သင်၏သိမြင်နိုင်စွမ်းကို တိုးပွားစေလော့
၁ ယခုကျွန်ုပ်တို့ကိုယ်တိုင်ရောက်ရှိနေသည့် ဒုက္ခမြားမြောင်လှသောနောက်ဆုံးကာလသည် နေရာအနှံ့ရှိဘုရားသခင့်လူမျိုးအပေါ် အမျိုးမျိုးသောဖိစီးမှုနှင့် ပြင်းထန်သောစမ်းသပ်မှုများကို တိုး၍ကျရောက်စေခဲ့ပြီ။ (၂ တိ. ၃:၁-၅) ကျွန်ုပ်တို့အားလုံး ယုံကြည်ခြင်းတွင် ခိုင်မြဲစွာရပ်တည်ရန် အားပေးမှုလိုအပ်သည်။ (၁ ကော. ၁၆:၁၃) ကျွန်ုပ်တို့သည် ဆက်၍ ကိုယ်တော့်နှုတ်ကပါဌ်တော်ကို မှန်မှန်မှီဝဲပြီး ဝိညာဉ်တော်ကိုအားကိုးကာ ကိုယ်တော့်အဖွဲ့အစည်းနှင့်နီးနီးကပ်ကပ်ရှိနေသည်နှင့်အမျှ ယေဟောဝါ၏အကူအညီဖြင့် ထိုသို့ပြုနိုင်ပါသည်။—ဆာ. ၃၇:၂၈; ရော. ၈:၃၈၊ ၃၉; ဗျာ. ၂:၁၀။
၂ အကြောင်းကောင်းရှိ၍ လွန်ခဲ့သည့်နှစ်အထူးအစည်းအဝေးနေ့အစီအစဉ်၌ “သိနားလည်နိုင်စွမ်းတွင် အရွယ်ရောက်သောသူဖြစ်ကြလော့” ဟူသောအဓိကအချက်ကို အကျယ်တဝင့်တင်ပြခဲ့သည်။ ယင်းကို ၁ ကောရိန္သု ၁၄:၂၀ ပေါ်အခြေခံထားသည်၊ ယင်းတွင် တမန်တော်ပေါလု၏စကားများကို ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “ညီအစ်ကိုတို့၊ သင်တို့သည် ဉာဏ်အရာ၌သူငယ်မဖြစ်ကြနှင့်။ မတရားသောအမှုအရာ၌ နို့စို့သူငယ်ဖြစ်ကြလော့။ ဉာဏ်အရာ၌ အသက်ကြီးသောသူ [“သိနားလည်နိုင်စွမ်းတွင် အရွယ်ရောက်သောသူ၊” ကဘ] ဖြစ်ကြလော့။” အစီအစဉ်နှင့်ပတ်သက်၍ သင်မည်သို့ယူမှတ်ခဲ့သနည်း။
၃ “တကယ့်ကိုအားရှိသွားတယ်!” “အဲဒါဟာ ကျွန်တော်တို့လိုအပ်နေတဲ့အရာပါပဲ!” ယင်းတို့မှာ တုံ့ပြန်မှုများအနက်နှစ်ခုမျှသာဖြစ်၏။ မိမိ၏ ၁၂ နှစ်သမီးနှစ်ခြင်းခံသည်ကိုတွေ့မြင်ရန် အထူးအစည်းအဝေးနေ့တက်ရောက်ခဲ့သည့် သက်သေခံမဟုတ်သူတစ်ဦးပင် အစီအစဉ်ကို သူအလွန်စွဲမှတ်သွားကြောင်း၊ ယင်းက သူ၏မိသားစုအား မည်သို့အကျိုးပြုမည်ကို မြင်ခဲ့ရကြောင်းပြောဆိုသည်။ သင် ထိုသို့ခံစားရသလော။ အစီအစဉ်၏ပေါ်လွင်ချက်အချို့ကို ပြန်သတိရကြစို့။
