အနှောင့်အယှက်များကိုရှောင်ကာ—အစဉ်နိုးကြားနေသလော
၁ ယေရှုဤသို့သတိပေးသည်– အမှန်တကယ်ရောက်ရှိလာမည့်ဘေးများနှင့် “ကင်းလွတ် [နိုင်ရန်] . . . အစဉ် . . . စောင့်နေကြလော့။” (လုကာ ၂၁:၃၆) လူ့သမိုင်း၏ အန္တရာယ်အထူပြောဆုံးအချိန်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြရသည်။ ဝိညာဏငိုက်မျဉ်းသူများသည် ဘေးတွေ့နိုင်စရာအကြောင်းရှိသည်။ ယင်းက ကျွန်ုပ်တို့တစ်ဦးစီအတွက် စိုးရိမ်စရာရှိကြောင်းထင်ရှားစေသည်။ ယေရှုက စားသောက်ခြင်းနှင့် နေ့စဉ်နှင့်အမျှကြုံတွေ့ရသည့် စိုးရိမ်မှုများအကြောင်း မိန့်တော်မူခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမူကား ဤအရာများပင် ကျွန်ုပ်တို့ကိုအနှောင့်အယှက်ပေးသည့် ပူပန်စရာများဖြစ်နိုင်၍ ဝိညာဏငိုက်မျဉ်းခြင်းအန္တရာယ် ရောက်နိုင်သောကြောင့်ဖြစ်သည်။
၂ အနှောင့်အယှက်ဖြစ်နေကျအရာများ– အချို့သူတို့သည် တီဗွီ သို့မဟုတ် ဗီဒီယိုစွဲသူများဖြစ်လာကြသည့်တိုင် အလွန်အကျွံအပန်းဖြေခြင်း သို့မဟုတ် အပြစ်ဆိုဖွယ်ရာရှိသော အပန်းဖြေခြင်း၌ အချိန်များစွာအကုန်ခံနေကြသည်။ နိုင်ငံတော်ကိုရှေ့ ဦးရှာခြင်းဟုဆိုရာတွင် အပန်းဖြေမှုအားလုံးကို ရှောင်ကြဉ်ရမည်ဟု မဆိုလိုသည်ကားအမှန်ပင်။ အကျိုးသင့်အကြောင်းသင့်သဘောဖြင့် တော်ရုံသင့်ရုံအပန်းဖြေမည်ဆိုလျှင် အကျိုးရှိနိုင်သည်။ (၁ တိမောသေ ၄:၈ နှိုင်းယှဉ်။) သို့သော် ယင်းသည် ကျွန်ုပ်တို့ဘဝတွင် အဓိကနေရာ၌ရှိနေမည်၊ ကျွန်ုပ်တို့အချိန်၊ ကျွန်ုပ်တို့အင်အား သို့မဟုတ် နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့၏ပါဝင်မှုကို ထိခိုက်နေမည်ဆိုလျှင် အနှောင့်အယှက်ဖြစ်နိုင်သည်။
၃ ဝိညာဏငိုက်မျဉ်းစေသည့် ဖြစ်နေကျအခြားအနှောင့်အယှက်တစ်ခုမှာ မလိုအပ်သောရုပ်ပစ္စည်းများကို မက်မောခြင်းဖြစ်သည်။ ယင်းကြောင့် ငွေပိုရှာဖို့အကြောင်းပေါ်စေပြီး ဝိညာဉ်ရေးရာများကို ဘေးဖယ်ထားစေသည်။ ပိုမိုသက်သောင့်သက်သာနေထိုင်နိုင်ရန် စည်းစိမ်ရှာဖွေရေးကို အာရုံစူးစိုက်ခြင်းအားဖြင့် ဝိညာဏပန်းတိုင်များကို အချို့သူများ မျက်ခြည်ပြတ်သွားခဲ့ပြီ။ “စားရန်၊ ဝတ်ရန်” လိုသည်မှန်သော်လည်း ယုံကြည်ခြင်းတရားလမ်းမှ လွဲသွားစေနိုင်သော ငွေကိုတပ်မက်စိတ် မပေါ်လာစေရန် သတိပြုရမည်။ (၁ တိ. ၆:၈-၁၀) နိုင်ငံတော်အမှုရေးရာများကို အာရုံစူးစိုက်မနေခြင်းဖြင့် ကျွန်ုပ်တို့မိသားစု၏ ဝိညာဏလိုအပ်ရာများဖြည့်စွက်ပေးရေးအပေါ် တာဝန်ပျက်ကွက်ပြီး ဓမ္မအမှုကို အပြည့်အဝကျေပွန်စွာ မဆောင်ရွက်ဘဲနေပေမည်။—၁ တိ. ၅:၈; ၂ တိ. ၄:၅။
