စကားစမြည်စတင်ပြောဆိုရန် ဝေစာများကိုအသုံးပြုပါ
၁ ထိရောက်စွာသက်သေခံခြင်းဟူသည် စကားစမြည်စတင်ပြောဆိုရန် သင့်အစပြုလုပ်ဆောင်မှုအပေါ် များစွာမူတည်သည်ကို သင်သဘောတူမည်မဟုတ်လော။ စိန်ခေါ်ချက်မှာ လူတစ်ဦး၏စိတ်ဝင်စားမှုကိုဆွဲယူကာ သူ့ကိုပါဝင်ပတ်သက်စေသည့် တစ်စုံတစ်ခုကိုပြောခြင်းဖြစ်သည်။ သို့သော် ယင်းကိုထိရောက်စွာ မည်သို့ပြုလုပ်နိုင်သနည်း။
၂ ကောင်းစွာရွေးချယ်ထားသောစကားလုံးအနည်းငယ်နှင့် ကျွန်ုပ်တို့၏ကျမ်းစာအခြေပြုဝေစာတစ်စောင်ကိုဝေငှခြင်းဖြင့် စကားစမြည်စတင်ပြောဆိုနိုင်ကြောင်း ကြေညာသူများစွာတွေ့ရှိခဲ့ရသည်။ ခေါင်းစဉ်များသည် ဆွဲဆောင်မှုရှိပြီး ရုပ်ပုံများသည် ရောင်စုံဖြစ်ကာ ရှုချင်စဖွယ်ဖြစ်သည်။ ဝေစာတစ်စောင်သည် လူတစ်ဦးအား ဖတ်စရာအကြောင်းအရာများသည်ဟူသောအထင်ဖြင့် စိတ်အနှောင့်အယှက်မဖြစ်စေပါ။ သို့တိုင် ဝေစာများတွင်ပါသည့် လိုရင်းတိုရှင်းသတင်းများသည် အာရုံဖမ်းစားနိုင်စွမ်းရှိကြပြီး ကျမ်းစာသင်အံမှုသို့ဦးတည်ရန် အသုံးပြုနိုင်သည်။
၃ သက်သေခံတစ်ဦးသည် ကိုယ်တိုင်ကိုယ်ကျဤသို့ပင်ခံစားခဲ့ရသည်– “ဒီအလောတကြီးဖြစ်နေတဲ့လောကမှာ လူတွေဟာ စာဖတ်ဖို့ အချိန်များများမပေးချင်ကြဘူး၊ ဒါပေမဲ့ ဝေစာတွေဟာ အရေးကြီးတဲ့သတင်းကိုတင်ပြဖို့ အလောတော်သာရှည်ပြီး မဖတ်ကြည့်မိခင် ပစ်ချလိုက်အောင်လည်း မရှည်လွန်းဘူး။ ဝေစာများစွာကို ကျွန်မဖတ်တယ်၊ နောက်ဆုံးတော့ ကျွန်မသမ္မာတရားရလာတယ်။” ဤပုံနှိပ်သတင်းတိုများတွင်ရှင်းပြထားသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်၏တန်ခိုးကို မည်သည့်အခါမျှအထင်မသေးပါနှင့်။—ဟေဗြဲ ၄:၁၂။
၄ လွယ်ကူသောခြေလှမ်းလေးလှမ်း– ရိုးရိုးကလေးဖြစ်သော ချဉ်းကပ်နည်းတစ်ခုကိုသုံးခြင်းဖြင့် များစွာသောသူတို့ အောင်မြင်မှုရရှိခဲ့ကြပြီ။ (၁) လူတစ်ဦးအား ဝေစာအနည်းငယ်ကိုပြကာ မည်သည့်အရာကို စိတ်ဝင်စားကြောင်း သူ့အားမေးပါ။ (၂) တစ်ခုကိုသူရွေးပြီးနောက် ဝေစာတွင်ပါသောအဓိကအချက်တစ်ချက်ကိုပေါ်လွင်စေသည့် ကောင်းစွာပြင်ဆင်ထားသောမေးခွန်းတစ်ခုကို မေးပါ။ (၃) မေးခွန်းကိုဖြေရာတွင် ဝေစာမှသင့်လျော်သည့်စာပိုဒ်တစ်ပိုဒ် သို့မဟုတ် ကျမ်းချက်တစ်ချက်ကိုဖတ်ပါ။ (၄) တုံ့ပြန်မှုကောင်းရရှိလျှင် ဝေစာတွင်ပါသည့်အချက်အလက်များကို ဆက်ဆွေးနွေးပါ သို့မဟုတ် ထပ်ဆင့်မှတ်ချက်များဖော်ပြပေးသည့် တောင်းဆို ဘရိုရှာပါသင်ခန်းစာတစ်ခု သို့မဟုတ် အသိပညာ စာအုပ်ပါအခန်းတစ်ခန်းကိုညွှန်းပါ။ ဤနည်းဖြင့် သင်သည် ကျမ်းစာသင်အံမှုတစ်ခုသို့ ချက်ချင်းဦးတည်ပေးနိုင်ပေမည်။ အောက်ပါအကြံပြုချက်များသည် ဝေစာလေးစောင်ကိုအသုံးပြုရာတွင် ဘာပြောရမည်ကိုပြင်ဆင်ရာ၌ သင့်ကိုကူညီပေးပါမည်။
၅ “လောကကို အမှန်တကယ် မည်သူအုပ်ချုပ်နေသနည်း” ဟူသောဝေစာခေါင်းစဉ်ကို မေးခွန်းအနေနှင့်မေးနိုင်သည်–
◼ သင်စကားပြောနေသူက “ဘုရားသခင်” သို့မဟုတ် “ကျုပ်မသိဘူး” ဟူ၍ဖြေလျှင် စာမျက်နှာ ၂ ရှိအစဝါကျနှစ်ကြောင်းနှင့် စာမျက်နှာ ၃ ရှိပထမစာပိုဒ်ကို ဖတ်ပြပါ။ ၁ ယောဟန် ၅:၁၉ နှင့် ဗျာဒိတ် ၁၂:၉ ကိုပေါ်လွင်စေပါ။ ထိုသူသည် စာတန်မာရ်နတ်၏တည်ရှိမှုကို သံသယရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လောကအပေါ် ၎င်း၏သြဇာသက်ရောက်မှုကို အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ စကားဆက်ပြောရန် “ကမ္ဘာ့အခြေအနေများမှသဲလွန်စ” ဟူသည့်ခေါင်းစဉ်ငယ်အောက်ရှိ ဆင်ခြင်သုံးသပ်စရာအချက်များကို ဆက်တင်ပြနိုင်သည်။ စိတ်ဝင်စားမှုပြလျှင် ဝေစာစာမျက်နှာ ၃၊ ၄ ပါအချက်များကိုသုံး၍ မာရ်နတ်သည် အဘယ်ကဖြစ်လာခဲ့ကြောင်း ရှင်းပြဖို့ကမ်းလှမ်းပါ။
၆ “ချစ်ရသောသေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်း” ဝေစာသည် လတ်တလောစိတ်ဝင်စားမှုကို ဖြစ်ပေါ်စေနိုင်သည်။ သင်သည် ဤသို့မေး၍ စကားစနိုင်သည်–
◼ “ကျွန်တော်တို့ချစ်ရတဲ့သေဆုံးသွားသူတွေကို ပြန်တွေ့ရဦးမယ်လို့ မိတ်ဆွေထင်သလား။” ထိုသူတုံ့ပြန်ပြီးနောက် ဝေစာစာမျက်နှာ ၄ ရှိဒုတိယစာပိုဒ်ကို ညွှန်ပြကာ ယောဟန် ၅:၂၈၊ ၂၉ ကိုဖတ်ပြပါ။ ထို့နောက် ဝေစာ၌ပါသည့်ပထမခေါင်းစဉ်ငယ်အောက်ရှိ အကြောင်းအရာကိုနားလည်ရန် ၎င်းက ကူညီပေးကြောင်း ရှင်းပြပါ။ ယင်းကို အတူဆွေးနွေးရန် ကမ်းလှမ်းပါ။
