အတူတကွ တညီတညွတ်တည်း ပေါင်းစည်းလျက်နေလော့
၁ ပြောင်မြောက်သော လူ့ခန္ဓာကိုယ်ဒီဇိုင်းနှင့်ပတ်သက်၍ သင် ဘယ်နှစ်ကြိမ်အံ့သြခဲ့ပြီနည်း။ (ဆာ. ၁၃၉:၁၄) ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် အခြားအင်္ဂါများနှင့် အတူပူးပေါင်းလုပ်ဆောင်ကြသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်သည် ခရစ်ယာန်အသင်းတော်ကို အချိတ်အဆက်မိသည့်ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ထားသည်။ ဦးခေါင်းဖြစ်သည့် ယေရှု၏လက်အောက်တွင် အသင်းတော်သားအားလုံးသည် “လိုအပ်ရာများကိုပေးသည့် အဆစ်အပိုင်းအသီးသီးအားဖြင့် အတူတကွ တညီတညွတ်တည်း ပေါင်းစည်းကာ ပူးပေါင်းဆောင်ရွက်” ကြသည်။ (ဧ. ၄:၁၆က၊ ကဘ) ထို့ကြောင့် ယေဟောဝါသည် အံ့ဖွယ်အမှုများ ပြီးမြောက်စေရန် မိမိ၏စည်းလုံးညီညွတ်သောလူမျိုးကို အသုံးပြုနိုင်သည်။
၂ ပထမရာစုအသင်းတော်သားများသည် အချင်းချင်း၏ဝိညာဉ်ရေးနှင့် ကာယရေးလိုအပ်ရာများကို ကြည့်ရှုရာတွင် “တညီတညွတ်တည်း” လုပ်ဆောင်ခဲ့ကြသည်။ (တ. ၂:၄၄-၄၇) ယေဟောဝါ၏ထောက်မမှုဖြင့် သူတို့သည် ပြင်းထန်သောဆန့်ကျင်မှုကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်ကျော်လွှားခဲ့ကြသည်။ (တ. ၄:၂၄-၃၁) သူတို့သည် ရောက်ရှိသည့်နေရာတိုင်းတွင် နိုင်ငံတော်သတင်းကြေညာကာ ထိုအချိန်က သိထားကြသောကမ္ဘာကို သတင်းကောင်းဖြင့် လွှမ်းမိုးပျံ့နှံ့စေခဲ့ကြသည်။ (ကော. ၁:၂၂၊ ၂၃) မျက်မှောက်ခေတ်တွင် ခရစ်ယာန်အသင်းတော်သည် ထိုထက်ကြီးမားသောအတိုင်းအတာဖြင့် အလားတူအရာများကို စည်းလုံးညီညွတ်စွာ ပြီးမြောက်စေခဲ့ကြသည်။ မည်သည့်အရာများက ထိုစည်းလုံးညီညွတ်မှုကို ဖြစ်စေသနည်း။
၃ ဘုရားသခင့်သွန်သင်ချက်အားဖြင့် ပေါင်းစည်း– ကမ္ဘာတစ်ဝန်းတွင် ကျွန်ုပ်တို့၏ဝတ်ပြုရေးသည် ကျွန်ုပ်တို့ကို စည်းလုံးညီညွတ်စေခဲ့သည်။ မည်သို့ဖြစ်နိုင်သနည်း။ ကျွန်ုပ်တို့သည် ဝိညာဏ ‘အချိန်တန်အစာ’ စီမံပေးရန်အတွက် ယေဟောဝါ၏မျက်မြင်ရ ဆက်သွယ်ရေးလမ်းကြောင်းကို အသိအမှတ်ပြုကြသည်။ (မ. ၂၄:၄၅) အသင်းတော်တွင် သွန်သင်သူများအဖြစ် ကိုယ်တော်ပေးထားသည့် “လူ့အသွင်ဆုလာဘ်များ” ကိုလည်း ကျွန်ုပ်တို့အလွန်တန်ဖိုးထားကြသည်။ ကျွန်ုပ်တို့ကို ဝိညာဉ်အစာကျွေးမွေးရန် ယေဟောဝါ၏အစီအစဉ်များကို နှိမ့်ချစွာလက်ခံသည်နှင့်အမျှ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော် သိနားလည်မှုတိုးပွားကာ ကိုယ်တော့်တပည့်များအဖြစ် ယေရှုကိုတုပလိုသည့် သာမန်ဆန္ဒဖြစ်ပေါ်လာသည်။ ကျွန်ုပ်တို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဆက်လေ့လာကာ “ယုံကြည်ခြင်းတွင် တညီတညွတ်တည်းရှိ” ရန်ထက်သန်စွာကြိုးစားနေရမည်။ (ဧ. ၄:၈၊ ၁၁-၁၃၊ ကဘ) သင်သည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းဖြင့် ဝိညာဏစည်းလုံးညီညွတ်မှုကို တိုးမြှင့်ပေးနေသလော။
