‘ညွှန်ပြသူမရှိလျှင် မည်သို့နားလည်နိုင်မည်နည်း’
၁ ဧဝံဂေလိဟောပြောသူဖိလိပ္ပုက အဲသယောပိအမတ်အား ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သူဖတ်နေသည့်အရာကို နားလည်ပါသလောဟုမေးသည့်အခါ ထိုသူက “ညွှန်ပြသူမရှိက မည်သို့နားလည်နိုင်မည်နည်း” ဟူ၍ပြန်ဖြေခဲ့သည်။ ဖိလိပ္ပုက ယေရှုနှင့်ပတ်သက်သည့်သတင်းကောင်းကို နားလည်ရန် သူ့အား ဝမ်းမြောက်စွာကူညီခဲ့ရာ ထိုသူသည် ချက်ချင်းပင်နှစ်ခြင်းခံခဲ့သည်။ (တ. ၈:၂၆-၃၈၊ သမ) ဖိလိပ္ပုသည် ‘လူမျိုးတကာတို့ကို တပည့်ဖြစ်စေလျက် ဗတ္တိဇံကိုပေးကာ ဆုံးမသြဝါဒပေးကြလော့’ ဟူသောခရစ်တော်၏အမိန့်ကိုနာခံခဲ့သည်။—မ. ၂၈:၁၉၊ ၂၀။
၂ ဖိလိပ္ပုကဲ့သို့ ကျွန်ုပ်တို့သည် တပည့်ဖြစ်စေကြဟူသောအမိန့်ကို နာခံကြရမည်ဖြစ်သည်။ သို့သော် အဲသယောပိအမတ်ကဲ့သို့ ဝိညာဉ်ရေးမြန်မြန်ဆန်ဆန်တိုးတက်မှုမျိုးကို ကျွန်ုပ်တို့နှင့်ကျမ်းစာလေ့လာသူများတွင် များသောအားဖြင့် မတွေ့ရပါ။ ဂျူးဘာသာဝင်တစ်ဦးဖြစ်သောထိုသူသည် ကျမ်းစာနှင့်အကျွမ်းတဝင်ရှိကာ ခံယူတတ်သောနှလုံးရှိပြီး ယေရှုသည် ကတိထားရာမေရှိယဖြစ်သည်ကို လက်ခံရန်သာလိုသည်။ ကျွန်ုပ်တို့နှင့်လေ့လာနေသူများသည် ကျမ်းစာနှင့်အကျွမ်းတဝင်မရှိ၊ မှားယွင်းသောဘာသာရေးသွန်သင်ချက်များ၏လှည့်ဖြားမှုကိုခံနေရလျှင် သို့မဟုတ် ခက်ခဲသောကိုယ်ရေးကိုယ်တာပြဿနာများနှင့်ဝန်ပိနေလျှင် ယင်းသည် စိန်ခေါ်ချက်ဖြစ်သည်။ ကျမ်းစာသင်သားများအား ဆက်ကပ်အပ်နှံခြင်းနှင့်နှစ်ခြင်းသို့ လမ်းညွှန်ပေးရာတွင် အောင်မြင်မှုရရှိဖို့ မည်သည့်အရာက ကျွန်ုပ်တို့ကိုကူညီပေးမည်နည်း။
၃ ကျမ်းစာသင်သား၏ဝိညာဉ်ရေးလိုအပ်ချက်များကို ပိုင်းခြားသိမြင်ပါ– ဩဂုတ် ၁၉၉၈ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်က တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်ကိုသုံး၍ လူတို့နှင့်ကျွန်ုပ်တို့သင်အံနိုင်သည့် အချိန်အတိုင်းအတာကို ဆွေးနွေးထားသည်။ ၎င်းက ဤလမ်းညွှန်ကိုပေးထားသည်– “သင်သား၏အခြေအနေနှင့်ပါရမီအရ သင်အံမှုနှုန်းကို အကဲဖြတ်ရန်လို၏။ . . . ကျွန်ုပ်တို့သည် မြန်မြန်ဆန်ဆန်ပြီးဖို့အတွက် သင်သား၏ရှင်းလင်းစွာနားလည်သဘောပေါက်မှုကို အဟန့်အတားမဖြစ်စေလိုကြပါ။ သင်သားတိုင်းသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ အသစ်တွေ့ရသောယုံကြည်ခြင်းအတွက် အခြေခံခိုင်ဖို့လိုသည်။” ထို့ကြောင့် ခြောက်လအတွင်းစာအုပ်ကိုပြီးဆုံးရန် ကြိုးစားသည့်သဘောဖြင့် အသိပညာ စာအုပ်ပါအကြောင်းအရာကို အလောတကြီးမသွားသင့်ပါ။ အချို့သူတို့ကို နှစ်ခြင်းခံသည့်အထိတိုးတက်ရန်ကူညီပေးဖို့ ခြောက်လထက်မက လိုကောင်းလိုပေမည်။ သင်သည် တစ်ပတ်ပြီးတစ်ပတ် သင်အံမှုကျင်းပစဉ် သင်သားအား ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သူသင်ယူနေသည့်အရာကို နားလည်လက်ခံရန်ကူညီပေးဖို့ လိုအပ်သမျှအချိန်ကိုသုံးပါ။ အချို့သောအခြေအနေများတွင် အသိပညာ စာအုပ်ပါ အခန်းတစ်ခန်းကိုပြီးရန် နှစ်ပတ် သို့မဟုတ် သုံးပတ်လိုပေမည်။ ယင်းက ညွှန်းထားသည့်ကျမ်းချက်များစွာကို ဖတ်ရှုရန်နှင့်ရှင်းပြရန် အချိန်ရစေမည်ဖြစ်သည်။—ရော. ၁၂:၂။
၄ သို့သော် အသိပညာ စာအုပ်ပြီးသွားသည့်တိုင် သင်သားသည် သမ္မာတရားကို လိပ်ပတ်လည်အောင်နားလည်ဖို့လိုကြောင်း သို့မဟုတ် သမ္မာတရားအတွက်ရပ်တည်ရန်နှင့် သူ၏အသက်တာကို ဘုရားသခင်ထံဆက်ကပ်အပ်နှံရန် အပြည့်အဝလှုံ့ဆော်မှုမခံရသေးကြောင်း သင်တွေ့ရလျှင်ကောအသို့နည်း။ (၁ ကော. ၁၄:၂၀) အသက်လမ်းပေါ်သို့ သူ့အားလမ်းညွှန်ရန် နောက်ထပ်သင်ဘာလုပ်နိုင်သနည်း။—မ. ၇:၁၄။
၅ ကျမ်းစာသင်သား၏ဝိညာဉ်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးပါ– လူတစ်ဦးသည် နှေးကွေးသော်လည်း တိုးတက်နေကြောင်း၊ သူသင်ယူနေသည့်အရာကို လေးမြတ်မှုတိုးပွားနေကြောင်းထင်ရှားလျှင် တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်ကို ပြီးဆုံးသွားသည့်နောက် ဒုတိယစာအုပ်ဖြင့် ကျမ်းစာသင်အံမှုဆက်ပြုလုပ်ပါ။ ကိစ္စရပ်တိုင်းတွင် ယင်းသို့ပြုဖို့လိုမည်မဟုတ်ပါ၊ သို့သော် လိုအပ်သည့်အခါ စစ်မှန်သောငြိမ်းချမ်းရေး စာအုပ်၊ ဝတ်ပြုရေးတွင်တစည်းတလုံးတည်း စာအုပ် သို့မဟုတ် ဘုရားသခင့်နှုတ်ကပါဌ်တော် စာအုပ်ဖြင့် ဆက်၍သင်ပါ။ ၎င်းစာအုပ်များ အသင်းတော်တွင်သိုလှောင်ထားခြင်းမရှိလျှင် ကြေညာသူအများစုတွင် အသုံးပြုဖို့ ကိုယ်ပိုင်စာအုပ်များရှိပါသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော် စာအုပ်ကိုသာ ဘရွတ်ကလင်မှမှာယူနိုင်ပါသည်။ အခြေအနေတိုင်းတွင် တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်ကို ဦးဆုံးသင်မည်ဖြစ်သည်။ သင်သားသည် ဒုတိယစာအုပ်မဆုံးမီ နှစ်ခြင်းခံပြီးဖြစ်သည့်တိုင် ကျမ်းစာသင်အံမှု၊ ပြန်လည်ပတ်မှုနှင့် ဆက်လေ့လာဖို့သုံးသည့်အချိန်ကို ရေတွက်ကာ မှတ်တမ်းသွင်းသင့်သည်။
