ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၈ စာ. ၃-၆
  • သင့်ဓမ္မအမှုတွင် ထိရောက်မှုရှိလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်ဓမ္မအမှုတွင် ထိရောက်မှုရှိလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • သတင်းကောင်း ဟောပြောနည်းများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ကိုယ်ပိုင်ရပ်ကွက် ယူထားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • သင့်အချိန်ကို တန်ဖိုးရှိစေလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • သင်၌ ကိုယ်ပိုင်အမှုဆောင်ရပ်ကွက်တစ်ခု ရှိသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၁၁/၉၈ စာ. ၃-၆

သင့်ဓမ္မအမှုတွင် ထိရောက်မှုရှိလော့

၁ ကောင်းကင်သည် မဲမှောင်လာပြီး ကျောစိမ့်ဖွယ်အသံမှာ နားကွဲလုမတတ် သာ၍ကျယ်လောင်မြည်ဟည်းလာ၏။ မီးခိုးကဲ့သို့သောမိုးတိမ်ကျလာ၏။ ယင်းကား အဘယ်နည်း။ နိုင်ငံကို လုံးလုံးပျက်ပြုန်းသွားစေရန် ချီတက်လာနေသည့် သန်းနှင့်ချီသောကျိုင်းကောင်တပ်မဟာကြီးပင်! ပရောဖက်ယောလဖော်ပြခဲ့သည့် ဤမြင်ကွင်းသည် ဘုရားသခင့်ဘိသိက်ခံကျေးကျွန်များနှင့် ၎င်းတို့၏အပေါင်းပါများဖြစ်သောလူအုပ်ကြီး၏ ဟောပြောခြင်းလုပ်ငန်းတွင် ယနေ့ ပြည့်စုံလျက်ရှိသည်။

၂ မေ ၁၊ ၁၉၉၈၊ ကင်းမျှော်စင်စာမျက်နှာ ၁၂၊ အပိုဒ် ၁၉ က ဤသို့ရှင်းလင်းဖော်ပြခဲ့သည်– “ဘုရားသခင်၏ခေတ်သစ်ကျိုင်းကောင်တပ်သည် ခရစ်ယာန်ဘောင်၏ ‘မြို့ထဲ’ တွင် စေ့စေ့စပ်စပ်သက်သေခံခဲ့ကြပြီ။ (ယောလ ၂:၉) . . . ယေဟောဝါ၏သတင်းတရားကိုကြေညာရာတွင် ဖြစ်နိုင်သည့် မည်သည့်နည်းဖြင့်မဆို အတားအဆီးအားလုံးကို ကျော်လွှားကာ သန်းနှင့်ချီသောအိမ်များထဲ ဝင်ကြ၍၊ လမ်းပေါ်တွင် လူတို့ထံချဉ်းကပ်၍၊ ဖုန်းဖြင့်စကားပြောဆို၍ ဆက်သွယ်ကြဆဲပင်။” ဤဘုရားပေးလုပ်ငန်းတွင် ပါဝင်ရခြင်းသည် မဟာအခွင့်ထူးတစ်ရပ်မဟုတ်ပေလော။

၃ မိမိတို့ကိုယ်ကိုသာ ကျွေးမွေးရန် ဦးတည်ချက်ရှိသော ပကတိကျိုင်းကောင်များနှင့်မတူဘဲ ယေဟောဝါကျေးကျွန်များအနေနှင့် ကျွန်ုပ်တို့သည် ဟောပြောခံရသူများ၏အသက်အတွက် များစွာစိုးရိမ်မကင်းဖြစ်ကြသည်။ ကျွန်ုပ်တို့သည် အခြားသူများအား ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ပါသည့် ဘုန်းရှိသောသမ္မာတရားကို သိရှိရန်နှင့် ထာဝရကယ်တင်ခြင်းရရှိစေမည့်ခြေလှမ်းများကိုလှမ်းရန် လှုံ့ဆော်ခံရဖို့ ကူညီပေးလိုကြသည်။ (ယော. ၁၇:၃; ၁ တိ. ၄:၁၆) ထို့ကြောင့် ထိရောက်သောနည်းဖြင့် ဓမ္မအမှုကို ထမ်းဆောင်လိုကြပါသည်။ မည်သည့်ဟောပြောခြင်းနည်းကိုပင်သုံးသုံး၊ ကျွန်ုပ်တို့သည် အကောင်းဆုံးရလဒ်များဖြစ်ထွန်းမည့် နည်းနှင့် အချိန်တွင် လုပ်ဆောင်နေမနေ သုံးသပ်သင့်သည်။ “ဤလောက၏အဆင်းသဏ္ဌာန်သည် ရွေ့သွားကွယ်ပျောက် [“ပြောင်းလဲ၊” ကဘ] တတ်” ရာ အကျိုးအဖြစ်ထွန်းဆုံးသောစိန်ခေါ်ချက်ကို ကျွန်ုပ်တို့ရင်ဆိုင်နေရကြောင်း သေချာစေရန် ကျွန်ုပ်တို့၏နည်းများနှင့် ချဉ်းကပ်ပုံကို ဆန်းစစ်လျှင်ကောင်းသည်။—၁ ကော. ၇:၃၁။

