ခေတ်ပြောင်းသွားပြီ
၁ “ဤလောက၏ အဆင်းသဏ္ဌာန်သည် ရွေ့သွား” ပြီဟုသမ္မာကျမ်းစာက ဆိုသည်။ (၁ ကော. ၇:၃၁) ယနေ့ ထိုသို့အမှန်ဖြစ်နေပေပြီ! ကျွန်ုပ်တို့၏ခေတ်တွင်ပင် လူ့အဖွဲ့အစည်းအလွှာတိုင်းတွင် လူတို့၏ စဉ်းစားဆင်ခြင်၊ ပြုမူပုံတို့သည် အကြီးအကျယ်ပြောင်းလဲနေကြောင်း တွေ့မြင်နေကြရသည်။ သူတို့ထံ နိုင်ငံတော်သတင်းရောက်ရှိလိုလျှင် ကျွန်ုပ်တို့သည် ပြောင်းလဲလာသည့်ခေတ်အလိုက် ချဉ်းကပ်ရပေမည်။ သတင်းကောင်းကို လူတို့စိတ်ဝင်စားပြီး သူတို့၏နှလုံးကိုထိမိစေသည့်နည်းဖြင့် တင်ဆက်လိုပါသည်။
၂ လွန်ခဲ့သောနှစ်အနည်းငယ်က တိုင်းနိုင်ငံများစွာတွင် သက်သေခံခြင်းလုပ်ငန်းသည် ကွာခြား၏။ ထိုစဉ်က လူတို့သည် များသောအားဖြင့် အေးဆေးငြိမ်သက်၊ လုံခြုံစွာ နေထိုင်ခဲ့ကြသည်။ ဘာသာတရားသည် သူတို့၏အသက်တာတွင် မြင့်မြတ်သောနေရာ၌ရှိခဲ့သည်။ သမ္မာကျမ်းစာကို အလွန်တန်ဖိုးထားခဲ့ကြသည်။ ထိုစဉ်က သက်သေခံရာတွင် အယူဝါဒဆိုင်ရာအကြောင်းများကို အငြင်းအခုံပြုခဲ့ကြရာ မကြာခဏချေပပြောဆိုရကြသည်။ ယနေ့ လူတို့သည် မငြိမ်မသက်ဖြစ်နေကြသည်။ ဘာသာရေးကို ပြစ်တင်ပြောဆိုနေကြသည်။ သမ္မာကျမ်းစာကို ယုံကြည်အားထားသူ အလွန်နည်းသည်။ တစ်ဖန် လူအများသည် ဆင့်ကဲအယူကြောင့် ဘုရားသခင်အပေါ်ယုံကြည်မှု ကင်းမဲ့နေပြီ။
၃ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက ဤသို့ဆိုသည်– “ယနေ့ လူတို့၏ဘဝအသက်တာတွင် အခက်အခဲပြဿနာ များလွန်းသဖြင့် မည်သို့အသက်ရှင်နေထိုင်ရမည်ကိုပင် သူတို့အား သွန်သင်ပေးရန် လိုနေပါသည်။” လူတို့၏ လောလောလတ်လတ်အရေးသည် မိမိကိုယ်တိုင်၊ မိမိအိမ်ထောင်နှင့် မိမိ၏စိုးရိမ်ပူပန်မှုများနှင့်သာ ပတ်သက်နေပါသည်။ တွေ့ဆုံနှီးနှောကြပြီဆိုလျှင် ယင်းအကြောင်းတို့ကိုသာ ပြောဆိုတတ်ကြသည်။ ကျွန်ုပ်တို့၏သက်သေခံခြင်းလုပ်ငန်းတွင် ယင်းကို သတိရသင့်သည်။
၄ ဘုရားသခင်၏နိုင်ငံတော်သည် အနာဂတ်အတွက် တစ်ခုတည်းသော စိတ်ချရသည့်မျှော်လင့်ချက်ဖြစ်– လူအများသည် လူ့အုပ်ချုပ်မှုအပေါ်ယုံကြည်မှုနည်းနေသည်။ သူတို့၏တစ်သက် သာ၍ကောင်းသောကမ္ဘာ တွေ့ရှိနိုင်စရာအကြောင်းမရှိဟု လူတို့ယူမှတ်ကြသည်။ သူတို့ကို မှောက်မှားသောဘာသာက အဘယ်မျှော်လင့်ချက်မျှ မပေးနိုင်ပါ။ ထို့ကြောင့် လူသားတို့အလိုအပ်ဆုံးအရာသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကြားနာကြရန်ဖြစ်သည်။ လူသားအပေါင်း ရင်ဆိုင်နေရသော ပြဿနာအားလုံးကို နောက်ဆုံး မည်သို့ဖြေရှင်းပေးမည်ကို တင်ပြရန်ဖြစ်သည်။
