သေရေးရှင်ရေးကိစ္စဖြစ်နေ!
၁ သမ္မာကျမ်းစာက “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်” စေခြင်းငှာ ယေဟောဝါအလိုတော်ရှိ၏ဟု အတိအလင်းဖော်ပြသည်။ သို့ရာတွင် မြေကြီးသားသန်းပေါင်းများစွာတို့၏ အသက်ရရေးသည် ယေဟောဝါဘုရားသခင်နှင့် ယေရှုခရစ်အုပ်စိုးသည့် ကိုယ်တော့်နိုင်ငံတော်တို့နှင့်ပတ်သက်၍ သူတို့၏သဘောထားအပေါ်လည်း မူတည်နေသည်မှာ အမှန်ပင်။ မှန်ကန်သောသဘောထားသည် “သမ္မာတရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာ” ၌သာ အခြေပြုနိုင်သည်။ (၁ တိ. ၂:၃၊ ၄၊ ကဘ) မကြာမီ ဘုရားသခင့်ဖြောင့်မတ်သောကမ္ဘာသစ်ဖြစ်ပေါ်လာရန် မြေကြီးပေါ်မှ ဆိုးသွမ်းမှုမှန်သမျှအား ရှင်းလင်းသုတ်သင်တော့မည်ကို ဂရုပြုကြစဉ် ကျွန်ုပ်တို့သည် အရေးကြီးသည့် အသက်ကယ်ဆယ်ရေးလုပ်ငန်းကိုလည်း ဆက်လုပ်ဆောင်ရန် တာဝန်ပေးအပ်ခံရကြသည်။—မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀; ရော. ၁၀:၁၃-၁၅။
၂ အဘယ်ကြောင့် ဤမျှအရေးတကြီးဖြစ်။ ယေရှုက ‘ကမ္ဘာဦးမှစ၍ မဖြစ်စဖူးသောကြီးစွာသောဒုက္ခ’ နှင့်ပတ်သက်၍ သတိပေးခဲ့သည်။ (မ. ၂၄:၂၁) ထိုဒုက္ခသည် အာမဂေဒုန်တွင် အထွတ်အထိပ်ရောက်လိမ့်မည်။ (ဗျာ. ၁၆:၁၅) သတင်းကောင်းကို တုံ့ ပြန်ဖို့ပျက်ကွက်လျှင် ဖျက်ဆီးခံရမည်ဖြစ်သောလူအများစုတွင် ကျွန်ုပ်တို့၏မယုံကြည်သူဆွေမျိုးများ၊ အိမ်နီးချင်းများ၊ အလုပ်ဖော်များ၊ ကျောင်းနေဖက်များနှင့် အသိအကျွမ်းများပါဝင်မည်။ သို့သော် ကျွန်ုပ်တို့စိတ်ဝင်စားသည်ကား အားလုံးအတွက် ရွေးနုတ်ဖိုးအဖြစ် မိမိ၏သားတော်ယေရှုခရစ်ကိုပေးခြင်းဖြင့် လူ့လောကတစ်ခုလုံးအပေါ် မေတ္တာပြခဲ့သည့် ဘုရားသခင်ကို တုပသောအားဖြင့် “လူအပေါင်းတို့” ထံရောက်ရှိခြင်းဖြစ်သည်။ (ယော. ၃:၁၆) ကျွန်ုပ်တို့သည် ဘုရားသခင့်လုံခြုံရာအရပ်သို့ပြေးဝင်ရန် လူအားလုံးကိုဖိတ်ခေါ်ဖို့ ဇွဲထက်သန်စွာကြိုးစားကြရမည်။ ဟောပြောခြင်းလုပ်ငန်းကို အပြည့်အဝလုပ်ဆောင်ခြင်းဖြင့် သွေးပြစ်သင့်မှုကို ကျွန်ုပ်တို့ရှောင်ရှားနိုင်သည်။—ယေဇ. ၃၃:၁-၇; ၁ ကော. ၉:၁၆။
၃ ကျွန်ုပ်တို့၏ဦးတည်ချက်ကားအဘယ်နည်း။ ဟောပြောခြင်းလုပ်ငန်း၏အရေးကြီးမှုကို ဘုရားသခင့်နှုတ်ကပါဌ်တော်တစ်လျှောက်လုံးတွင် အလေးပေးဖော်ပြထားသည်။ တမန်တော်ပေါလုဖော်ပြခဲ့သည့်အတိုင်း ဘုရားသခင့်နည်းလမ်းတော်များနှင့်အညီနေထိုင်ရန် “ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုအနိုင်အထက်သွေးဆောင်၏။” (၂ ကော. ၅:၁၅) ထို့အပြင် ကင်းမျှော်စင် က ကျွန်ုပ်တို့၏ဟောပြောခြင်းတာဝန်ကို အလေးပေးတင်ပြလေ့ရှိသည်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု က ဟောပြောခြင်းလုပ်ငန်းကို မည်သို့လုပ်ဆောင်ရမည်နှင့်စပ်လျဉ်း၍ အဆက်မပြတ်ညွှန်ကြားပေးသည်။ အကြီးအကဲများသည် လုပ်ငန်းကို စီစဉ်ဖွဲ့စည်းကာ ယင်းတွင် ပါဝင်ဖို့ ကျွန်ုပ်တို့ကိုအားပေးသည်။ ကြေညာသူချင်းတို့သည် ဓမ္မအမှုတွင် သူတို့နှင့်အတူပါဝင်ရန် ကျွန်ုပ်တို့ကိုဖိတ်ခေါ်သည်။ ကျွန်ုပ်တို့၏တင်ဆက်မှုများကို ပြင်ဆင်ခြင်း၊ မဂ္ဂဇင်းနှင့်အခြားစာပေများဝေငှခြင်း၊ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၊ ကျမ်းစာသင်အံမှုများကျင်းပခြင်းနှင့် သက်သေခံရန် အခွင့်အရေးရသမျှကို အသုံးချခြင်းတို့နှင့်ပတ်သက်၍ များစွာကြားရကြသည်။ ဤအရာအားလုံးက အသက်ကယ်ရန်ဟူသောဦးတည်ချက်ကို ပြီးမြောက်ဖို့ ကျွန်ုပ်တို့ကိုကူညီပေးသည်။—၁ ကော. ၉:၂၂၊ ၂၃; ဧ. ၁:၁၃။