၄ သိမြင်နိုင်စွမ်းတိုးတက်ရန် တိကျမှန်ကန်သောအသိပညာလိုအပ်– “သင်၏သိနားလည်နိုင်စွမ်းကို ယခုပင် တိုးပွားစေလော့” ဟူသောအဖွင့်ဟောပြောချက်တွင် ဟောပြောသူက ယနေ့စိန်ခေါ်ချက်များကို ရင်ဆိုင်ရန် မည်သည့်အရာလိုအပ်သည်ဟု အလေးထားတင်ပြခဲ့သနည်း။ ဉာဏ်ရည်ထက်မက ပို၍လိုအပ်သည်။ ကျွန်ုပ်တို့ကို အကာအကွယ်မဲ့ဖြစ်စေသည့် မကောင်းမှုမှန်သမျှက အနိုင်ယူသွားမည်ကိုစိုးရိမ်ရသဖြင့် ကျမ်းစာသိနားလည်နိုင်စွမ်းကို ပို၍တိုးပွားစေရမည်ဖြစ်သည်။ ဤသိနားလည်မှုရရှိရန် ဘုရားသခင့်လမ်းညွှန်မှုလိုအပ်သည်။ ဆာလံဆရာကဲ့သို့ပင် ကျွန်ုပ်တို့သည် ကိုယ်တော်၏အမှုတော်ကို စိတ်နှလုံးအကြွင်းမဲ့ထမ်းဆောင်နိုင်ရန် ကိုယ်တော့်ပညတ်တော်များနှင့် သတိပေးချက်များကိုနားလည်ဖို့ ယေဟောဝါထံဆုတောင်းကြရမည်။—ဆာ. ၁၁၉:၁၊ ၂၊ ၃၄။
၅ နောက်အပိုင်းတွင် တိုက်နယ်ကြီးကြပ်မှူးက ယေဟောဝါသည် မိမိ၏နှုတ်ကပါဌ်တော်နှင့် အဖွဲ့အစည်းမှတစ်ဆင့် “သမ္မာကျမ်းစာသိနားလည်မှု၌ အရွယ်ရောက်သောသူဖြစ်လာရန် အကူအညီများ” ကိုစီမံပေးကြောင်း တင်ပြခဲ့သည်။ သိနားလည်ခြင်းကို “ကိစ္စရပ်တစ်ခုအထဲမြင်နိုင်စွမ်းရှိကာ ၎င်း၏အစိတ်အပိုင်းများနှင့် တစ်ခုလုံးစပ်ကြား ဆက်နွှယ်မှုများကိုခြုံငုံမိခြင်းဖြင့် ၎င်း၏ဆိုလိုရင်းကို ပိုင်းခြားသိမြင်ခြင်း” ဟူ၍အနက်ဖွင့်ထားသည်။ ဤစွမ်းရည်တိုးတက်စေရန် မည်သူကူညီပေးနိုင်သနည်း။ ယေဟောဝါသည် ဝိညာဉ်ရေးတိုးတက်စေရန် ကျွန်ုပ်တို့ကိုကူညီပေးဖို့ လူ့အသွင်ဆုလာဘ်များကို ပေးထားသည်။ (ဧ. ၄:၁၁၊ ၁၂) ကိုယ်တော်၏မြေကြီးဆိုင်ရာအဖွဲ့အစည်းက ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နေ့စဉ်ဖတ်ရန်နှင့် အသင်းတော်စည်းဝေးများအားလုံးကို မှန်မှန်တက်ရောက်ရန် ကျွန်ုပ်တို့ကိုတိုက်တွန်းသည်။ (ဆာ. ၁:၂) ကျွန်ုပ်တို့သည် ကိုယ်ပိုင်နှင့် မိသားစုလေ့လာမှုတွင်သာမက အသင်းတော်စည်းဝေးများနှင့် လယ်ကွင်းလုပ်ငန်းအတွက် ပြင်ဆင်ရာတွင် ကျမ်းစာနှင့် ခရစ်ယာန်စာပေများကို မည်သို့အသုံးပြုရမည်ဖြစ်ကြောင်း သွန်သင်ခံရကြသည်။ သင်သည် ဤအစီအစဉ်အားလုံးမှ အကျိုးရယူနေသလော။ မှန်မှန်ကိုယ်ပိုင်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကို သင်ဆက်ထိန်းနေသလော။ လောကရေစီးကြောင်းများ၊ ခေတ်စားရာများ၊ အတွေးအခေါ်ပညာများနှင့် လှည့်ဖြားသောသြဇာများ၏သားကောင်ဖြစ်ခြင်းမှ ကာကွယ်မှုရဖို့ဆိုလျှင် ယင်းသို့ပြုရန်မရှိမဖြစ်လို၏။—ကော. ၂:၆-၈။
