ယေဟောဝါ၏နှုတ်ကပါဌ်တော်ကိုနေ့စဉ် သုံးသပ်ပါ!
၁ သင့်ယုံကြည်ခြင်းနှင့်စပ်လျဉ်းသည့်စိန်ခေါ်ချက်အသစ်များ နေ့စဉ်ကြုံတွေ့ရသည်။ လောကသားအသိအကျွမ်းတစ်ဦးက သင့်အား ချိန်းတွေ့ဖို့ဖိအားပေးကောင်းပေးမည်။ သင့်ဆရာသည် သင့်အား လောကီလုပ်ငန်းတစ်ခုကို လုပ်ကိုင်စေလိုသည်၊ သို့မဟုတ် သင့်အလုပ်ရှင်သည် သင့်အား အချိန်ပိုကြာရှည်စွာအလုပ်လုပ်စေလိုသည်။ သင့်ကာယကျန်းမာရေးသည် ချို့တဲ့လာပေမည်။ ထိုသို့သောစုံစမ်းခြင်းများကို သင်အချိန်မရွေးကြုံတွေ့ရမည်ဖြစ်သော်လည်း သင်တစ်ဦးတည်းမဟုတ်ပေ။ ယေဟောဝါသည် ယင်းတို့ကိုရင်ဆိုင်ဖြေရှင်းနိုင်ရန် လိုအပ်သည့်ဉာဏ်ပညာကို သင့်အား ပေးဖို့အသင့်ရှိသည်။ ကျမ်းစာကိုစေ့စေ့ကြည့်ရှုခြင်း ပါကျမ်းချက်နှင့်မှတ်ချက်များကို သုံးသပ်ခြင်းသည် ယေဟောဝါ၏နှုတ်ကပါဌ်တော်ကို သင်မှန်မှန်ရရှိနိုင်သည့်နည်းလမ်းတစ်ခုဖြစ်သည်။ ဤပြင်ဆင်ပေးချက်ကို သင်အသုံးချပါသလော။
၂ အကူအညီရရှိနိုင်– ဟေရှာယ ၃၀:၂၀ (ကဘ) က ယေဟောဝါအား အကူအညီအတွက် ဘုရားသခင့်လူများမျှော်ကိုးနိုင်သည့် “မဟာသွန်သင်ရှင်” အဖြစ်ဖော်ပြသည်။ ကိုယ်တော်သည် သင့်ယုံကြည်ခြင်းနှင့်စပ်လျဉ်းသည့် စိန်ခေါ်ချက်များကိုရင်ဆိုင်ရန် သင်လိုအပ်သည့်အရာများကို ဖြည့်စွမ်းပေးသည်။ မည်သို့အားဖြင့်နည်း။ နောက်အခန်းငယ်က ဤသို့ရှင်းပြသည်– “‘ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့’ ဟုသင့်နောက်၌ပြောသောစကားသံကို ကိုယ်နားနှင့်ကြားရလိမ့်မည်။” ယနေ့အချိန်တွင် ယေဟောဝါသည် မိမိ၏ “နှုတ်ကပါဌ်တော်” ကို သမ္မာကျမ်းစာနှင့် ‘သစ္စာရှိသောကျွန်’ မှတစ်ဆင့်ပေးသည်။ (မ. ၂၄:၄၅၊ သမ) ခရစ်ယာန်နေထိုင်မှုကဏ္ဍတိုင်းနီးပါးနှင့်သက်ဆိုင်သည့် ထုတ်ဝေခဲ့ပြီးသော ကင်းမျှော်စင် ဆောင်းပါးများတစ်ခုတည်းတွင် ဉာဏ်ပညာအမြောက်အမြားပါရှိသည်။ ကျမ်းစာကိုစေ့စေ့ကြည့်ရှုခြင်း တွင်ကိုးကားထားသောဆောင်းပါးများကို ပြန်သုံးသပ်ခြင်းသည် စုံစမ်းမှုအမျိုးမျိုးကိုရင်ဆိုင်ကိုင်တွယ်ရာတွင် တန်ဖိုးမဖြတ်နိုင်သော အသိပညာဘဏ္ဍာတိုက်တစ်ခုကို တည်ဆောက်ရန် သင့်ကိုကူညီပေးသည်။—ဟေရှာ. ၄၈:၁၇။
၃ ယင်းအတွက်အချိန်ဖယ်ထားပါ– နံနက်ပိုင်းသည် အလုပ်များသောအချိန်ဖြစ်သော်လည်း မိခင်တစ်ဦးသည် နံနက်စာစားစဉ် သူမ၏သားနှင့်အတူ ကျမ်းချက်နှင့် မှတ်ချက်များကို အမြဲဖတ်ရှုဆွေးနွေးခဲ့သည်။ ဆုတောင်းချက်နှင့်အတူ ယင်းစကားများသည် ကျောင်းမသွားမီ နံနက်တိုင်းသူကြားခဲ့ရသည့် နောက်ဆုံးစကားများဖြစ်သည်။ ယင်းတို့က သူ့အား လိင်ဘက်မြှူဆွယ်မှုကိုတွန်းလှန်ရန်၊ အမျိုးသားရေးဝါဒနှင့်ရင်ဆိုင်ရသည့်အခါ အလျှော့မပေးဘဲရပ်တည်ရန်၊ ကျောင်းသားများနှင့်ဆရာများကို သတ္တိရှိရှိသက်သေခံရန် ခွန်အားရှိစေခဲ့သည်။ သူသည် ကျောင်းတွင် တစ်ဦးတည်းသောသက်သေခံဖြစ်ခဲ့သော်လည်း သူတစ်ဦးတည်းရှိသည်ဟူ၍ မည်သည့်အခါမျှမခံစားခဲ့ရပေ။
၄ ညွှန်ကြားမှုနှင့် လမ်းပြမှုရဖို့အတွက် ယေဟောဝါနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်ကို မျှော်ကိုးပါ။ သင်ထိုသို့ပြုမည်ဆိုလျှင် ကိုယ်တော်သည် ယုံကြည်စိတ်ချရသောမိတ်ဆွေတစ်ဦးကဲ့သို့ သင့်အတွက်အမှန်တကယ်ဖြစ်လာပါလိမ့်မည်။ ကိုယ်တော်ထံ နေ့စဉ် ဦးလှည့်မှီခိုပါ! ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဆွေးနွေးနှီးနှောကြသည့် ကမ္ဘာတစ်ဝန်းရှိ အခြားသူသန်းပေါင်းများစွာနှင့်အတူ သင်၏မျက်စိသည် ‘သင်၏မဟာသွန်သင်ရှင်ကိုမြင်ရသောမျက်စိ’ ဖြစ်လာသည်ကို တွေ့ရှိနိုင်ပါစေ။