“နိုးနိုးကြားကြားရှိကြလော့”
၁ ဤအစီအစဉ်စနစ်၏နောက်ဆုံးနေ့ရက်များကို အမှတ်သညာပြုမည့် အရေးပါသောဖြစ်ရပ်များကို ဖော်ပြပြီးနောက် ယေရှုက မိမိ၏တပည့်တော်များအား “နိုးနိုးကြားကြားရှိကြ” ရန်တိုက်တွန်းခဲ့သည်။ (မာ. ၁၃:၃၃၊ သက) ခရစ်ယာန်များသည် အဘယ်ကြောင့် နိုးနိုးကြားကြားရှိရမည်နည်း။ ကျွန်ုပ်တို့သည် လူ့သမိုင်းတွင် အန္တရာယ်အရှိဆုံးအချိန်၌ အသက်ရှင်နေကြရသောကြောင့်ဖြစ်၏။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ ငိုက်မျဉ်းနေ၍မဖြစ်ပါ။ ယင်းသို့ဖြစ်လျှင် ဤဆုံးခန်းကာလတွင်လုပ်ဆောင်ရန် ကျွန်ုပ်တို့အား ယေဟောဝါပေးအပ်ထားသည့်လုပ်ငန်းကို လေးမြတ်ဖို့ပျက်ကွက်လာပေမည်။ ယင်းလုပ်ငန်းကား အဘယ်နည်း။
၂ ယေဟောဝါသည် မိမိ၏လူမျိုးတော်အား လူသားတို့၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည့် ကိုယ်တော်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်းကောင်းကို မြေကြီးတစ်ပြင်လုံးတွင် ကြေညာစေတော်မူသည်။ ဘုရားသခင်၏အဖွဲ့အစည်းနှင့် အနီးကပ်လုပ်ဆောင်မှုက ကျွန်ုပ်တို့အား အချိန်ကာလနှင့် “ထာဝရအသက်နှင့်ယှဉ်သောစကား” ကိုအခြားသူများကြားဖို့ ကူညီပေးရန်လိုအပ်မှုကို ဂရုပြုသောခရစ်ယာန်စစ်များအဖြစ် ခွဲခြားသိရှိစေသည်။ (ယော. ၆:၆၈) ကျွန်ုပ်တို့သည် အရေးကြီးဆုံးဤလုပ်ငန်းတွင် ထက်သန်စွာပါဝင်ခြင်းအားဖြင့် ဝိညာဉ်ရေးတွင်နိုးကြားနေကြောင်း သက်သေထူကြသည်။
၃ ဟောပြောရန်လှုံ့ဆော်ခံရ– ကျွန်ုပ်တို့သည် ယေဟောဝါ၏သက်သေများအနေနှင့် ကျွန်ုပ်တို့၏ဓမ္မအမှုနှင့်ပတ်သက်၍ အပြုသဘောရှိသင့်သည်။ ဘုရားသခင်နှင့် အိမ်နီးချင်းကိုချစ်သည့်မေတ္တာက ဟောပြောခြင်းလုပ်ငန်းတွင်ပါဝင်ရန် ကျွန်ုပ်တို့တစ်ဦးစီကို လှုံ့ဆော်ပေးသည်။ (၁ ကော. ၉:၁၆၊ ၁၇) ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်ကိုသာမက ကျွန်ုပ်တို့ကိုနားထောင်သူများကိုပါ ကယ်တင်ခြင်းဖြစ်စေပါမည်။ (၁ တိ. ၄:၁၆) လူသားရရှိနိုင်သည့် အကောင်းဆုံးအစိုးရဖြစ်သော ဘုရားသခင့်နိုင်ငံတော်အကြောင်းကို ဟောပြောရန်လိုအပ်နေသရွေ့ အတတ်နိုင်ဆုံးကြိုးစား၍ မှန်မှန်ဟောပြောရန် ကျွန်ုပ်တို့စိတ်ပိုင်းဖြတ်ထားကြစို့!
၄ ဤလုပ်ငန်းတွင် ကျွန်ုပ်တို့ပါဝင်နေကြစဉ် ကြီးစွာသောဒုက္ခဆိုက်ရောက်လာမည်ဟူသော အရေးကြီးသည့်အချက်က ကျွန်ုပ်တို့ဓမ္မအမှု၏အရေးကြီးမှုကို စွဲမှတ်စေသည်။ ကျွန်ုပ်တို့သည် အချိန်နာရီကိုမသိရှိခြင်းကြောင့် ယေဟောဝါကိုဆုတောင်းမှီခိုလျက် အချိန်တိုင်းနိုးကြားကာ အသင့်ရှိနေရန်လိုသည်။ (ဧ. ၆:၁၈) ဟောပြောခြင်းလုပ်ငန်း၏နယ်ပယ်သည် ဆက်၍တိုးချဲ့နေသည်။ သို့သော် များမကြာမီ လူ့သမိုင်းတွင် အကြီးမားဆုံးသက်သေခံခြင်းလုပ်ငန်းသည် အထွတ်အထိပ်သို့ရောက်ရှိပါလိမ့်မည်။
၅ “နိုးနိုးကြားကြားရှိကြလော့” ဟူသောယေရှု၏အမိန့်တော်ကို သစ္စာရှိရှိလိုက်နာပါ။ ယင်းသည် ယခင်ကထက် ယခုပိုအရေးကြီးနေသည်။ ကျွန်ုပ်တို့သည် အရေးတကြီးသဘောထားဖြင့် တုံ့ပြန်နိုင်ပါစေ။ ယနေ့မှစ၍နေ့တိုင်းအစဉ် ယေဟောဝါ၏လုပ်ငန်းတွင် ဝိညာဉ်ရေးအရ တည်ကြည်၊ နိုးကြား၊ တက်ကြွနေကြစို့။ မှန်ပါသည်၊ ကျွန်ုပ်တို့သည် “သမ္မာသတိ [“နိုးနိုးကြားကြား၊” သက] ရှိ၍စောင့်” နိုင်ကြပါစေ။—၁ သက်. ၅:၆။