၆ ကျွန်ုပ်တို့၏သိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးရမည်– ဧည့်ဟောပြောသူက “သင်၏သိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးခြင်းဖြင့် ဝိညာဉ်ရေးကိုကာကွယ်လော့” ဟူသည့် ၎င်း၏ဦးဆုံးဟောပြောချက်တွင် လောကသားများသည် အမှားအမှန်ကို မခွဲခြားနိုင်ကြောင်း ရှင်းပြခဲ့သည်။ (ဟေရှာ. ၅:၂၀၊ ၂၁) ထိုသို့ဖြစ်ရခြင်းမှာ ဘုရားသခင့်ဖြောင့်မတ်သောစံနှုန်းများကို အသိအမှတ်ပြုရန်နှင့် လိုက်နာရန် ငြင်းပယ်ကြသောကြောင့်ဖြစ်၏။ ယင်းနှင့်ခြားနားလျက် ယေဟောဝါ၏အဖွဲ့အစည်းတွင် ဝိညာဉ်ရေးရာလေ့ကျင့်မှုရခဲ့ကြသည့် ကျွန်ုပ်တို့မူ မိမိတို့၏လုပ်ဆောင်မှုများနှင့် အကျင့်အကြံတို့ကို လမ်းညွှန်ပေးသည့် ဘုရားသခင်၏စံနှုန်းများကို အသိအမှတ်ပြုကြသည်။ သို့ဖြင့် ကျွန်ုပ်တို့သည် ယေဟောဝါ၏မျက်မှောက်တွင် အဘယ်အရာသည် ကောင်းမြတ်၍ နှစ်သက်လက်ခံဖွယ်ဖြစ်ပြီး ကိုယ်တော်၏စုံလင်သောအလိုတော်နှင့်ညီညွတ်ကြောင်း သက်သေထူနိုင်သည့် အနေအထားတွင်ရှိကြသည်။—ရော. ၁၂:၂။
၇ လောက၏ရှုပ်ထွေးပွေလီသောအတွေးအခေါ်နှင့် ဆိုးရွားသောရလဒ်ကိုရှောင်ကြဉ်ရန် ကျွန်ုပ်တို့၏သိမြင်နိုင်စွမ်းကို ဆက်၍လေ့ကျင့်ပေးရမည်။ ယင်းကို မည်သို့ပြီးမြောက်စေနိုင်သနည်း။ ဟေဗြဲ ၅:၁၂-၁၄ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း တမန်တော်ပေါလုက နှုတ်ကပါဌ်တော် “နို့” မျှသာမဟုတ်ဘဲ ထိုထက်ပို၍သုံးဆောင်ဖို့လိုကြောင်း အလေးထားဖော်ပြသည်။ ကျွန်ုပ်တို့သည် အသင်းတော်စာအုပ်ကြီးသင်တန်းတွင် ဗျာဒိတ်ကျမ်းကို လေ့လာရာမှရရှိသည့် ကြေခဲသောဝိညာဏအစာမျိုးလိုအပ်သည်။ ထို့နောက် ကျွန်ုပ်တို့သင်ယူရာကို အသက်တာတွင် မဆိုင်းမတွကျင့်သုံးရမည်။ ထိုသို့ကျွန်ုပ်တို့ကျင့်သုံးသည့်အခါ ယေဟောဝါ၏မူနှင့်စံနှုန်းများ၏ ဖြောင့်မှန်မှုကို ယုံကြည်စိတ်ချလာသည်။ ယင်းက အမှားအမှန်နှစ်ခုစလုံးကို ရှင်းရှင်းလင်းလင်းခွဲခြားသိမြင်ရန် ကျွန်ုပ်တို့၏သိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးသည်။