၄ ကျွန်ုပ်တို့သည် လူတို့နှင့်တွေ့ဆုံရန် နည်းများစွာဖြင့် ကြိုးစားသော်လည်း တစ်အိမ်မှတစ်အိမ်လုပ်ငန်းသည် ကျွန်ုပ်တို့ဓမ္မအမှု၏ အဓိကမဏ္ဍိုင်ဖြစ်နေတုန်းပင်ဖြစ်၏။ လူတို့သည် သင်လည်ပတ်သည့်အချိန်တွင် အိမ်၌မရှိ သို့မဟုတ် အိပ်ပျော်နေသည်ကို သင်တွေ့ရလေ့ရှိသလော။ သင်သည် သူတို့ကို သတင်းကောင်းမဝေငှနိုင်သောကြောင့် မည်မျှစိတ်ပျက်ဖွယ်ပါတကား! ဤစိန်ခေါ်ချက်ကို သင် မည်သို့ရင်ဆိုင်နိုင်သနည်း။

၅ ပြောင်းသာလဲသာနှင့် အကျိုးသင့်အကြောင်းသင့် ရှိပါ– ပထမရာစုဣသရေလနိုင်ငံတွင် တံငါသည်များသည် ညဘက်တွင်ငါးမျှားခဲ့ကြသည်။ အဘယ်ကြောင့် ညဘက်တွင်မျှားရသနည်း။ ယင်းသည် သူတို့အတွက် အဆင်အပြေဆုံးအချိန်မဟုတ်သော်လည်း ငါးအများစုကိုဖမ်းရန် အကောင်းဆုံးအချိန်ဖြစ်၏။ အကျိုးအဖြစ်ထွန်းဆုံးအချိန်လည်းဖြစ်၏။ ယင်းအလေ့အထနှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရာတွင် ဇွန် ၁၅၊ ၁၉၉၂၊ ကင်းမျှော်စင်က ဤသို့ဖော်ပြသည်– “ကျွန်ုပ်တို့လည်း လူကိုမျှားခြင်းငှာ လူအများအိမ်တွင်ရှိပြီး လက်သင့်ခံနားထောင်မည့် အကောင်းဆုံးအချိန်ကို စနည်းနာသင့်သည်။” စနေတနင်္ဂနွေနံနက်အစောပိုင်းများတွင် ကျွန်ုပ်တို့လည်ပတ်သည့်အခါ အိမ်တွင် လူရှိနိုင်သော်လည်း ထိုအချိန်တွင် ကျွန်ုပ်တို့လည်ပတ်သည်ကို အများအားဖြင့်လက်မခံနိုင်သည့် မြို့ဆင်ခြေဖုံးရပ်ကွက်များနှင့် လူနေရပ်ကွက်များရှိ လူမှုရေးအလေ့အထများကို ဂရုတစိုက်မှတ်သားထားပါ။ သင့်ရပ်ကွက်တွင် ထိုအတိုင်းပင်ဖြစ်ပါက သင်လည်ပတ်သည့်အချိန်ကို နံနက်နှောင်းပိုင်း သို့မဟုတ် မွန်းလွဲပိုင်းသို့ပင် ပြောင်းပေးနိုင်မည်လော။ ယင်းသည် ကျွန်ုပ်တို့၏ဓမ္မအမှုကို ပိုမိုထိရောက်စေရန်သာမက စစ်မှန်သောခရစ်ယာန်မေတ္တာ၏ သာဓကတစ်ရပ်ဖြစ်သည့် ထောက်ထားစာနာမှုကို ကျွန်ုပ်တို့၏အိမ်နီးချင်းများအပေါ်တင်ပြရန် ကောင်းမွန်သောနည်းတစ်နည်းဖြစ်သည်။—မ. ၇:၁၂။

