တိုးတက်သော အိမ်တွင်းကျမ်းစာသင်အံမှုများ ကျင်းပခြင်း
၁ တန်ဇန်းနီးယားမှ သူနာပြုဆရာမတစ်ဦး၊ အာဂျင်တီးနားမှ သူငယ်မတစ်ဦးနှင့် လတ်ဗီးယားမှ မိခင်တစ်ဦးတို့၏ တူညီသောအချက်တစ်ခုကားအဘယ်နည်း။ သုံးဦးစလုံးသည် အသိပညာစာအုပ်ဖြင့် အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပရာတွင် ပတ်စဉ် တစ်ကြိမ်ထက်မကလေ့လာရန် လိုလိုလားလားရှိခြင်းကြောင့် မြန်မြန်ဆန်ဆန်တိုးတက်ခြင်းဖြစ်ကြောင်း ၁၉၉၇ နှစ်ချုပ်စာအုပ် [လိပ်] (စစ. ၈၊ ၄၆ နှင့် ၅၆) ကဖော်ပြသည်။ ယင်းက ဖြစ်နိုင်သည့်အခါတိုင်း ကြေညာသူများသည် သင်အံမှုအစီအစဉ်တစ်ခုစီအတွင်း ထိုစာအုပ်၏အခန်းတစ်ခုကို ကြိုးစားဆွေးနွေးသင့်ကြောင်း အကြံပြုခံရကြသည်။ သို့သော် အချို့သူတို့အတွက် ထိုသို့ပြုလုပ်ရန် အခက်ကြုံကြသည်။ သင်သားတစ်ဦးစီ၏ အခြေအနေနှင့် သင်ယူနိုင်စွမ်းအပေါ် များစွာမူတည်သော်လည်း အတွေ့အကြုံရှိသောဆရာသမားများသည် အောက်ပါအကြံပြုချက်များအတိုင်း လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိကြသည်။
၂ ဇွန်လ ၁၉၉၆ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်တွင် ဆွေးနွေးထားသည့်အတိုင်း သင်အံမှုအတွက် ကြိုတင်ပြင်ဆင်ဖို့ သင့်သင်သားများကို လေ့ကျင့်ပေးရန် အရေးကြီးသည်။ အစတွင် ယင်းကိုမည်သို့ပြုလုပ်ရကြောင်း ရှင်းပြပြီး ပြသပေးလျှင် အကျိုးရှိပေမည်။ သင်၏ကိုယ်ပိုင်လေ့လာမှုပြုလုပ်ထားသည့် အသိပညာစာအုပ်ကို သူတို့အားပြပါ။ ပထမဦးဆုံးသင်ခန်းစာကို အတူပြင်ဆင်ပါ။ ပုံနှိပ်ထားသည့်မေးခွန်း၏တိုက်ရိုက်အဖြေဖြစ်သည့် အဓိကစကားလုံးများ သို့မဟုတ် စကားစုများကို ရှာတွေ့ရန် သင်သားများအားကူညီပေးပြီး ယင်းတို့ကို မျဉ်းသားပေးပါ သို့မဟုတ် မှတ်သားပေးပါ။ အချို့သောကြေညာသူတို့သည် မိမိတို့၏သင်သားများအား ရောင်စုံမင်တံများကိုပင် ပေးထားကြသည်။ သင်အံမှုအတွက်သူတို့ပြင်ဆင်စဉ် ကျမ်းချက်အားလုံးကို ဖွင့်ဖတ်ရန် အားပေးပါ။ ဤနည်းအားဖြင့် သင်သည် သူတို့အား အသင်းတော်စာအုပ်ကြီးသင်တန်းနှင့် ကင်းမျှော်စင်သင်တန်းတက်ရောက်ခြင်းအတွက်ပါ ပြင်ဆင်ဖို့လေ့ကျင့်ပေးရာရောက်ပါလိမ့်မည်။—လု. ၆:၄၀။
၃ ကျွမ်းကျင်သောဆရာသမားတစ်ဦးသည် မိမိကိုယ်တိုင် စကားများများမပြောဘဲ သင်သားအား လွတ်လွတ်လပ်လပ်စကားပြောစေမည်။ သိပ်အရေးမကြီးသောအချက်များကြောင့် လမ်းကြောင်းပြောင်းသွားခြင်းကို သူရှောင်မည်ဖြစ်သည်။ အပြင်အကြောင်းအရာကို များများပြောမည်မဟုတ်။ သို့အစား သင်ခန်းစာ၏အဓိကအချက်ကို ပေါ်လွင်စေမည်။ တချို့သူတို့သည် သင်သားများအား မေးခွန်းများ၏အဖြေကို ရှာတွေ့ရန်အကူအညီဖြစ်စေဖို့ ထပ်ဆင့်စာပေကို စီစဉ်ပေးကြသည်။ ထို့အပြင် စိတ်ဝင်စားသူများသည် အသင်းတော်အစည်းအဝေးများတက်ခြင်းဖြင့် ထပ်ဆင့်အသေးစိတ်အချက်အလက်များကို ရရှိပေမည်။
၄ သင်ခန်းစာ၌ ဖော်ပြထားသည့်ကျမ်းချက်အားလုံးကို ဖွင့်ဖတ်ရန်လိုမည်မဟုတ်ပါ။ အဓိကအချက်အချို့ကို အပိုဒ်ပါကိုးကားထားသည့်ကျမ်းချက်များမှ ရှင်းပြမည်။ ပြန်လည်သုံးသပ်ချိန်အတွင်း ဆွေးနွေးခဲ့သည့်အဓိကကျမ်းချက်များကို ပေါ်လွင်စေကာ ယင်းတို့ကိုစွဲမှတ်ထားရန် သင်သားအားတိုက်တွန်းပါ။
၅ သင်အံချိန်တစ်ခုစီသည် မည်မျှကြာသင့်သနည်း– သင်အံမှုကို တစ်နာရီကန့်သတ်ထားရန်မလိုပါ။ အချို့အိမ်ရှင်များသည် အချိန်ရနိုင်ပြီး ပို၍ကြာကြာလေ့လာလိုကြပေမည်။ သို့မဟုတ် သင်သားသည် တစ်ပတ်လျှင်တစ်ကြိမ်ထက်မက လေ့လာလိုပေမည်။ ယင်းက ထိုသို့လုပ်ဆောင်နိုင်သူများအတွက် အကျိုးရှိပေမည်။
၆ ဟေရှာယ ၆၀:၈ တွင်သရုပ်ဖော်ထားသည့်အတိုင်း ယနေ့ ထောင်ပေါင်းရာနှင့်ချီသော ယေဟောဝါအားချီးမွမ်းသူလူသစ်များသည် ကိုယ်တော့်လူမျိုးတော်၏အသင်းတော်ထဲသို့ “မိုးတိမ်ကဲ့သို့လည်းကောင်း၊ မိမိအိမ်သို့ပျံသောချိုးများကဲ့သို့လည်းကောင်း ပျံလာ” ကြသည်။ သိုးကဲ့သို့သောသူများအားစုသိမ်းခြင်းကို ယေဟောဝါ အရှိန်မြှင့်တင်နေသည်နှင့်အမျှ ကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်နှင့်အတူ အနီးကပ်လုပ်ဆောင်ရာတွင် ကျွန်ုပ်တို့၏အပိုင်းကဏ္ဍကို လုပ်ဆောင်ကြစို့။—ဟေရှာ. ၆၀:၂၂။