၈ ဝမ်းနည်းစရာမှာ အချို့သူတို့သည် ဝိညာဉ်ရေးတွင်ယိမ်းယိုင်ခဲ့ကြပြီ။ အဘယ်ကြောင့်နည်း။ သူတို့သည် ယေဟောဝါ၏မျက်မှောက်တွင် ကောင်းမြတ်၊ ဖြောင့်မှန်ရာတို့အပေါ် မိမိတို့အာရုံကို မစူးစိုက်ခဲ့ကြသောကြောင့်ဖြစ်သည်။ ရလဒ်အနေနှင့် သူတို့သည် ကျမ်းစာအရ လက်မခံနိုင်စရာအကြောင်းအရာများပါသည့် ရေဒီယိုနှင့် ရုပ်မြင်သံကြားဆွေးနွေးခန်းများ၊ ယုတ်ညံ့သောတေးဂီတ သို့မဟုတ် ကွန်ပျူတာသတင်း လက်ဆင့်ကမ်းဖြန့်ချိရေးလမ်းကြောင်း (chat rooms) ရှိသြဇာဆိုးများ၏သားကောင်ဖြစ်ခဲ့ကြပြီ။ ကျွန်ုပ်တို့သည် ပညာရှိစွာပြုမူခြင်းဖြင့် စာရိတ္တယိုယွင်းသော၊ မိုက်မဲသော သို့မဟုတ် ဆိုးညစ်သောသူများ၏သြဇာခံဖြစ်ခြင်းကို ရှောင်ကြဉ်ကြမည်ဖြစ်သည်။—သု. ၁၃:၂၀; ဂလ. ၅:၇; ၁ တိ. ၆:၂၀၊ ၂၁။
၉ လူငယ်တို့သည် “ဆိုးညစ်မှုနှင့်စပ်လျဉ်း၍နို့စို့သူငယ်ဖြစ်ရ” မည်– အစီအစဉ်တွင် မိမိတို့၏သိမြင်နိုင်စွမ်းကို တိုးပွားစေရန် လူငယ်များကိုအထူးတိုက်တွန်းထားသည့် အပိုင်းနှစ်ပိုင်းပါသည်။ ဟောပြောသူများက “ဆိုးညစ်မှုနှင့်စပ်လျဉ်း၍နို့စို့သူငယ်ဖြစ်” ခြင်းဟူသည် ယေဟောဝါ၏မျက်မှောက်တွင် မသန့်ရှင်းသောအရာတို့နှင့်စပ်လျဉ်း၍ အတွေ့အကြုံမရှိ၊ တစ်နည်းအားဖြင့် နို့စို့သူငယ်များကဲ့သို့ အပြစ်ကင်းလျက်ရှိနေခြင်းဖြစ်ကြောင်း တင်ပြခဲ့ကြသည်။ (၁ ကော. ၁၄:၂၀၊ ကဘ) ကျွန်ုပ်တို့အားလုံး မကောင်းမှုအမျိုးမျိုး၌ အကာအကွယ်မဲ့ဖြစ်ခြင်းကို တွန်းလှန်၍ ၎င်း၏ကူးစက်ခြင်းမခံရစေရန် မိမိတို့အချိန်အသုံးပြုပုံကို ကြပ်ကြပ်မတ်မတ်ဂရုစိုက်ကြဖို့ အားပေးခံခဲ့ရသည်။ (ဧ. ၅:၁၅-၁၇) ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာများသိနားလည်ခြင်းကို တိုက်ရိုက်မတိုးပွားစေသည့် အကြောင်းအရာများဖတ်ရှုခြင်းတွင် အချိန်မည်မျှအသုံးပြုနေကြောင်း တွက်ချက်ကြရန် အားပေးခံခဲ့ရသည်။ ၎င်းတို့ကို သင်လုပ်ဆောင်ခဲ့သလော။ ရလဒ်များက အဘယ်အရာကိုဖော်ပြသနည်း။ သမ္မာကျမ်းစာကိုနေ့စဉ်ဖတ်ရှုခြင်းအပြင် အဖွဲ့အစည်းကပေးထားသည့် ဖတ်စရာအကြောင်းအရာကို အမီလိုက်ရန် သန္နိဋ္ဌာန်ချထားပါ။ ထိုသို့ပြုခြင်းက “ဉာဏ် [“သိနားလည်မှု၊” ကဘ] ကိုဆည်းပူး” ရန် လူငယ်များအပါအဝင် ကျွန်ုပ်တို့အားလုံးကို ကူညီပေးမည်ဖြစ်သည်။—သု. ၄:၇-၉။