၄ နောက်ထပ်၍ အခြားသူများမှာမူ ဝိညာဉ်ရေးဘက် အိပ်ပျော်သွားသည်အထိ ‘လောကီစိုးရိမ်ခြင်းကြောင့် စိတ်နှလုံးပင်ပန်းလျက်နေ’ စေခဲ့ကြပြီ။ (လု. ၂၁:၃၄) တစ်ခါတစ်ရံ ကျန်းမာရေးမကောင်းခြင်း သို့မဟုတ် မိသားစုအတွင်း ဝမ်းနည်းစရာအဖြစ်အပျက် များပြားခြင်းကြောင့် စိုးရိမ်လာတတ်သည်။ သို့သော် ဤကိုယ်ရေးကိုယ်တာစိုးရိမ်မှုများကြောင့် အလွန်နီးကပ်လာနေသည့် မျက်မှောက်အစီအစဉ်စနစ်၏ဆုံးခန်းကို သတိမမူ လျစ်လျူရှုသည်အထိ မဖြစ်စေသင့်ပါ။—မာ. ၁၃:၃၃။
၅ လောကီစိတ်ကူးစိတ်သန်းအချို့နောက် ကောက်ကောက်ပါလိုက်သည့်အဖြစ်မျိုးတွင် ကျွန်ုပ်တို့ကို ရောက်နေစေနိုင်ခြင်းထက် မာရ်နတ် နှစ်သက်မည့်အရာမရှိတော့ပါ။ ဝိညာဉ်ရေးဘက် နိုးနိုးကြားကြားရှိနေရန် ကျွန်ုပ်တို့တိုက်လှန်နေကြရမည်။ ‘ယေဟောဝါ၏နေ့သည် သူခိုးကဲ့သို့လာ’ မည်ဟု ကျွန်ုပ်တို့သိရှိထားရာ ကျွန်ုပ်တို့သည် “အိပ်မပျော်ဘဲ သမ္မာသတိရှိ၍ စောင့်” နေကြဖို့ အရေးကြီးသည်။ (၁ သက်. ၅:၂၊ ၆) မိမိတို့တွင် ငိုက်မျဉ်းသောအရိပ်အခြည်များ တွေ့ရှိမည်ဆိုလျှင် “မှောက်မိုက်၏အကျင့်ကိုပယ်ရှား” ရန်အရေးကြီးသည်။—ရော. ၁၃:၁၁-၁၃။
၆ နိုးကြားနေရန်အထောက်အကူများ– ယင်းအထောက်အကူများကား အဘယ်နည်း။ ဆုတောင်းခြင်း မရှိမဖြစ်ပါ။ အဆက်မပြတ် ဆုတောင်းနေရမည်။ (၁ သက်. ၅:၁၇) ခရစ်ယာန်အသင်းတော်နှင့် ပူးပူးကပ်ကပ်နေခြင်းအားဖြင့် ‘မေတ္တာစိတ်နှင့် ကောင်းသောအကျင့်ရှိရန် တိုက်တွန်းနှိုးဆော်’ ခံရလိမ့်မည်။ (ဟေဗြဲ ၁၀:၂၄) ရိုးသားမှန်ကန်စွာ မိမိကိုယ်ကို အမြဲစစ်ကြောစုံစမ်းခြင်းအားဖြင့် ကိုယ့်အားနည်းချက် ကိုယ်အနိုင်ယူဖို့လိုကြောင်း သိရှိနေမည်ဖြစ်သည်။ (၂ ကော. ၁၃:၅) ကိုယ်ပိုင်လေ့လာမှု ကောင်းစွာပြုလုပ်ခြင်းအားဖြင့် “သမ္မာသြဝါဒစကားနှင့် မွေးမြူခြင်း” ခံရလိမ့်မည်။ (၁ တိ. ၄:၆) ကျွန်ုပ်တို့သည် ဝီရိယရှိမည်ဆိုလျှင် အနှောင့်အယှက်များကို ရှောင်ကွင်းနိုင်ပြီး ‘သတိနှင့်စောင့်နေလျက် ယုံကြည်ခြင်း၌တည်ကြည်’ နေနိုင်မည်ဖြစ်သည်။—၁ ကော. ၁၆:၁၃။