ဝိညာဉ်အစာကို သင်မည်မျှကောင်းစွာစားသုံးသနည်း
၁ ‘စားတတ်လျှင် ကျန်းမာ၊ မစားတတ်လျှင် ချူချာ’ ဟုအဆိုရှိ၏။ မှန်ပါသည်၊ ကျွန်ုပ်တို့၏စားသုံးသည့်အကျင့်များက ကျွန်ုပ်တို့၏ကာယခွန်အားနှင့် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိ၏။ “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည်” ဟုယေရှုမိန့်ဆိုခဲ့သောကြောင့် ကျွန်ုပ်တို့၏ဝိညာဉ်အစာစားသုံးသည့်အကျင့်များသည်လည်း ကျွန်ုပ်တို့အပေါ် ကောင်းကျိုး သို့မဟုတ် ဆိုးကျိုးသက်ရောက်စေသည်။ (မ. ၄:၄) ထို့ကြောင့် သင်သည် ဝိညာဉ်အစာကို မည်မျှကောင်းစွာစားသုံးသနည်း။ သင်သည် အစားအသောက်ဇီဇာကြောင်သူတစ်ဦးလော။ အပြေးအလွှားစာသုံးသလော။ သို့မဟုတ် ဝိညာဉ်အစာကို မှန်မှန်နှင့်မျှမျှတတ၊ အာဟာရရှိရှိသုံးဆောင်ရန် အချိန်ပေးရခြင်းကို သင်ပျော်မွေ့သလော။
၂ သင်၏အစားအစာကိုဆန်းစစ်ပါ– ယေဟောဝါသည် ‘သစ္စာနှင့်သတိပညာရှိသောကျွန်’ မှတစ်ဆင့် ‘အချိန်တန်အစာ’ နှင့် “ခဲဖွယ်စားဖွယ်ပွဲ” ကိုပြင်ဆင်ပေးသည်။ (မ. ၂၄:၄၅; ဟေရှာ. ၂၅:၆) ကျွန်ုပ်တို့သည် ဤမေတ္တာပါသောပြင်ဆင်ချက်များမှ အကျိုးအပြည့်အဝရရှိရန် ဝိညာဉ်အစာကို ကောင်းစွာစားသုံးဖို့ ကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။
၃ သင့်ကိုယ်သင် ဤသို့မေးနိုင်သည်– ‘ငါဟာ နေ့စဉ်ကျမ်းချက်နဲ့မှတ်ချက်တွေကို နေ့စဉ်ဖတ်သလား။ ငါဟာ ကျမ်းစာကို နေ့စဉ်ဖတ်ရှုဆင်ခြင်သလား။ အကြောင်းအရာကို ကြိုတင်လေ့လာခြင်းဖြင့် အသင်းတော်စည်းဝေးများအတွက် ပြင်ဆင်သလား။ ဟေရှာယပရောဖက်ပြုချက်—လူခပ်သိမ်းအတွက်အလင်း ဆိုတဲ့ စာအုပ်တွဲနှစ်ခုစလုံးအပါအဝင် နောက်ဆုံးထုတ်စာပေတွေကို အစကအဆုံးထိ ဖတ်ပြီးပြီလား။’
၄ ယေရှုက “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။ . . . ဖြောင့်မတ်ခြင်းကို ဆာငတ်ခင်မွတ်သောသူများသည် ဝမ်းမြောက်စရာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့” ဟုကတိပြုခဲ့သည်။ (မ. ၅:၃၊ ၆၊ ကဘ) ထို့ကြောင့် သင်၏စိတ်နှင့်နှလုံးကို ဘုရားသခင်အားသိကျွမ်းခြင်းပညာနှင့် ပြည့်နေစေခြင်းဖြင့် ဝိညာဉ်အစာကို ကောင်းစွာစားသုံးပါ။