၁၀ “သမ္မာကျမ်းစာမူများကို သိနားလည်မှုဖြင့်ကျင့်သုံးခြင်းမှ အကျိုးခံစားရ”– ယင်းသည် အထူးအစည်းအဝေးနေ့အစီအစဉ်နိဂုံးချုပ်ဟောပြောချက်၏ အဓိကအချက်ဖြစ်သည်။ ဧည့်ဟောပြောသူက ယေဟောဝါသည် လူသားအားလုံးထက် အတိုင်းထက်အလွန်သာလွန်သော အသက်ပေးသိနားလည်မှု၏ ရင်းမြစ်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ယေဟောဝါ၏သိနားလည်မှုကို ထုတ်ယူရသည့် အခွင့်အရေးရထားသည်ကို စဉ်းစားကြည့်ပါ! ကိုယ်တော်သည် ယင်းကို စိတ်ရင်းမှန်ဖြင့်ရှာပြီး ယုံကြည်ခြင်းဖြင့်တောင်းခံသူတို့အား ရက်ရောစွာပေး၏။ (သု. ၂:၃-၅၊ ၉; ၂၈:၅) သင်သည် ကိုယ်တော့်ပေးကမ်းမှုမှ အပြည့်အဝအကျိုးရယူနေသလော။
၁၁ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကိုဖတ်ရှုသည့်အခါ မူများကိုခွဲခြားသိရှိရန်သင်ယူဖို့ အားပေးခံရကြသည်။ (၂ တိ. ၃:၁၆၊ ၁၇) ယေဟောဝါပြောနေသောအရာကို တိကျမှန်ကန်စွာနားလည်ရန် ယင်းတို့ကို ဂရုတစိုက်လေ့လာပါ။ ယင်းမူများကိုတွေးတောဆင်ခြင်ရန် အချိန်ယူကာ သင်၏စိတ်နှလုံးထဲတွင် ယင်းတို့ကိုစွဲမှတ်ထားပါ။ ယင်းက ဘဝ၏ဆုံးဖြတ်ချက်များကိုချသည့်အခါ အောင်မြင်နိုင်ရန် သင်၏သိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးလိမ့်မည်။ (ယောရှု ၁:၈) လူများစွာရင်ဆိုင်ရသည့်အခြေအနေအနည်းငယ်ကို သုံးသပ်ကာ ကျမ်းစာမူများကိုကျင့်သုံးခြင်းက အောင်မြင်မှုရရှိရန် ကျွန်ုပ်တို့ကို မည်သို့ကူညီနိုင်ကြောင်း ကြည့်ကြစို့။
၁၂ ‘တစ်စုံတစ်ခုသော ဝတ်စားဆင်ယင်မှုပုံစံအတိုင်း ငါလိုက်သင့်သလား။’ လောက၏ခေတ်ပေါ်ပုံစံအတိုင်းလိုက်၍ ဝတ်စားဆင်ယင်ခြင်းသည် ပုန်ကန်သည့်စိတ်ဓာတ်ကို ထင်ဟပ်စေလေ့ရှိ၏။ ထိုစိတ်ဓာတ်သည် လူတို့အား ဖြစ်ကတတ်ဆန်းနှင့် မနှစ်မြို့ဖွယ်ဝတ်ဆင်ရန် သို့မဟုတ် လိင်ကိုအသားပေးရန် ဩဇာလွှမ်းမိုးသည်။ အဘယ်ဆက်နွှယ်သောကျမ်းစာမူများက ထိုသို့သောတိမ်းယိမ်းမှုများကို တိုက်ဖျက်ရန် ကျွန်ုပ်တို့ကိုကူညီပေးမည်နည်း။ ကျွန်ုပ်တို့သည် မိမိတို့၏သိမြင်နိုင်စွမ်းကိုလေ့ကျင့်ပေးကာ “ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် . . . ဘုရားသခင်အားရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော [လူတို့] ဆင်သင့်သည်အတိုင်း” ဝတ်ဆင်ရန်ဟူသော ၁ တိမောသေ ၂:၉၊ ၁၀ ပါမူကို ထည့်စဉ်းစားကြမည်ဖြစ်သည်။ အခြားသက်ဆိုင်သည့်မူများတွင် ၂ ကောရိန္သု ၆:၃ နှင့် ကောလောသဲ ၃:၁၈၊ ၂၀ တွင်ဖော်ပြထားသည့်မူများပါဝင်သည်။
