ဦးဆောင်နေသောကြီးကြပ်မှူးများ—သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူး
၁ သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူးသည် ဟောပြောခြင်းနှင့်သွန်သင်ခြင်းတွင် ကြိုးစားအားထုတ်သော ဝိညာဏအသက်ကြီးသူတစ်ဦးဖြစ်ပြီး ကျွန်ုပ်တို့၏ရိုသေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ရထိုက်သူဖြစ်သည်။ (၁ တိ. ၅:၁၇) သူ၏တာဝန်များကား အဘယ်နည်း။
၂ နိုင်ငံတော်ခန်းမရှိ သီအိုကရက်တစ် ဓမ္မအမှုကျောင်းစာကြည့်တိုက်သည် သူ၏ကြည့်ရှုစောင့်ရှောက်မှုအောက်တွင်ရှိ၏။ သူသည် ကျောင်းတွင်ပါဝင်ရန် အရည်အချင်းပြည့်မီသူအားလုံးကို အားပေးရာတွင် အလွန်စိတ်ဝင်စား၏။ သူသည် ကျောင်းအစီအစဉ်တွင် အနည်းဆုံးသုံးပတ်ကြို၍ တာဝန်များကိုအလှည့်ကျပေးနိုင်ရန် တိကျသောမှတ်တမ်းထားရှိဖို့ သေချာစေသည်။ သူသည် ကျောင်းသားတစ်ဦးစီနှင့် ၎င်း၏စွမ်းရည်များကိုသတိပြုလျက် အသင်းတော်အား ကောင်းစွာသိကျွမ်းရန်လိုသည်။ သူ့တွင် ကျောင်းအစီအစဉ်ရေးဆွဲရာ၌ကူညီရန် အခြားညီအစ်ကိုတစ်ဦးရှိမည်ဖြစ်သော်လည်း တာဝန်များတော်လျော်စွာပေးအပ်ခြင်းကို ကြီးကြပ်မှူးကိုယ်တိုင်၏ကြီးကြပ်မှုအောက်တွင် ရှိရမည်။
၃ ကျောင်းကို ထိရောက်စွာသင်ကြားနိုင်ရန် ကြီးကြပ်မှူးသည် တာဝန်ပေးထားသည့်အကြောင်းအရာကို စေ့စေ့စပ်စပ်လေ့လာကာ အပတ်စဉ် ဝီရိယရှိရှိကြိုတင်ပြင်ဆင်ရမည်။ ယင်းက သူ့အား သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်၍ အသင်းတော်ကို အားတက်သရောရှိစေကာ တာဝန်ပေးထားသည့်အကြောင်းအရာကို စေ့စပ်သေချာစွာသုံးသပ်မသုံးသပ် ပိုင်းဖြတ်စေနိုင်ပြီး ရေးဖြေစစ်ဆေးခြင်းတွင်ပါမည့် အရေးကြီးသည့်အချက်များကို အလေးပေးတင်ပြနိုင်စေသည်။
၄ ကျောင်းသားဟောပြောချက်တစ်ခုပြီးတိုင်း ကြီးကြပ်မှူးသည် ကျောင်းသားအား ချီးမွမ်းကာ အချို့သောစကားပြောအရည်အချင်းသည် အဘယ်ကြောင့်ကောင်းကြောင်း သို့မဟုတ် အဘယ်ကြောင့်တိုးတက်ဖို့လိုကြောင်း ရှင်းပြပါမည်။ တစ်စုံတစ်ဦးသည် သူ၏ကျောင်းတာဝန်များကို ကြိုတင်ပြင်ဆင်ရန် ထပ်ဆင့်သင်ကြားပေးမှုလိုအပ်သောအခါ ကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် ကိုယ်တိုင်ကိုယ်ကျအကူအညီပေးနိုင်သည်။
၅ သီအိုကရက်တစ်ကျောင်းကြီးကြပ်မှူးနှင့် သူ၏ညွှန်ကြားမှုအောက် ထပ်ဆင့်သွန်သင်သူ မည်သူမဆို၏ကြိုးပမ်းမှုမှ အကျိုးအပြည့်အဝခံစားရရန် ကျောင်းကို ကျွန်ုပ်တို့မှန်မှန်တက်သင့်သည်။ ကျွန်ုပ်တို့၏တာဝန်အားလုံးကိုလည်း ကျေပွန်သင့်ကာ ကျွန်ုပ်တို့ရရှိသည့်သွန်သင်ချက်အပြင် အခြားကျောင်းသားများအား ပေးသည့်သွန်သင်ချက်ကိုပါ လက်တွေ့ကျင့်သုံးသင့်သည်။ ဤသို့ဖြင့် လူအများရှေ့နှင့်တစ်အိမ်မှတစ်အိမ် နိုင်ငံတော်သတင်းတင်ဆက်ရန် ကျွန်ုပ်တို့၏စွမ်းရည်သည် အဆင့်ဆင့်တိုးတက်လာမည်ဖြစ်သည်။—တ. ၂၀:၂၀; ၁ တိ. ၄:၁၃၊ ၁၅။