၆ ဖိလိပ္ပိ ၄:၅ (ကဘ) တွင် တမန်တော်ပေါလုက ‘ကျွန်ုပ်တို့၏ အကျိုးသင့်အကြောင်းသင့်သဘောကို လူအပေါင်းတို့ရှေ့တွင် ထင်ရှားစေ’ သင့်ကြောင်း နှိုးဆော်ထား၏။ ဤမှုတ်သွင်းခံညွှန်ကြားချက်နှင့်အညီ ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်ကို ဇွဲနပဲနှင့် အားတက်သရောဆောင်ရွက်စဉ် ကျွန်ုပ်တို့၏နည်းစနစ်များသည် မျှတပြီး အကျိုးသင့်အကြောင်းသင့် ရှိလိုကြပါသည်။ ကျွန်ုပ်တို့သည် ‘လူစုဝေးရာနှင့် တစ်အိမ်မှတစ်အိမ်သွန်သင်ခြင်းအမှုကို မပြုဘဲ’ မနေလိုကြသော်လည်း အကျိုးသင့်အကြောင်းသင့်ရှိပြီး အကျိုးဖြစ်ထွန်းသောအချိန်များတွင် တစ်အိမ်မှတစ်အိမ်ဓမ္မအမှုကို လုပ်ဆောင်နေကြောင်း သေချာစေလိုကြပါသည်။ (တ. ၂၀:၂၀) ကျွန်ုပ်တို့သည် ပထမရာစုဣသရေလနိုင်ငံရှိ တံငါသည်များကဲ့သို့ မိမိတို့အတွက် အဆင်အပြေဆုံးအချိန်တွင်မဟုတ်ဘဲ အကျိုးဖြစ်ထွန်းနိုင်သောအချိန်တွင် ‘ငါးမျှားခြင်း’ ကိုပြုခဲ့ကြသည်။

၇ မည်သည့်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်သနည်း။ များသောအားဖြင့် လယ်ကွင်းလုပ်ငန်းအတွက်စည်းဝေးများကို စနေနှင့်တနင်္ဂနွေနံနက် ၈:၀၀ သို့မဟုတ် ၈:၃၀ နာရီတွင်ကျင်းပကြ၏၊ ယင်းနောက် အုပ်စုသည် ရပ်ကွက်တွင် တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို ချက်ချင်းဆက်လုပ်ဆောင်သည်။ သို့ရာတွင် အကြီးအကဲအဖွဲ့အချို့သည် အုပ်စုအတွက် လူနေရပ်ကွက်များတွင် တစ်အိမ်မှတစ်အိမ်မသွားမီ လမ်းပေါ်သက်သေခံခြင်း၊ စီးပွားရေးရပ်ကွက် သို့မဟုတ် ပြန်လည်ပတ်မှုများကဲ့သို့သော ဓမ္မအမှု၏အခြားပုံစံများတွင် ပါဝင်ရန်စီစဉ်ခဲ့ကြပြီ။ နိုင်ငံအချို့ရှိအသင်းတော်များသည် နံနက်နှောင်းပိုင်း—၁၀:၀၀ နာရီ၊ ၁၁:၀၀ နာရီ သို့မဟုတ် မွန်းတည့် ၁၂:၀၀—ကိုလယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးချိန်များအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့နောက် အုပ်စုသည် ချက်ချင်းပင် တစ်အိမ်မှတစ်အိမ်လုပ်ငန်းသို့သွားကာ မွန်းလွဲအစောပိုင်းအထိ အမှုဆောင်ကြသည်။ ရပ်ကွက်အချို့တွင် နံနက်ပိုင်းထက် မွန်းလွဲအစောပိုင်းသည် လယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးရန် အကောင်းဆုံးအချိန်ဖြစ်နိုင်သည်။ ထိုသို့ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် အကျိုးဖြစ်ထွန်းမှု တိုးများလာနိုင်သည်။

