အစည်းအဝေးများသည် လူငယ်တို့ကို အကျိုးပြု
၁ ဆယ်ကျော်သက်အမျိုးသမီးငယ်တစ်ဦးက ဤသို့ဆိုသည်– “လူငယ်တွေရဲ့အသက်တာမှာ အခက်ခဲဆုံးအချိန်ရှိတယ်လို့ တစ်ခါတလေကျွန်မတွေးမိတယ်။ ကျွန်မတို့ဟာ မတရားမေထုန်ပြုသူ၊ မူးယစ်ဆေးနဲ့အရက်ယမကာသုံးစွဲတဲ့သူတွေနဲ့ ဝန်းရံခံနေရတယ်။” ထိုသို့သင်ခံစားရသလော။ ခံစားရပါက ဤမကောင်းသောသြဇာများကို တိုက်ဖျက်ရန် သင့်ကို မည်သည့်အရာကကူညီပေးမည်ဟု သင်ထင်သနည်း။ သင်သည် ယုံကြည်ခြင်း၊ ယေဟောဝါ၏နည်းလမ်းတော်များမှန်ကန်မှုအပေါ် ခိုင်မြဲသောယုံကြည်ခြင်းရှိဖို့လိုသည်၊ အကြောင်းမှာ ၎င်းမရှိလျှင် “ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်” သောကြောင့်ဖြစ်၏။ (ဟေဗြဲ ၁၁:၆) အသင်းတော်အစည်းအဝေးများကို တက်ရောက်ခြင်းက မကောင်းမှုကိုရှောင်ကြဉ်ရန်ဟူသော သင်၏ခရစ်ယာန်ခံယူချက်များနှင့် သန္နိဋ္ဌာန်ကို ခိုင်မာစေရန်ကူညီပေးပါမည်။
၂ အစည်းအဝေးများသည် သင့်ကိုပေးစရာများစွာရှိ– ရင်းနှီးသည့်မိတ်ဆွေများနှင့် မြိန်ရှက်သောထမင်းစားပွဲတစ်ခုကို မည်သည့်အရာက ပျော်စရာဖြစ်စေသနည်း။ သက်သောင့်သက်သာရှိသည့် ဝန်းကျင်တစ်ခုတွင် အာဟာရဖြစ်သည့်အစားအစာနှင့် နှစ်လိုဖွယ်ပေါင်းသင်းဆက်ဆံမှုတို့ဖြင့် ပေါင်းစည်းထားခြင်းမဟုတ်ပေလော။ မှန်ပါသည်၊ ကျွန်ုပ်တို့၏အစည်းအဝေးများသည်လည်း ဝိညာဏသဘောအရ ထပ်တူပျော်ရွှင်မှုကိုဖြစ်စေသည်။
၃ နေ့စဉ်ဘဝပြဿနာများကို ကိုင်တွယ်သည့်ကိစ္စများမှအစ စိတ်ဝင်စားစရာကောင်းသော ကျမ်းစာပရောဖက်ပြုချက်များကိုလေ့လာခြင်းအထိ အစည်းအဝေးများတွင် ဆွေးနွေးသည့်အရာများသည် တည်ဆောက်မှုဖြစ်စေသည်။ အကောင်းဆုံးဘဝလမ်းစဉ်အတိုင်း မည်သို့အသက်ရှင်ရမည်နှင့် ကြုံတွေ့ရသည့်စိန်ခေါ်ချက်များကို မည်သို့ရင်ဆိုင်ရမည်တို့ကို သင့်အားသင်ကြားပေးသည့် လက်တွေ့ကျညွှန်ကြားချက်ကို တင်ဆက်ပေးသည်။ အစည်းအဝေးများတွင်တွေ့ရသော အပေါင်းအသင်းများသည် မည်သည့်နည်းဖြင့်မဆို အကောင်းဆုံးဖြစ်ကာ ဝိညာဏဝန်းကျင်သည် နှစ်လိုဖွယ်ဖြစ်ပြီး လုံခြုံမှုရှိသည်။ (ဆာ. ၁၃၃:၁) လူငယ်တစ်ဦးက ဤသို့ဆိုခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ– “တစ်နေကုန်ကျောင်းတက်ရလို့ အားအင်တွေကုန်ခန်းသွားတယ်။ ဒါပေမဲ့ အစည်းအဝေးတွေဟာ နောက်တစ်နေ့ကျောင်းတက်ဖို့ ကျွန်မကိုအားသစ်လောင်းပေးတဲ့ သဲကန္တာရထဲက အိုအေစစ်နဲ့တူတယ်။” နောက်တစ်ဦးက ဤသို့ဆိုသည်– “ယေဟောဝါကိုချစ်တဲ့လူတွေနဲ့ နီးနီးကပ်ကပ်ပေါင်းသင်းခြင်းက ကျွန်မကို ကိုယ်တော်နဲ့နီးကပ်စေတယ်ဆိုတာ ကျွန်မတွေ့ခဲ့ရတယ်။”
