နိုင်ငံတော်ဟောပြောခြင်းသည် အသက်များကိုကယ်တင်ရန်ကူညီပေး!
၁ ယင်းသည် ယခုအချိန်တွင် ကမ္ဘာပေါ်၌ လုပ်ဆောင်လျက်ရှိသည့် အရေးအကြီးဆုံးလုပ်ငန်းဖြစ်၏။ ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နှင့် ကောင်းကင်တမန်မြောက်မြားစွာသည် ယင်းအပေါ် အာရုံစိုက်ခဲ့ကြပြီ။ ယင်းကားအဘယ်နည်း၊ အဘယ်ကြောင့် ထိုသို့ပြုရန်လိုသနည်း။ ယင်းကား နိုင်ငံတော်သတင်းဟောပြောခြင်းဖြစ်ကာ အသက်များကိုကယ်တင်ရန် ကူညီပေးသည်!—ရော. ၁:၁၆; ၁၀:၁၃၊ ၁၄။
၂ ကျွန်ုပ်တို့ဝန်းကျင်ရှိလောကကို တိုးတက်ရန်ကြိုးစားမည်ဆိုလျှင် အခြားသူတို့၏အကျိုးကို ပို၍သယ်ပိုးနိုင်သည်ဟု အချို့သူတို့က ယူမှတ်ကြပေမည်။ အများစုမှာ ငြိမ်းချမ်းရေးရရန်၊ ရောဂါများကုသရန်နှင့် စီးပွားရေးတိုးတက်ရန် ကြိုးစားမှုများဖြင့် လုံးပန်းနေကြသည်။ သို့သော် ဘယ်အရာက လူတို့အား အကူအညီအများဆုံးပေးမည်နည်း။
၃ အလွန်ကောင်းမွန်သည့်လုပ်ငန်း– နိုင်ငံတော်သတင်းတစ်ခုတည်းကသာ ဘဝ၏ရည်ရွယ်ချက်၊ လူသားတို့ဆင်းရဲဒုက္ခခံရသည့်အကြောင်းရင်းနှင့် အနာဂတ်အတွက် တစ်ခုတည်းသော အားထားနိုင်သည့်မျှော်လင့်ချက်ကို ရှင်းပြသည်။ သတင်းကောင်းသည် လူတို့အား ယေဟောဝါ၏မိတ်ဆွေများဖြစ်လာစေနိုင်ကာ ဤသို့ဖြင့် “အဘယ်သူမျှကြံ၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်း” ရရှိစေနိုင်သည်။ (ဖိ. ၄:၇) နိုင်ငံတော်သတင်းတစ်ခုတည်းကသာ ယခုကြုံရသည့် ဘဝပြဿနာများကို ရင်ဆိုင်နိုင်အောင် လူတို့အားကူညီပေးဖို့ လက်တွေ့ကျလမ်းညွှန်မှုပေးကာ ဆိုးညစ်သောလောကကို အနာဂတ်တွင်ဖျက်ဆီးသည့်အခါ မည်သို့ကပ်ကျော်နိုင်ကြောင်း ရှင်းပြသည်။ (၁ ယော. ၂:၁၇) ယင်းကြောင့် နိုင်ငံတော်သတင်းဟောပြောရာ၌ အစွမ်းကုန်မကြိုးစားသင့်ပေလော။
၄ ဥပမာ– မကြာမီကျိုးတော့မည့်ရေကာတာကြောင့် အန္တရာယ်ရှိနေသည့် အိပ်ပျော်နေကြသော ရွာသားများကိုကူညီရန် အကောင်းဆုံးနည်းကား အဘယ်အရာဖြစ်မည်နည်း။ ကျိုးတော့မည့်ရေကာတာ၏နောက်မှရေကို ပက်ထုတ်ခြင်းလော။ ပျက်စီးဖို့ကိန်းဆိုက်နေသည့်ရွာကို အလှဆင်ပေးခြင်းလော။ မဟုတ်ပါ! ရွာသားများကိုနှိုး၍ ဘေးရောက်တော့မည်ဖြစ်ကြောင်းသတိပေးကာ လွတ်မြောက်ရန် ကူညီပေးရမည်ဖြစ်သည်! ယနေ့ ဝိညာဉ်ရေးအရ အိပ်ပျော်နေသူများသည် အလွန်အန္တရာယ်ရှိနေသည်။ (လု. ၂၁:၃၄-၃၆) ဤအစီအစဉ်စနစ်သည် မကြာမီကွယ်ပျောက်မည်ဖြစ်ရာ အတတ်နိုင်ဆုံး အရေးတကြီးဟောပြောရန် ကြိုးစားကြပါစို့!—၂ တိ. ၄:၂; ၂ ပေ. ၃:၁၁၊ ၁၂။
၅ ယင်းလုပ်ငန်းတွင် စွဲမြဲနေပါ– စိတ်ရင်းမှန်ရှိသော နောက်ထပ်လူတို့ထံ—သူတို့၏အိမ်များ၊ လမ်းပေါ်၊ တယ်လီဖုန်းနှင့် အလွတ်သဘောဖြင့်—သတင်းကောင်းရောက်ရှိရန် နည်းလမ်းများရှာကြစို့။ လုပ်ဆောင်ရန် ကျွန်ုပ်တို့အား ယေဟောဝါပေးအပ်ထားသည့်လုပ်ငန်းသည် ကျွန်ုပ်တို့လုပ်နိုင်သမျှအလုပ်တွင် အရေးကြီးဆုံးလုပ်ငန်းဖြစ်၏။ ယင်းကို ဇွဲနပဲဖြင့်လုပ်ဆောင်လျှင် ‘ကျွန်ုပ်တို့နှင့်တကွ ကျွန်ုပ်တို့၏တရားကို ကြားနာရသူအပေါင်းတို့သည် ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။’—၁ တိ. ၄:၁၆၊ သက။