၈ ပိုင်းခြားသိမြင်ခြင်းနှင့် လိမ္မာပါးနပ်မှုရှိပါ– ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်တွင် လူတို့နှင့်တွေ့ဆုံစဉ် ကျွန်ုပ်တို့၏သတင်းတရားအပေါ် တုံ့ ပြန်မှုအမျိုးမျိုးကို တွေ့ ကြုံကြရသည်။ အိမ်ရှင်အချို့သည် လက်သင့်ခံကာ အခြားသူများမူ စိတ်မဝင်စားကြပါ၊ အနည်းငယ်သောသူတို့သည် အငြင်းအခုံလုပ်ကြ သို့မဟုတ် ရန်လိုကြ၏။ နောက်ဆုံးကိစ္စနှင့်စပ်လျဉ်း၍ ကျမ်းစာဖြင့်ကျိုးကြောင်းဆင်ခြင်ခြင်းစာမျက်နှာ ၇ တွင် “အမှန်တရားကို မလေးစားသောလူတို့အပေါ် ‘စကားရည်လု၍နိုင်’” ရန်မကြိုးစားဖို့ ကျွန်ုပ်တို့ကို သတိပေးထားသည်။ အိမ်ရှင်သည် ရန်လိုပါက ပြန်ထွက်လာလျှင် အကောင်းဆုံးဖြစ်သည်။ ကျွန်ုပ်တို့နှင့်စကားပြောရန် သို့မဟုတ် ကျွန်ုပ်တို့၏ရှုမြင်ပုံကိုလက်ခံရန် အတင်းအကျပ်တောင်းဆိုခြင်းဖြင့် လူတို့နှင့် ဘယ်သောအခါမျှ အမုန်းမပွားသင့်ပါ။ ကျွန်ုပ်တို့သည် သတင်းတရားနှင့်ပတ်သက်ပြီး လူတို့ကို အတင်းအကျပ်မပြုကြပါ။ ယင်းသို့ပြုလျှင် အကျိုးသင့်အကြောင်းသင့်ရှိရာရောက်မည်မဟုတ်ဘဲ အခြားသက်သေခံများအတွက်နှင့် များသောအားဖြင့် လုပ်ငန်းအတွက် ပြဿနာများပေါ်ပေါက်စေနိုင်သည်။

၉ ရပ်ကွက်တစ်ခုတွင် စအမှုမဆောင်မီ ကျွန်ုပ်တို့အား မလာဖို့ပြောထားသူများ၏ လိပ်စာများကိုရေးမှတ်ထားသည့် ရပ်ကွက်ကတ်ကို စစ်ဆေးခြင်းသည် ပညာရှိရာရောက်သည်။ ထိုသို့သောလိပ်စာများရှိလျှင် ထိုလမ်းကိုအမှုဆောင်သောကြေညာသူတစ်ဦးစီအား မသွားရမည့်အိမ်များကို ပြောထားသင့်၏။ မည်သူမျှ လုပ်ငန်းတော်ကြီးကြပ်မှူးက မညွှန်ကြားဘဲနှင့် ထိုအိမ်များသို့ မိမိသဘောဖြင့်မသွားသင့်ချေ။—ဇွန် ၁၉၉၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ မေးခွန်းသေတ္တာရှု။

၁၀ ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်အမှုဆောင်စဉ် ပိုင်းခြားသိမြင်မှုရှိခြင်းဖြင့် ပို၍ထိရောက်မှုရှိနိုင်၏။ အိမ်တစ်အိမ်သို့ သင်ချဉ်းကပ်သည့်အခါ မျက်စိရှင်ရှင်ထားပါ။ ခန်းဆီး သို့မဟုတ် လိုက်ကာအားလုံး ချထားသလော။ လှုပ်ရှားသည့်အသံဗလံ မကြားရပြီလော။ ယင်းက အိမ်သားများအိပ်နေသည်ကို ဖော်ပြ၏။ နောက်မှပြန်လာမည်ဆိုလျှင် အိမ်ရှင်နှင့် ပိုအကျိုးရှိရှိစကားပြောဆိုခွင့် ရနိုင်စရာအကြောင်းရှိ၏။ လောလောဆယ် ယင်းအိမ်ကို အိမ်နံပါတ်မှတ်ထားပြီးကျော်သွားလျှင် အကောင်းဆုံးဖြစ်မည်။ ရပ်ကွက်မှမထွက်လာမီ ထိုအိမ်ကို ပြန်စစ်ဆေးနိုင်သည် သို့မဟုတ် နောက်မှပြန်လာရန် မှတ်ထားနိုင်သည်။