၄ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပါဝင်ခြင်းအားဖြင့် သင်သည် ကျမ်းစာဆိုင်ရာအချက်အလက်များကို စုစည်းကာ ယင်းတို့ကို ဟောပြောချက်တစ်ခုဖြစ်စေပြီး နိုင်ငံတော်ခန်းမရှိပရိသတ်ရှေ့ စကားအပြန်အလှန်ပြောဆိုသည့်ပုံစံဖြင့် တင်ဆက်တတ်လာသည်။ အသက်ကိုကယ်တင်သော ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားကို ကျွမ်းကျင်စွာသွန်သင်တတ်ရန် လေ့ကျင့်ခံရခြင်း၏အကျိုးကျေးဇူးကို စဉ်းစားကြည့်ပါ! ထိုသို့သော တန်ဖိုးရှိလေ့ကျင့်မှုကို အခြားမည်သည့်နေရာတွင် လူငယ်တို့ရနိုင်ပါမည်နည်း။
၅ အစည်းအဝေးများမှ အကျိုးကျေးဇူးအများဆုံးရရှိနိုင်ပုံ– အစည်းအဝေးများမှ အကျိုးကျေးဇူးအများဆုံးရရှိရန် ပါဝင်ပတ်သက်သည့် အရေးပါသောအရာသုံးခုရှိ၏။ ၎င်းတို့မှာ ပြင်ဆင်ခြင်း၊ ပါဝင်ခြင်းနှင့် လက်တွေ့အသုံးချခြင်းတို့ဖြစ်သည်။
၆ ၎င်းတို့အတွက်ပြင်ဆင်ပါ– အစည်းအဝေးများအတွက် ပုံမှန်ပြင်ဆင်ရန် အချိန်ဇယားဆွဲပါ။ ကျောင်းစာ၊ အချိန်ပိုင်းအလုပ် သို့မဟုတ် အပန်းဖြေလုပ်ရပ်များက အစည်းအဝေးတစ်ခုစီတွင်ဆွေးနွေးမည့်အကြောင်းအရာကို ကြိုတင်သုံးသပ်ဖို့ သင်လိုအပ်သည့်အချိန်ကို မလုယူစေပါနှင့်။ ယင်းက အလေ့အထကောင်းတစ်ခုရှိရန် ကူညီပေးသည်။ ဦးဆုံး၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းအတွက် ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို အမီလိုက်ပါ။ တာဝန်ပေးထားသည့်အခန်းများကို ဖတ်ရှုသုံးသပ်ရန် နေ့စဉ် မိနစ်အနည်းငယ်သာလို၏။ အသင်းတော်စာအုပ်ကြီးသင်တန်းနှင့် ကင်းမျှော်စင် သင်တန်းအတွက်ပြင်ဆင်ရန် အချိန်သတ်မှတ်ထားပါ။ အချို့က ယင်းကို ထိုအစည်းအဝေးများမတိုင်မီ အနည်းဆုံးတစ်ရက်နှစ်ရက်ကို သတ်မှတ်သည်။ အပတ်စဉ်လုပ်ငန်းတော်စည်းဝေးတွင် စီစဉ်ထားသည့် အပိုင်းများအတွက်လည်း ထိုသို့အတတ်နိုင်ဆုံး လုပ်ဆောင်ပါ။
၇ ၎င်းတို့တွင်ပါဝင်ပါ– သမ္မာကျမ်းစာက အသက် ၁၂ နှစ်အရွယ်တွင် ယေရှုသည် ဗိမာန်တော်၌ နားထောင်ခြင်း၊ မေးခွန်းများမေးခြင်းနှင့် အဖြေများပေးခြင်းတို့ကိုပြုခဲ့ကြောင်းဖော်ပြသည်။ (လု. ၂:၄၆၊ ၄၇) တစ်နည်းအားဖြင့် ကိုယ်တော်သည် လုံးဝပါဝင်ခဲ့သည်။ သင်သည် အစည်းအဝေးများတွင်ပါဝင်ရန် ကြိုးစားအားထုတ်မည်ဆိုလျှင် ၎င်းတို့မှ ပိုမိုအကျိုးခံစားရပါမည်။—သု. ၁၅:၂၃။