၄ ခရစ်ယာန်ပေါင်းသင်းမှုအားဖြင့် စည်းလုံး– မေတ္တာသည် ခရစ်ယာန်အစည်းအဝေးများတွင် အနီးကပ်ပေါင်းသင်းရာ၌ ကျွန်ုပ်တို့ကိုပေါင်းစည်းစေ၏။ ဤအစည်းအဝေးများတွင် ကျွန်ုပ်တို့သည် “တစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြ” သည်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) ယင်းတွင် အပြင်ပန်းအသွင်အပြင်ကို ကျော်လွန်၍ကြည့်ခြင်းနှင့် ကျွန်ုပ်တို့၏ညီအစ်ကိုများကို အမှန်တကယ်သိကျွမ်းခြင်း၊ သူတို့အား အဖိုးထိုက်သူများအဖြစ် ယေဟောဝါရှုမြင်သကဲ့သို့ ရှုမြင်ခြင်း တို့ပါဝင်သည်။ (ဟဂ္ဂဲ ၂:၇၊ ကဘ၊ အောက်ခြေမှတ်ချက်။) သူတို့၏ယုံကြည်ခြင်းတင်ပြချက်များကို နားထောင်ပေးသည့်အခါ သူတို့ကိုချစ်သည့် ကျွန်ုပ်တို့၏မေတ္တာသည် သာ၍နက်ရှိုင်းလာကာ ကျွန်ုပ်တို့၏စည်းလုံးညီညွတ်မှုသည် ခိုင်ခံ့လာသည်။ အသင်းတော်အစည်းအဝေးများ မှန်မှန်တက်ရောက်သူတစ်ဦးအဖြစ် သင့်ကိုသိကြသလော။
၅ လယ်ကွင်းရှိ လုပ်ဖော်ဆောင်ဖက်များ– ယုံကြည်သူချင်းတို့နှင့်အတူ သတင်းကောင်းဟောပြောခြင်းသည် ဘုရားသခင့်အလိုတော်ဆောင်ရာတွင် ကျွန်ုပ်တို့ကိုစည်းလုံးစေသည်။ တမန်တော်ပေါလုသည် မိမိ၏ “ဘုရားသခင်နိုင်ငံတော်အတွက် လုပ်ဖော်ဆောင်ဖက်များ” ကိုတန်ဖိုးထားသည်။ (ကော. ၄:၁၁၊ ကဘ) ဓမ္မအမှုတွင်ပါဝင်စဉ် တစ်ဦးကိုတစ်ဦး တွေ့ ကြုံမှုများဝေမျှ၍ အကူအညီပေးခြင်းသည် ကျွန်ုပ်တို့၏ခရစ်ယာန်တာဝန်ကိုပြီးမြောက်စေကာ စည်းလုံးမှုနှောင်ကြိုးကို ခိုင်ခံ့စေသည်။—ကော. ၃:၁၄။
၆ သန့် ရှင်းသောဝိညာဉ်တော်၏ စည်းလုံးစေသောသြဇာ– ကျွန်ုပ်တို့သည် ယေဟောဝါ၏အလိုတော်ကို ကြိုးစားထမ်းဆောင်ကြသောအခါ ကိုယ်တော်သည် ကျွန်ုပ်တို့အား ဝိညာဉ်တော်ပေးတော်မူ၏။ ယင်းက သဘောထားကွဲလွဲမှုများကို ပြေလည်စေရန်နှင့် စည်းလုံးစွာအတူတကွနေထိုင်ရန် ကူညီပေးသည်။ (ဆာ. ၁၃၃:၁) ယင်းက ‘စည်းလုံးစေသောငြိမ်သက်ခြင်းအားဖြင့် ဝိညာဉ်တော်ကပေးသော စည်းလုံးညီညွတ်မှုကို ထိန်းသိမ်း’ ရန် လှုံ့ဆော်ပေးသည်။ (ဧ. ၄:၃၊ သက) ကျွန်ုပ်တို့တစ်ဦးစီသည် အချင်းချင်းဆက်ဆံရာတွင် ဝိညာဉ်အသီးကို ထင်ရှားပြခြင်းဖြင့် ဘုရားသခင့်လူမျိုးတော်အလယ်တွင်ရှိသော တညီတညွတ်တည်းရှိမှုကို တိုးမြှင့်နိုင်သည်။—ဂလ. ၅:၂၂၊ ၂၃။
၇ ခရစ်တော်၏ဦးစီးမှုအောက်တွင် စည်းလုံးစွာအတူတကွအမှုဆောင်ခြင်းသည် “ကိုယ်ခန္ဓာတစ်ခုလုံးကို မေတ္တာတရားအားဖြင့် တည်ဆောက်၍ကြီးပွားစေ” သည်။ (ဧ. ၄:၁၆ခ၊ သက) ထို့အပြင် ယင်းက “ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်” ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေသည်။—ရော. ၁၆:၂၀။