၁၁ ကျွန်ုပ်တို့သည် တစ်စုံတစ်ဦးအား အမှတ်မထင် အိပ်ရာမှနိုးစေသည့် သို့မဟုတ် တစ်နည်းနည်းဖြင့် သူ့အား အနှောင့်အယှက်ဖြစ်စေသည့် အခြေအနေများပင်ပေါ်ပေါက်နိုင်သည်။ သူသည် စိတ်အနှောင့်အယှက် သို့မဟုတ် ဒေါသပင်ထွက်ပေမည်။ ကျွန်ုပ်တို့ မည်သို့တုံ့ ပြန်သင့်သနည်း။ သုတ္တံ ၁၇:၂၇ (ကဘ) က “ထိုးထွင်းဉာဏ်ရှိသူသည် စိတ်တည်ငြိမ်၏” ဟုသြဝါဒပေး၏။ ကျွန်ုပ်တို့၏ဓမ္မအမှုအတွက် မတောင်းပန်သော်လည်း အဆင်မပြေသည့်အချိန်တွင် လာမိသည့်အတွက် ဝမ်းနည်းပါကြောင်း ပြောနိုင်သည်။ အခြားအချိန်သည် ပို၍အဆင်ပြေမည်လောဟု ယဉ်ကျေးဖော်ရွေစွာဖြင့် မေးကာ ပြန်လာရန် ကမ်းလှမ်းနိုင်သည်။ နူးညံ့သောအသံထားဖြင့် ပုဂ္ဂိုလ်ရေးအရ အမှန်စိတ်ဝင်စားကြောင်းဖော်ပြခြင်းက အများအားဖြင့် ထိုသို့သောသူတစ်ဦးကို နူးညံ့ပျော့ပျောင်းစေ၏။ (သု. ၁၅:၁) အိမ်ရှင်တစ်ဦးက ကျွန်ုပ်တို့အား သူသည် ညပိုင်းအလုပ်ကို ပုံမှန်လုပ်ရကြောင်းပြောလျှင် နောင်အဆင်ပြေမည့်အချိန်တစ်ချိန်တွင် လည်ပတ်နိုင်ရန် ရပ်ကွက်ကတ်တွင် ရေးမှတ်ထားနိုင်သည်။

၁၂ ပိုင်းခြားသိမြင်ခြင်းသည် ကျွန်ုပ်တို့၏ရပ်ကွက်ကို စေ့စေ့စပ်စပ်အမှုဆောင်ရန် ကြိုးစားသည့်အခါတွင်လည်း သင့်လျော်ပါသည်။ လူများစွာသည် ကျွန်ုပ်တို့ဦးဆုံးအကြိမ်သွားသည့်အခါ အိမ်တွင်မရှိကြသောကြောင့် ၎င်းတို့နှင့် ကယ်တင်ခြင်းသတင်းကို မျှဝေရန်တွေ့ဆုံဖို့ ထပ်ဆင့်ကြိုးပမ်းမှုများပြုရန်လိုသည်။ (ရော. ၁၀:၁၃) တစ်ခါတစ်ရံ ကြေညာသူများသည် လူတို့ကိုတွေ့ရှိနိုင်ရန် တစ်နေ့တည်းတွင် တစ်အိမ်တည်းကို အကြိမ်များစွာသွားရောက်ကြကြောင်း မှတ်တမ်းများကဖော်ပြသည်။ ယင်းသို့ပြုခြင်းကို အိမ်နီးချင်းများ ဂရုမပြုမိဘဲမရှိပါ။ ယေဟောဝါသက်သေများသည် သူတို့၏လမ်းကို ‘အမြဲလာနေ’ သည်ဟူ၍ မလိုလားအပ်သည့် အထင်အမြင်ရှိသွားနိုင်သည်။ ယင်းကို ကျွန်ုပ်တို့ မည်သို့ရှောင်နိုင်သနည်း။

၁၃ ပိုင်းခြားသိမြင်ခြင်းကို သုံးပါ။ လူမတွေ့ခဲ့သည့်အိမ်တစ်အိမ်ကို ပြန်သွားသည့်အခါ ယခု အိမ်တွင် တစ်ဦးဦးရှိနေသည့်လက္ခဏာများရှိသလော။ စာ သို့မဟုတ် လက်ကမ်းကြော်ငြာများ စာပုံးထဲတွင်ရှိနေလျှင် အိမ်တွင် လူမရှိသေးသည့်သဘောသက်ရောက်ပြီး နောက်တစ်ခါ ဤအချိန်တွင်လာလျှင် အကျိုးရှိမည်မဟုတ်ချေ။ ညနေပိုင်းကဲ့သို့သော နေ့ဘက်အချိန်အမျိုးမျိုးတွင် အနည်းငယ်ကြိုးစားမှုများပြုပြီးနောက် လူကိုမတွေ့နိုင်လျှင် အိမ်ရှင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်နိုင်သည်။ ထိုသို့မလုပ်လျှင် ဝေစာ သို့မဟုတ် လက်ကမ်းဝေစာတစ်စောင်ကို အမြော်အမြင်ရှိစွာဖြင့် တံခါးဝတွင်ထားခဲ့နိုင်သည်၊ အထူးသဖြင့် ရပ်ကွက်ကို အတော်အတန်လုပ်ဆောင်ပြီးသည့်အခါဖြစ်သည်။ နောက်တစ်ကြိမ် ရပ်ကွက်ကို အမှုဆောင်သောအခါ ထိုသူနှင့် အဆက်အသွယ်ရကောင်းရနိုင်ပေမည်။