၈ သင်သည် အစည်းအဝေးများတွင် သွန်သင်ပေးသည့်အရာကို နိုးကြားစွာအာရုံစိုက်ဖို့လိုသည်။ တစ်ခါတစ်ရံ ဟောပြောချက်ပေးခြင်းထက် နားထောင်ခြင်းကပိုခက်သည်။ အဘယ်ကြောင့်နည်း။ အခြားသူတစ်ဦးစကားပြောနေချိန်တွင် သင့်စိတ်သည် ပျံ့လွင့်နိုင်သောကြောင့်ဖြစ်၏။ ယင်းကို သင် မည်သို့တိုက်ထုတ်ပစ်နိုင်သနည်း။ မှတ်စုများယူခြင်းဖြင့်ဖြစ်သည်။ နောင်တွင်သင်ရည်ညွှန်းလိုသည့် အရေးကြီးသောအချက်များကို မှတ်ထားပါ။ မှတ်စုများယူခြင်းသည် အစီအစဉ်အပေါ် အာရုံစိုက်ရန် သင့်ကိုကူညီပေးပါမည်။ ထို့အပြင် ကျမ်းချက်များကို လိုက်ဖွင့်၍ ဟောပြောသူက ယင်းတို့ကိုဖတ်သည့်အခါ လိုက်ဖတ်ပါ။
၉ ထို့အပြင် အစည်းအဝေးများ၌ အမေးအဖြေဆွေးနွေးခန်းတိုင်းတွင် ပါဝင်ရန်ပန်းတိုင်ထားပါ။ သင်သည် မိမိပြောလိုသည့်အရာကို အသေအချာစဉ်းစားထားလျှင် ပို၍ပင်အကျိုးခံစားရပါမည်။ သုတ္တံ ၁၅:၂၈ က “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာဆင်ခြင်တတ်၏” ဟုဆိုသည်။
၁၀ သင်လေ့လာသိရှိရာကို လက်တွေ့အသုံးချပါ– နောက်ဆုံးအဆင့်မှာ သင်လေ့လာသိရှိသည့်အရာသည် ‘သင်၏အထဲ၌ပြုပြင်’ ပေးကြောင်း သေချာစေရန်ဖြစ်သည်။ (၁ သက်. ၂:၁၃) အစည်းအဝေးတစ်ခုစီတွင် လေ့လာသိရှိသည့် အချက်ကောင်းများကို အသုံးချသည်နှင့်အမျှ သင်သည် ယေဟောဝါဘုရားသခင်နှင့်သာ၍နီးကပ်လာပါမည်။ သင်သည် “သမ္မာတရား၌ ကျင်လည် [“ဆက်၍လျှောက်လှမ်း၊” ကဘ]” ၍ယင်းကို ကိုယ်ပိုင်ဖြစ်စေသည်နှင့်အမျှ ကိုယ်တော်သည် သင့်အတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်ကာ ရွှင်လန်းမှုနှင့်ကျေနပ်မှုများစွာခံစားရပါလိမ့်မည်။—၃ ယော. ၄။
၁၁ ညီအစ်ကိုညီအစ်မငယ်တို့၊ သင်တို့သည် အစည်းအဝေးများအတွက် မှန်မှန် ပြင်ဆင် ၍ ၎င်းတို့တွင် ပါဝင် ကာ လေ့လာသိရှိခဲ့သည့်အရာကို လက်တွေ့အသုံးချ ကြသည်နှင့်အမျှ အစည်းအဝေးများတွင် ပျော်ရွှင်မှုအပြည့်အဝခံစားရပါမည်။ တစ်ချိန်တည်းတွင် ၎င်းတို့မှ သင်တို့ရနိုင်သည့် အကျိုးကျေးဇူးအားလုံးကို ရရှိပါလိမ့်မည်။ သင်တို့၏ကောင်းကင်ခမည်းတော်ယေဟောဝါကို သစ္စာရှိနေရန်ဟူသော သင်တို့၏သန္နိဋ္ဌာန်အတိုင်း သင်တို့၏ယုံကြည်ခြင်းသည် ခိုင်မာလာပါလိမ့်မည်။—ဆာ. ၁၄၅:၁၈။