနာ ဘာကြောင့်ပေါ်ရတယ်လို့ သင်ထင်သလဲ။ [ဖြေဆိုပါစေ။] ကျမ်းစာက ဒီအတိုင်းဖြစ်မယ်လို့ ကြိုတင်ဟောထားတာက ကျွန်တော်တို့အတွက် အထူးစိတ်ဝင်စားစရာပဲ။ [၂ တိမောသေ ၃:၁-၃ ဖတ်။] ‘နောက်ဆုံးကာလ’ မှာအဲဒါဖြစ်မယ်လို့ပြောထားတာ သတိပြုပါ။ ဒါက တစ်ခုခုတော့ အဆုံးတိုင်တော့မယ်လို့အဓိပ္ပာယ်ရပါတယ်။ ဘာဖြစ်မယ်ထင်သလဲ။” ဖြေဆိုပါစေ။ စာမျက်နှာ ၂၂ သို့ဖွင့်ပြီး ရုပ်ပုံကိုညွှန်ပြကာ ထိုစာမျက်နှာတွင် ကိုးကားထားသော ကျမ်းချက်တစ်ခုနှစ်ခုကို ဆွေးနွေးပါ။ ယင်းကို ၉ ကျပ်ဖြင့်ရရှိနိုင်ကြောင်း ပြောပြပါ။ ပြန်သွားရန် အစီအစဉ်များပြုလုပ်ပြီး ဤကောင်းချီးများကိုခံစားရဖို့နီးကြောင်း ကျွန်ုပ်တို့အဘယ်ကြောင့်ယုံကြည်သည်ကို ရှင်းပြပါ။
၄ “ဘဝရည်ရွယ်ချက်ကား အဘယ်နည်း—ယင်းကို သင်မည်သို့ရှာတွေ့နိုင်သနည်း” ဘရိုရှာကိုဝေငှသည့်အခါ ဤသို့သင်ချဉ်းကပ်လိုပေမည်–
▪ “ရည်ရွယ်ချက်ရှိရှိ အသက်ရှင်ဖို့ လူအတော်များများ အခက်အခဲတွေ့တယ်။ လူအနည်းငယ်က အချို့သောကန့်သတ်မှုနဲ့ပဲပျော်ရွှင်ကြပေမယ့် အများကတော့ စိတ်ဓာတ်ကျပြီး ဒုက္ခတွေသာကြုံကြရတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ဒီလိုပဲနေထိုင်စေချင်တယ် ထင်သလား။ [ဖြေဆိုပါစေ။] ဘုရားသခင်က ကျွန်တော်တို့ကို ဒီလိုကမ္ဘာမျိုးမှာနေထိုင်စေလိုတယ်လို့ ကျမ်းစာကဖော်ပြတယ်။” စာမျက်နှာ ၂၁ ပါရုပ်ပုံကိုပြပြီး စာမျက်နှာ ၂၅ နှင့် ၂၆၊ အပိုဒ် ၄-၆ သို့ဖွင့်ကာ ကိုယ်တော်၏ကတိတော်ကို ရှင်းပြပါ။ ယင်းကို အလှူငွေ ၉ ကျပ်ဖြင့်ဝေငှကြောင်း ပြောပြပါ။ ပြန်လည်ပတ်သည့်အခါ ဆွေးနွေးဖို့ရန် ဤမေးခွန်းကိုမေးပါ– “ဘုရားသခင်ဟာ ကိုယ်တော်ရဲ့ကတိတော်တွေကို ပြည့်စုံစေမယ်လို့ ဘယ်လိုစိတ်ချနိုင်မလဲ။”
၅ “ကမ္ဘာသားဘဝ ထာဝရစံစားကြ!” ဘရိုရှာ၏ အရှေ့နှင့်အနောက်မျက်နှာဖုံးများပါ ရုပ်ပုံကိုပြပြီး ဤသို့မေးခြင်းအားဖြင့် ယင်းကိုဝေငှနိုင်ပါလိမ့်မည်–
▪ “ဒီလိုပျော်ရွှင်တဲ့လူတွေနဲ့ပြည့်နေတဲ့ကမ္ဘာမျိုးမှာ သင်နေချင်သလား။ [ဖြေဆိုပါစေ။] ဘုရားသခင်ဟာ လူတွေကိုချစ်ပြီး ဒီကမ္ဘာပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ထာဝစဉ်အသက်ရှင်စေချင်တဲ့အကြောင်းကို ကျမ်းစာကပြောထားတယ်။” ရုပ်ပုံနံပါတ် ၄၉ သို့ဖွင့်ပြီး ဖော်ပြထားသည့်ကျမ်းချက်တစ်ခုကိုဖတ်ပါ။ ထို့နောက် ရုပ်ပုံနံပါတ် ၅၀ ကိုပြပြီး ဤပရဒိသုတွင် နေထိုင်လိုလျှင် ကျွန်ုပ်တို့မည်သို့ပြုမူရမည်ကို ရှင်းပြပါ။ ၉ ကျပ်ဖြင့် ယင်းကိုဝေငှပါ။ ပြန်လာပြီး ယေရှုခရစ်ကိုယုံကြည်ရန် အဘယ်ကြောင့်အလွန်အရေးကြီးကြောင်းကို ဆွေးနွေးလိုကြောင်း ကမ်းလှမ်းပြောဆိုပါ။
၆ ‘ကိုယ်ဆုံးမသြဝါဒကိုသတိပြု၍ ကျွန်ုပ်တို့၏တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားပြ’ ခြင်းကို ယေဟောဝါနှစ်သက်တော်မူသည်။ (၁ တိ. ၄:၁၅၊ ၁၆) ကျွန်ုပ်တို့၏ဘရိုရှာများသည် ‘သာ၍ကောင်းသော ဝမ်းမြောက်စရာသတင်း’ ကိုကြားလိုသူများအား အကူအညီပေးရန် ကျွန်ုပ်တို့ကြိုးစားကြရာတွင် များစွာအထောက်အကူပြုသည်။—ဟေရှာ. ၅၂:၇။