၅ သမ္မာကျမ်းစာသည် တစ်ခုတည်းသော စိတ်ချရသည့်လမ်းပြဖြစ်– ယခုခေတ်လူသားအပေါင်းသည် လူ့ဉာဏ်နှင့် လောကီအတွေးအခေါ်ပညာကို အားထားသော ခေါင်းဆောင်များကြောင့် လမ်းလွဲနေကြပြီ။ “လူသည် . . . သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ကြောင်း အသိအမှတ်ပြုကြရန် လိုအပ်နေသေးသည်။ (ယေ. ၁၀:၂၃) သူတို့သင်ယူနိုင်သည့် တန်ဖိုးအရှိဆုံးသင်ခန်းစာမှာ ‘သူတို့၏နှလုံးရှိသမျှဖြင့် ယေဟောဝါကို ယုံကြည်ကိုးစားပြီး ကိုယ်ဉာဏ်ကိုအမှီမပြု’ ကြရန်ဖြစ်သည်။ (သု. ၃:၅) ခေတ်ပြောင်းသွားပြီမှန်သော်လည်း သမ္မာကျမ်းစာ မပြောင်းလဲပါ။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို အမြဲအသုံးပြုသင့်သည်။ ယင်း၏ မှုတ်သွင်းခံလမ်းပြမှုကို လူတို့တန်ဖိုးထားလေးမြတ်ကြရန် သွန်သင်ပေးသင့်သည်။ (၂ တိ. ၃:၁၆၊ ၁၇) ထိုရည်ရွယ်ချက်အောင်မြင်ရန် ကျွန်ုပ်တို့ဟောပြောရာတွင် ယင်းကိုကိုးကားခြင်း၊ သူတို့၏မေးခွန်းများကို ဖြေဆိုရန် ယင်းကိုအသုံးပြုခြင်း၊ ယင်းကို ဆည်းပူးလေ့လာပြီး ယင်း၏လက်တွေ့ကျဉာဏ်ပညာကို ကျင့်သုံးရန် လိုအပ်ကြောင်း ထောက်ခံအားပေးခြင်းအားဖြင့် သမ္မာကျမ်းစာ၏အရေးကြီးမှုကို လူတို့အားသိရှိစေမည်။
၆ ယနေ့ ခေတ်ပြောင်းသွားပြီမှန်သည့်တိုင် ဓမ္မအမှုကိုဆောင်ရွက်ရသည့်ရည်ရွယ်ချက်များ မပြောင်းလဲပါ။ နိုင်ငံတော်နှင့်ယှဉ်သောသတင်းကောင်းကို ကျွန်ုပ်တို့ဟောပြောရန်ဖြစ်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ယုံကြည်အားထားမှု တိုးပွားရန်၊ ကျွန်ုပ်တို့နှင့် သမ္မာကျမ်းစာကိုလေ့လာဖို့လိုကြောင်း သူတစ်ပါးကို သဘောပေါက်စေရန် အကူအညီပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏သက်သေခံချက်ကို နားထောင်သူများ၏ လောလောလတ်လတ်လိုအပ်ချက်များနှင့် ဆက်စပ်နေရမည်။ ယင်းသို့ပြုခြင်းအားဖြင့် သူတစ်ပါးအား သတင်းကောင်းဟောပြောသူများဖြစ်လာပြီး လူအများကို ရနိုင်ပေမည်။—၁ ကော. ၉:၁၉၊ ၂၃။