နွေရာသီအတွက် သင့်အစီအစဉ်များကား အဘယ်နည်း
၁ ကျွန်ုပ်တို့သည် မိမိတို့ရရှိသည့်အချိန်ကို မည်သို့ အကောင်းဆုံးအသုံးချမည်နှင့်ပတ်သက်၍ အစီအစဉ်ဆွဲသောအခါ ထားရှိထိုက်သောပန်းတိုင်များကိုလိုက်မီရန် ပို၍ဖြစ်နိုင်သည်မဟုတ်လော။ နွေရာသီကာလသည် သီအိုကရက်တစ်ရေးရာများကို တိုးတက်လာစေရန် အခွင့်အရေးအမျိုးမျိုးကို ရရှိစေသည်။ (သု. ၂၁:၅) ယင်းတို့အနက် အချို့ကားအဘယ်နည်း။
၂ တိုက်နယ်နှင့်အထူးစည်းဝေးများသည် ကျွန်ုပ်တို့၏အစီအစဉ်များတွင် ပါဝင်သင့်သော ဖြစ်ရပ်များဖြစ်သည်။ အစည်းအဝေးရက်တိုင်းကိုတက်ရောက်နိုင်ရန် အလုပ် သို့မဟုတ် ကျောင်းမှ ခွင့်ယူရန်စီစဉ်ပါ။ တည်းခိုရေးနှင့် သွားရေးလာရေးအတွက် ကြိုတင်အစီအစဉ်များလုပ်ပါ။
၃ နွေရာသီကာလအတွင်း သင့်လယ်ကွင်းလုပ်ငန်းတော်ကို တိုးမြှင့်ရန်စီစဉ်ပါလေ။ နေ့တာရှည်ပြီး ပူနွေးသောရာသီဥတုက သင့်အား ဟောပြောခြင်းလုပ်ငန်းတွင် အချိန်ပို၍အသုံးပြုနိုင်စေသည်။ ကျောင်းအားလပ်ရက်က နွေရာသီတစ်လ သို့မဟုတ် ထိုထက်မက လများအတွင်း အရန်ရှေ့ဆောင်ရန် လူငယ်များအား အခွင့်အရေးရစေသည်။ အခြားသူများသည်လည်း စနေတနင်္ဂနွေငါးကြိမ်ရှိမည့် ဩဂုတ်လတွင် အရန်ရှေ့ဆောင်ရန် ကြိုတင်စီစဉ်နိုင်သည်။ ယင်းသြဂုတ်လသည် လုပ်ငန်းတော်နှစ်ချုပ်လဖြစ်သောကြောင့် တက်ညီလက်ညီကြိုးစားအားထုတ်မှုက ဓမ္မအမှုတွင် ယောက်စီယောက်တိုင်းအား အတတ်နိုင်ဆုံး အပြည့်အဝပါဝင်စေနိုင်ပါလိမ့်မည်။
၄ ရပ်ကွက်များကိုပြီးစီးစေရန် အကူအညီလိုနေသည့် အနီးအနားအသင်းတော်ကို အထောက်အကူပေးရန် သင်စီစဉ်သလော။ တိုက်နယ်ကြီးကြပ်မှူးသည် သင့်ဒေသတွင် လိုအပ်နေသည့်အရာများကို အကြီးအကဲများအား အသိပေးနိုင်သည်။ သို့မဟုတ် သင်သည် ရံဖန်ရံခါသာအမှုဆောင်သော သို့မဟုတ် ခန့်အပ်မထားသော ရပ်ကွက်ကိုပြီးစီးစေရန် အရည်အချင်းပြည့်မီပြီး အသင်းမထံ လျှောက်ထားလိုလျှင် သင့်အကြီးအကဲများထံမှ လျှောက်လွှာတစ်စောင်ရယူပါ။ အားလပ်ချိန်ယူကာ အဝေးသို့သင်သွားမည်ဆိုလျှင် ထိုဒေသရှိ အသင်းတော်အစည်းအဝေးများကို တက်ရောက်ရန်နှင့် လယ်ကွင်းလုပ်ငန်းတော်တွင်ပါဝင်ရန် စီစဉ်ပါ။ ယေဟောဝါသက်သေမဟုတ်သည့် ဆွေမျိုးများထံလည်ပတ်ခြင်းဖြစ်ပါက သူတို့ကို သမ္မာတရားမျှဝေနိုင်မည့်နည်းလမ်းများကို ကြိုတင်ပြင်ဆင်ထားပါ။
၅ နွေရာသီအတွက် သင့်အစီအစဉ်များကား အဘယ်နည်း။ သင်သည် ကာယရေးအရ လန်းဆန်းမှုရရှိလိုမည်မှာ ယုံမှားဖွယ်မရှိချေ။ သို့သော် သင့်အသက်တာတွင် နိုင်ငံတော်ကိုဆက်၍ရှေးဦးထားခြင်းအားဖြင့် သင့်ကို ဝိညာဉ်ရေးခွန်အားပေးရန် တည်ရှိနေသည့် သာ၍အရေးကြီးသောအခွင့်အရေးများကို လျစ်လျူမရှုပါနှင့်။—မ. ၆:၃၃; ဧ. ၅:၁၅၊ ၁၆။