၆ ယင်းက မကြာသေးမီကနှစ်ခြင်းခံပြီးသော်လည်း စာအုပ်တစ်အုပ်တည်းကိုသာ လေ့လာခဲ့သူများသည် ဒုတိယစာအုပ်ကိုလေ့လာရန် ထပ်ဆင့်အကူအညီကို ယခုရရှိသင့်သည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။ သို့သော် သူတို့သည် မလှုပ်မရှားဖြစ်ခဲ့သည် သို့မဟုတ် သမ္မာတရားတွင် မတိုးတက်ဘဲရှိနေပေမည်၊ ထို့ပြင် သူတို့၏အသက်တာတွင် သမ္မာတရားကို ပိုမိုကျင့်သုံးရန် ပုဂ္ဂိုလ်ရေးအကူအညီလိုသည်ဟု သူတို့ခံစားရပေမည်။ နှစ်ခြင်းခံပြီးသောကြေညာသူတစ်ဦးနှင့် သင်အံမှုပြန်မလုပ်မီ လုပ်ငန်းတော်ကြီးကြပ်မှူးနှင့်တိုင်ပင်သင့်သည်။ သို့သော် ယခင်က အသိပညာ စာအုပ်နှင့်လေ့လာခဲ့ပြီး ဆက်ကပ်အပ်နှံခြင်းနှင့်နှစ်ခြင်းခံသည့်အထိ မည်သည့်အခါမျှမတိုးတက်ခဲ့သူအချို့ကို သိမည်ဆိုလျှင် သူတို့နှင့်ကျမ်းစာသင်အံမှုပြန်စဖို့ သူတို့အလိုရှိမရှိသိရှိရန် သင် အစပြုလုပ်ဆောင်လိုပေမည်။
၇ ကျွန်ုပ်တို့နှင့်လေ့လာနေသည့် စိတ်ဝင်စားသူတစ်ဦးစီကို ရင်းနှီးပြီး ကိုယ်တိုင်ကိုယ်ကျဂရုစိုက်ခြင်းသည် ခရစ်ယာန်မေတ္တာ၏အမှတ်အသားတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့၏ဦးတည်ချက်မှာ သင်သားအား ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကို ပို၍ထိုးထွင်းသိမြင်ရန် ကူညီပေးဖို့ဖြစ်သည်။ သို့ဖြင့် သူသည် သမ္မာတရားအတွက် ပြတ်ပြတ်သားသားပြသရပ်တည်ကာ အပ်နှံခြင်းအထိမ်းအမှတ်အဖြစ် ရေတွင်နှစ်ခြင်းခံခြင်းဖြင့် သူ၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်း တင်ပြနိုင်မည်ဖြစ်သည်။—ဆာ. ၄၀:၈; ဧ. ၃:၁၇-၁၉။
၈ အဲသယောပိအမတ်သည် နှစ်ခြင်းခံပြီးနောက် ဘာဖြစ်ပျက်ခဲ့သည်ကို သင်မှတ်မိသလော။ ယေရှုခရစ်၏တပည့်သစ်တစ်ဦးအနေနှင့် သူသည် “ဝမ်းမြောက်ဝမ်းသာခြင်းနှင့် မိမိသွားရသောလမ်းကိုသွားလေ၏။” (တ. ၈:၃၉၊ ၄၀) ကျွန်ုပ်တို့နှင့် သမ္မာတရားလမ်းတွင် ကျွန်ုပ်တို့အောင်မြင်စွာလမ်းညွှန်ပေးသူများသည် ယေဟောဝါဘုရားသခင်၏အမှုတော်ဆောင်ခြင်းတွင် ကြီးမားသောရွှင်လန်းမှုကို—ယခုနှင့်ထာဝစဉ်—ရနိုင်ကြပါစေ!