၁၉၉၉ ခုနှစ် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှအကျိုးရယူပါ
၁ ယေရှုသည် ကြီးမြတ်သောဆရာဖြစ်၏။ လူတို့သည် “ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။” (မာ. ၁:၂၂) ကျွန်ုပ်တို့တစ်ဦးမျှ ယေရှုကဲ့သို့မဟောပြောမသွန်သင်နိုင်သော်လည်း ကိုယ်တော်ကိုတုပရန် ကြိုးစားနိုင်သည်။ (တ. ၄:၁၃) ထိုသို့ဖြစ်ရန် သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်တွင်ပါဝင်ခြင်းက ကျွန်ုပ်တို့အား ဟောပြောခြင်းနှင့်သွန်သင်ခြင်းစွမ်းရည်များ ဆက်တိုးတက်နေရန် ကူညီပေးမည်ဖြစ်သည်။
၂ ၁၉၉၉ ခုနှစ်တွင် တာဝန်နံပါတ် ၁ သည်အဓိကအားဖြင့် ၁၉၉၇ ခုနှစ်ကင်းမျှော်စင်မှဆောင်းပါးများနှင့် “ကျမ်းစာတစ်ကျမ်းလုံးဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” ကိုအခြေခံမည်ဖြစ်သည်။ ဤအချက်အလက်များကိုကြိုဖတ်ထားပြီး ကျောင်းအစီအစဉ်တွင် ယင်းကိုကြားနာရသည့်အခါ ဝိညာဉ်ရေးရာများအပေါ် ကျွန်ုပ်တို့၏နားလည်မှု များစွာတိုးလာမည်ဖြစ်သည်။ ဤသွန်သင်ဟောပြောချက်များကို တာဝန်ရရှိသူများသည် အကြောင်းအရာအား လက်တွေ့ကျင့်သုံးနိုင်ပုံကို စိတ်ဝင်စားစရာကောင်းပြီး အသက်ပါသောနည်းဖြင့် တင်ဆက်သင့်သည်။ တာဝန်နံပါတ် ၃ နှင့် ၄ သည်မိသားစုဘဝစာအုပ်နှင့် “ဆွေးနွေးရန်ကျမ်းစာအကြောင်းများ” ကိုအခြေခံမည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် တာဝန်များမချမီ အကြောင်းအရာကို အသေအချာသုံးသပ်သင့်သည်။ မိသားစုဘဝစာအုပ်မှအကြောင်းအရာကို တင်ပြရန်တာဝန်ရသောကျောင်းသားအားလုံးသည် သူတို့၏မိသားစုတွင် စံနမူနာကောင်းဖြစ်သင့်သည်။
၃ သွန်သင်ချက်ကိုလက်တွေ့ကျင့်သုံးပါ၊ ကောင်းစွာပြင်ဆင်ပါ– ယောက်တိုင်းသည် ဟောပြောခြင်းနှင့် သွန်သင်ခြင်းနည်းပညာကို ပို၍တိုးတက်အောင်လုပ်နိုင်သည်။ (၁ တိ. ၄:၁၃) ထို့ကြောင့် သွန်သင်ချက်ကိုရယူသင့်ပြီး ယင်းကို ရှောင်ကြဉ်ရမည့်အရာအဖြစ် ဘယ်သောအခါမျှမရှုမြင်သင့်ချေ။ (သု. ၁၂:၁၅; ၁၉:၂၀) အစည်းအဝေးများနှင့် လယ်ကွင်းဓမ္မအမှုတွင် သမ္မာတရားကို ထိရောက်စွာတင်ပြနိုင်ရန် အပေါ်ယံလောက်သာ အကြောင်းအရာကိုပြောပြခြင်း သို့မဟုတ် ကျမ်းချက်များကိုဖတ်ခြင်းထက်မက လိုအပ်သည်။ ကျွန်ုပ်တို့ကိုနားထောင်နေသူများ၏ နှလုံးကိုထိမိ၍ လှုံ့ဆော်မှုဖြစ်စေရန်လိုသည်။ သမ္မာတရားကို ကျွန်ုပ်တို့၏နှလုံးမှ ယုံကြည်စိတ်ချမှုရှိရှိ ဟောပြောခြင်းဖြင့် ယင်းကိုပြုလုပ်နိုင်သည်။ (တမန်တော် ၂:၃၇ နှိုင်းယှဉ်။) ကျောင်းတွင် ကျွန်ုပ်တို့ရရှိသည့်သွန်သင်ချက်သည် ယင်းကိုဖြစ်မြောက်စေရန် ကူညီပေးမည်ဖြစ်သည်။
၄ သင်သည် တာဝန်တစ်ခုကိုရလျှင်ရချင်းကျောင်းလမ်းညွှန်စာအုပ်တွင် ရှင်းပြထားသည့်အတိုင်း သင်လုပ်ဆောင်ရမည့် စကားပြောအရည်အချင်းများကို သုံးသပ်ပါ။ သင် ယခင်ရရှိထားသည့်သွန်သင်ချက်ကို လက်တွေ့ကျင့်သုံးရန် လုပ်ဆောင်ဖို့လိုအပ်ရာများကို သုံးသပ်ပါ။ အဓိကအချက်၊ လိုအပ်လျှင် သင်အသုံးပြုမည့်ဇာတ်အိမ်နှင့် သင်တာဝန်ကျသည့်အကြောင်းအရာပါ ကျမ်းချက်များအား မည်သို့အသုံးချမည်တို့ကို စဉ်းစားဆင်ခြင်ပါ။ သွန်သင်ရန်နှင့် လှုံ့ဆော်ပေးရန် အကြောင်းအရာအား မည်သို့အကောင်းဆုံးအသုံးချမည်ကို သေသေချာချာသုံးသပ်ပါ။—၁ တိ. ၄:၁၅၊ ၁၆။
၅ သင်သည် ကျောင်းတွင်စာရင်းသွင်းခြင်းနှင့်ပတ်သက်၍ စိုးရိမ်နေပါက ယင်းအတွက် ဆုတောင်းကာ သင့်ခံစားချက်များကို ကျောင်းကြီးကြပ်မှူးနှင့်ဆွေးနွေးပါ။ ၁၉၉၉ ခုနှစ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ တင်ဆက်မည့်အစီအစဉ်ကို အပြည့်အဝအသုံးချခြင်းဖြင့် ယောက်တိုင်းအကျိုးခံစားနိုင်ပါသည်။