၁၃ ‘ငါ့မိသားစုနှောင်ကြိုးခိုင်မြဲဖို့ ငါဘာလုပ်ရမလဲ။’ မိသားစုဝင်များ ဆက်သွယ်မှုကောင်းခြင်းသည် အရေးကြီး၏။ ယာကုပ် ၁:၁၉ ကဤသို့ဆိုသည်– “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက်ထွက်ခြင်းငှာလည်းကောင်း နှေးကြစေ။” မိသားစုဆက်သွယ်မှုသည် နှစ်လမ်းသွားဖြစ်သောကြောင့် မိသားစုတွင် အချင်းချင်းတစ်ဦးကိုတစ်ဦး စကားပြောဆိုရုံသာမက နားထောင်ဖို့လည်းလိုသည်။ ကျွန်ုပ်တို့ပြောဆိုသောစကားသည် မှန်ဦးတော့ ခက်ထန်မာန်ဝင့်ပြီး မညှာမတာပြောဆိုလိုက်မည်ဆိုလျှင် ကောင်းကျိုးထက် ဆိုးကျိုးဘက်ရောက်သွားနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လင်ယောက်ျားဖြစ်စေ၊ ဇနီးသည်ဖြစ်စေ၊ မိဘဖြစ်စေ၊ သားသမီးဖြစ်စေ ကျွန်ုပ်တို့၏အပြောအဆိုသည် “ဆားအားဖြင့်ငန်သောအရသာနှင့် ပြည့်စုံလျက် အစဉ်မပြတ်တင့်တယ်လျောက်ပတ်” နေသင့်သည်။—ကော. ၄:၆။
၁၄ ‘ရုပ်ဝါဒရဲ့လွှမ်းမိုးမှုကို ငါခံနေရသလား။’ ရုပ်ဝါဒသည် လူတစ်ဦး၏ဘဝကို ရှုပ်ထွေးခက်ခဲစေသည့် လောကဖိအားပေးမှုတစ်ရပ်ဖြစ်၏။ ယင်းသည် ပျော်ရွှင်မှုတံခါးကို မဖွင့်ပေးပါ။ (ဒေ. ၅:၁၀; လု. ၁၂:၁၅; ၁ တိ. ၆:၉၊ ၁၀) ရုပ်ဝါဒ၏ကျော့ကွင်းကိုရှောင်နိုင်ရန် ယေရှုက မျက်စိကိုရိုးရှင်းစွာထားပါဟူသော အရေးကြီးသည့်မူကို ကျွန်ုပ်တို့အား သွန်သင်ခဲ့သည်။ မျှတ၊ ရိုးရှင်းသောဘဝဖြင့်အသက်ရှင်ခြင်းတွင် အခြားအရာမှန်သမျှကို ဒုတိယထားကာ နိုင်ငံတော်အကျိုးစီးပွားအပေါ် ကျွန်ုပ်တို့၏မျက်စိကို အာရုံစူးစိုက်ထားခြင်းပါဝင်သည်။—မ. ၆:၂၂၊ ၂၃၊ ၃၃။
၁၅ ကျွန်ုပ်တို့၏ဦးတည်ချက်ဖြစ်သင့်သည့်အရာ– ဆုံးဖြတ်ချက်များချရာ၌ ကျွန်ုပ်တို့ကိုလမ်းညွှန်ရန် ဖြောင့်မတ်သောမူများဆိုင်ရာ ယုံကြည်စိတ်ချရသောရင်းမြစ်ဖြစ်သည့် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ကျွန်ုပ်တို့ရရှိထားသည်။ ကျွန်ုပ်တို့သည် ယင်းမူများကိုသင်ယူရန်၊ တွေးတောဆင်ခြင်ရန်နှင့် မိမိတို့၏အသက်တာတွင် ၎င်းတို့အား မည်သို့ကျင့်သုံးရမည်ကိုနားလည်ရန် လိုသည်။ ဤသို့ ‘အမှန်နှင့်အမှားကိုခွဲခြားသိရှိရန် ကျွန်ုပ်တို့၏သိမြင်နိုင်စွမ်းကိုလေ့ကျင့်’ ပေးခြင်းဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်အကျိုးခံစားရရုံမက ယေဟောဝါအား ဂုဏ်တင်ရာရောက်မည်ဖြစ်သည်။—ဟေဗြဲ ၅:၁၄။