၁၄ အိမ်ရှင်သည် ဆိုးရွားသောရာသီဥတုအခြေအနေအောက်တွင် ရှိမည်ဆိုလျှင် တံခါးဝတွင် စကားကြာကြာပြောခြင်းကို ရှောင်ကြဉ်သင့်သည်။ အထဲသို့ဖိတ်ခေါ်သည့်အခါ ကြမ်းပြင်များကို မညစ်ပေစေရန် ဂရုစိုက်ပါ။ ဟောင်တတ်သည့်ခွေးတစ်ကောင်နှင့်ရင်ဆိုင်ရသောအခါ ကောင်းစွာချင့်ချိန်နိုင်စွမ်းကို သုံးပါ။ အခန်းတွဲအဆောက်အဦများတွင် အမှုဆောင်သည့်အခါ ညင်သာစွာပြောဆိုပြီး အိမ်ငှားများအား အနှောင့်အယှက်ဖြစ်စေကာ သင်ရောက်ရှိကြောင်းကိုအသိပေးသည့် ဆူညံခြင်းကို ရှောင်ပါ။

၁၅ စည်းစနစ်နှင့်ဂုဏ်သိက္ခာ ရှိပါ– ဖွဲ့စည်းစီစဉ်မှုကောင်းရှိခြင်းဖြင့် ရပ်ကွက်တွင် လူများပြီး သိသာသည့် အုပ်စုဖွဲ့စုရုံးခြင်းကို ရှောင်ကြဉ်နိုင်သည်။ အိမ်ရှင်အချို့သည် သူတို့၏အိမ်ရှေ့တွင် ကြေညာသူအုပ်စုကြီးတစ်စုကို တွေ့ရသည့်အခါ စိုးရိမ်ထိတ်လန့်ကြသည်။ ကျွန်ုပ်တို့သည် လူနေရပ်ကွက်များကို “ဝင်ရောက်နှောင့်ယှက်နေ” သည်ဟူ၍ အထင်မခံလိုကြပါ။ လယ်ကွင်းလုပ်ငန်းအတွက်စည်းဝေးတွင် ရပ်ကွက်အမှုဆောင်ခြင်းအစီအစဉ်များကို အကောင်းဆုံးဖြစ်ရန်ပြုလုပ်ထားပါ။ မိသားစုတစ်စုကဲ့သို့သော ကြေညာသူအုပ်စုငယ်များသည် အိမ်ရှင်များကို ပို၍စိုးရိမ်ထိတ်လန့်မှုနည်းစေပြီး ရပ်ကွက်ကို အမှုဆောင်စဉ် ဖွဲ့စည်းစီစဉ်မှု အနည်းငယ်သာလိုစေသည်။

၁၆ စည်းစနစ်ရှိဖို့ မိဘများသည် ရပ်ကွက်တွင်အမှုဆောင်နေစဉ် မိမိတို့သားသမီးများ၏ကျင့်ကြံပြုမူပုံကို ဂရုစိုက်ကြီးကြပ်ပေးရန်ဖြစ်သည်။ ကလေးများသည် အိမ်များသို့ လူကြီးများနှင့်အတူလိုက်သောအခါ အမူအကျင့်ကောင်းသင့်သည်။ ကလေးများအား နေအိမ်တွင်နေထိုင်သူများ သို့မဟုတ် လမ်းသွားလမ်းလာများက အာရုံစိုက်လွန်းသည်အထိ လွတ်လွတ်လပ်လပ် ကစားရန် သို့မဟုတ် လျှောက်သွားရန် ခွင့်မပေးသင့်ချေ။