၇ “မိသားစုဘဝကိုမွေ့လျော်ခြင်း” ဝေစာသည် မိသားစုများအတွက် နှစ်သက်စရာဖြစ်သည်။ ယင်းကိုသုံး၍ သင် ဤသို့ပြောနိုင်သည်–
◼ “ယနေ့ မိသားစုဟာ အတိုက်အခိုက်ခံနေရတယ်ဆိုတာ မိတ်ဆွေသဘောတူကောင်းတူပါလိမ့်မယ်။ မိသားစုနှောင်ကြိုးကိုခိုင်မြဲဖို့ ဘာလုပ်နိုင်တယ်လို့ မိတ်ဆွေထင်သလဲ။” ထိုသူတုံ့ပြန်ပြီးနောက် စာမျက်နှာ ၆ ရှိပထမစာပိုဒ်ပါအချက်များကို အာရုံစိုက်စေပါ။ ဝေစာစာမျက်နှာ ၄၊ ၅ တွင်ကိုးကားထားသည့် ကျမ်းချက်များမှတစ်ချက်ကိုရွေးကာ ယင်းသည် ဘာကိုဆိုလိုကြောင်းရှင်းပြပါ။ ထို့နောက် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခုကို ကမ်းလှမ်းပါ။
၈ “သမ္မာကျမ်းစာကို သင်စိတ်ချနိုင်သည့်အကြောင်းရင်း” ဝေစာကို ဤတင်ဆက်နည်းဖြင့် သုံးနိုင်သည်–
◼ “သမ္မာကျမ်းစာရဲ့ပထမစာစောင်မှာတွေ့ရတဲ့ ကာဣနနဲ့အာဗေလတို့ရဲ့အဖြစ်အပျက်ကို လူများစွာ ကြားဖူးကြတယ်။ ကမ္ဘာဦးကျမ်းပါမှတ်တမ်းက ကာဣနရဲ့မိန်းမအကြောင်းကိုလည်း ဖော်ပြတယ်။ သူဘယ်ကလာသလဲဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။” အဖြေပေးရန် ဝေစာစာမျက်နှာ ၂ ရှိနောက်ဆုံးစာပိုဒ်ကို အသုံးပြုပါ။ ဝေစာသည် ကျွန်ုပ်တို့အတွက် ရှေ့လျှောက် ဘာအလားအလာရှိသည်နှင့်ပတ်သက်၍ ကျမ်းစာ၏အရေးကြီးသောမှတ်ချက်များကိုလည်း ဆွေးနွေးထားကြောင်း ရှင်းပြပါ။ စာမျက်နှာ ၅ ရှိတတိယအပိုဒ်ဖြင့်စကာ ထောက်ခံသောကျမ်းချက်များကိုသုံး၍ ဆက်ဆွေးနွေးပါ။
၉ ကျမ်းစာဝေစာများကိုဝေငှခြင်းသည် ရေရှည်အကျိုးရှိသော သတင်းကောင်းတင်ဆက်ခြင်းဆိုင်ရာထိရောက်သည့်နည်းဖြစ်သည်။ ယင်းတို့သည် သင်သွားသည့်နေရာတိုင်းသို့ သယ်ဆောင်ရလွယ်ကူသောကြောင့် တစ်အိမ်မှတစ်အိမ်လုပ်ငန်းနှင့် အလွတ်သဘောသက်သေခံသည့်အခါ ယင်းတို့ကို ထိရောက်စွာအသုံးပြုနိုင်သည်။ ဝေစာများသည် ကျွန်ုပ်တို့၏ဓမ္မအမှုကို ကျေပွန်စေရာတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်။ စကားစမြည်စတင်ပြောဆိုရန် ယင်းတို့ကို အမျိုးစုံသယ်ဆောင်ကာ ရက်ရက်ရောရောအသုံးပြုရန် သေချာစေပါ။—ကော. ၄:၁၇။