၁၇ လက်ဖက်ရည်ဆိုင်ထိုင်သည့်ကိစ္စတွင်လည်း မျှတသောအမြင်ရှိဖို့လို၏။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ ဇွန် ၁၉၉၅၊ စာမျက်နှာ ၃ ကဤသို့ဖော်ပြသည်– “လယ်ကွင်းလုပ်ငန်း၌ ကျွန်ုပ်တို့ပါဝင်ရာတွင် လက်ဖက်ရည်ဆိုင်ထိုင်ခြင်းအားဖြင့် တန်ဖိုးရှိအချိန်များစွာကုန်နိုင်သည်။ သို့ရာတွင် ရာသီဥတုအခြေအနေဆိုးရွားသည့်အခါ ခေတ္တရပ်နားလိုက်ခြင်းက အားသစ်အင်သစ်ဖြည့်ပေးပြီး ဆက်အမှုဆောင်နိုင်စေသည်။ သို့သော် များစွာသောသူတို့က ဓမ္မအမှုဆောင်ရွက်ချိန်တွင် လက်ဖက်ရည်ဆိုင်ထိုင်၍ ညီအစ်ကိုများနှင့်ပေါင်းသင်းနေမည့်အစား ဆက်လက်သက်သေခံနေလိုကြသည်။” အားသစ်အင်သစ်ဖြည့်ရန် ခေတ္တရပ်နားခြင်းသည် ကိုယ်ပိုင်ဆုံးဖြတ်ရမည့်ကိစ္စဖြစ်သော်လည်း တစ်ခါတစ်ရံ ညီအစ်ကိုညီအစ်မအုပ်စုကြီးများသည် လက်ဖက်ရည်ဆိုင် သို့မဟုတ် စားသောက်ဆိုင်တွင် တွေ့ဆုံကြကြောင်း သတိပြုမိသည်။ ဝန်ဆောင်မှုအတွက် အချိန်ကုန်သည့်အပြင် လူအုပ်စုတစ်စုရှိနေခြင်းက အခြားဖောက်သည်များအား အထိတ်တလန့်ဖြစ်စေနိုင်၏။ တစ်ခါတစ်ရံ နံနက်ပိုင်းလယ်ကွင်းလုပ်ငန်းအတွေ့အကြုံများကို အော်ကျယ်အော်ကျယ်ဖြင့်ဆွေးနွေးနှီးနှောကြရာ ယင်းက ကျွန်ုပ်တို့၏ဓမ္မအမှု၏ဂုဏ်သိက္ခာကို ယုတ်လျော့စေပြီး ၎င်း၏ထိရောက်မှုကို အားနည်းစေနိုင်သည်။ ကြေညာသူများသည် ပိုင်းခြားသိမြင်ခြင်းဖြင့် တစ်နေရာတည်းတွင် လူများများစုရုံးနေခြင်းနှင့် မလိုအပ်ဘဲ အမှုဆောင်ခြင်းမှ အချိန်ယူခြင်းကို ရှောင်ကြဉ်နိုင်ပါသည်။

၁၈ များစွာသောသူတို့သည် လူတို့အား တွေ့နိုင်သည့်နေရာတိုင်း—လမ်းပေါ်၊ ကားရပ်ရန်နေရာများနှင့် အခြားလူအများရှိရာနေရာများ—တွင်ချဉ်းကပ်ခြင်းဖြင့် ရလဒ်ကောင်းများရရှိခဲ့ကြပြီ။ ဤနေရာများတွင်လည်း ကျွန်ုပ်တို့၏အပြောအားဖြင့်သာမဟုတ်ဘဲ အကျိုးသင့်အကြောင်းသင့်ရှိခြင်းဖြင့် သက်သေခံချက်ကောင်းတစ်ရပ်ကို ကျွန်ုပ်တို့ပေးလိုကြပါသည်။ အသင်းတော်တိုင်းရှိကြေညာသူများသည် စီးပွားရေးဒေသများနှင့် မြေအောက်ရထားလမ်းဝင်ပေါက်များရှိ လမ်းသွားလမ်းလာများ သို့မဟုတ် ၂၄ နာရီအမြဲဖွင့်သော ဓာတ်ဆီဆိုင်များကဲ့သို့သောလုပ်ငန်းဌာနများရှိ အလုပ်သမားများကို စိတ်အနှောင့်အယှက်မဖြစ်စေရန် မိမိတို့၏ရပ်ကွက်နယ်နိမိတ်များကို လေးစားမှုရှိကြောင်း သေချာစေသင့်သည်။ ကျွန်ုပ်တို့၏ဓမ္မအမှုကို စည်းစနစ်တကျနှင့်ဂုဏ်သိက္ခာရှိသောနည်းဖြင့် ထမ်းဆောင်နေကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် အခြားအသင်းတော်၏ အသင်းတော်လုပ်ငန်းတော်ကော်မတီက သူတို့အား အကူအညီပေးရန် အထူးအစီအစဉ်အချို့မပြုလုပ်လျှင် မိမိတို့တာဝန်ရထားသည့်ရပ်ကွက်အတွင်း၌သာ အမှုဆောင်ကြမည်ဖြစ်သည်။—၂ ကောရိန္သု ၁၀:၁၃-၁၅ နှိုင်းယှဉ်။

၁၉ လူအများရှေ့သက်သေခံနိုင်သော ဒေသများစွာရှိသည့် အသင်းတော်အချို့သည် ယင်းဒေသများကို ရပ်ကွက်များအဖြစ် ဖွဲ့စည်းလုပ်ဆောင်ခဲ့ကြပြီ။ ထို့နောက် ရပ်ကွက်ကတ်တစ်ခုကို ကြေညာသူတစ်ဦး သို့မဟုတ် အုပ်စုတစ်ခုကို ထုတ်ပေးထားသည်။ ယင်းက ၁ ကောရိန္သု ၁၄:၄၀ ပါ “ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်းစီရင်ကြလော့” ဟူသောမူနှင့်အညီ ပိုမိုထိရောက်စွာပြီးမြောက်စေပြီး တစ်ချိန်တည်းတွင် ဒေသတစ်ခုတည်း၌ အမှုဆောင်ရာတွင် ကြေညာသူများလွန်းခြင်းမှ ကာကွယ်ပေးသည်။

၂၀ ကျွန်ုပ်တို့တစ်ဦးစီ၏အသွင်အပြင်သည် အစဉ်ပင် ဂုဏ်သိက္ခာရှိကာ ယေဟောဝါ၏နာမတော်ကိုခံယူထားကြသည့် ဓမ္မအမှုဆောင်များကို ကိုယ်စားပြုသင့်သည်။ ကျွန်ုပ်တို့အသုံးပြုသည့် ပစ္စည်းကိရိယာများလည်း ထိုအတိုင်းပင်ဖြစ်၏။ ဟောင်းနွမ်းသောစာအုပ်လွယ်အိတ်များနှင့် စာရွက်ထောင့်စွန်းခေါက်နေသော သို့မဟုတ် ညစ်ပေသောကျမ်းစာအုပ်များသည် နိုင်ငံတော်သတင်း၏တန်ဖိုးကိုလျော့စေသည်။ ဝတ်စားဆင်ယင်မှုက “ဝန်းကျင်ရှိသူတို့အား သင်သည် အဘယ်သူဖြစ်သည်၊ အဘယ်လူစားဖြစ်၍ အစီအစဉ်စနစ်တွင် မည်သည့်အပိုင်းမှ သင်အံဝင်ခွင်ကျဖြစ်နေကြောင်း လူမှုရေးအရ ချက်ချင်းအကဲဖြတ်နိုင်စေသည်” ဟုဆိုသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အသွင်အပြင်သည် ဖြစ်ကတတ်ဆန်းဖိုသီဖတ်သီမဖြစ်သင့်သည်နည်းတူ တန်ဖိုးကြီးတောက်တောက်ပြောင်ပြောင်လည်းမဖြစ်သင့်ဘဲ အစဉ်ပင် ‘သတင်းကောင်းနှင့်အထိုက်အလျောက်ဖြစ်သင့်သည်။’—ဖိ. ၁:၂၇; ၁ တိမောသေ ၂:၉၊ ၁၀ နှိုင်းယှဉ်။

၂၁ ၁ ကောရိန္သု ၉:၂၆ တွင်တမန်တော်ပေါလုက ဤသို့ဖော်ပြသည်– “ငါပြေးသောအခါ အမှတ်တမဲ့ပြေးသည်မဟုတ်။ လက်ပွေ့သတ်သောအခါ အာကာသကောင်းကင်ကိုသာ ထိုး၍သတ်သည်မဟုတ်။” ပေါလုကိုတုပသောအားဖြင့် ကျွန်ုပ်တို့သည် ထိရောက်သော၊ အကျိုးဖြစ်ထွန်းသောဓမ္မအမှုကိုရရှိရန် သန္နိဋ္ဌာန်ချထားကြသည်။ ကျွန်ုပ်တို့သည် ယေဟောဝါ၏မျက်မှောက်ခေတ် “ကျိုင်းကောင်တပ်” ၏တစ်စိတ်တစ်ဒေသအနေနှင့် သက်သေခံခြင်းလုပ်ငန်းတွင် ဇွဲနပဲဖြင့်ပါဝင်ကြစဉ် ကျွန်ုပ်တို့၏ရပ်ကွက်ရှိသူအားလုံးထံ ကယ်တင်ခြင်းသတင်းယူဆောင်ပေးရာ၌ ခရစ်ယာန်အကျိုးသင့်အကြောင်းသင့်ရှိမှုနှင့် ပိုင်းခြားသိမြင်ခြင်းကို အသုံးပြုကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