ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် သမ္မာတရားဖြစ်၏
၁။ သမ္မာကျမ်းစာတွင် အဘယ်အရေးပါသောသတင်းအချက်အလက် ပါရှိသနည်း။
၁ “နှုတ်ကပါဌ်တော်၏အနှစ်သာရကား သမ္မာတရားပေတည်း” ဟူ၍ ဆာလံဆရာရေးသားခဲ့သည်။ (ဆာ. ၁၁၉:၁၆၀၊ ကဘ) ယေဟောဝါသည် မိမိ၏မှုတ်သွင်းခံနှုတ်ကပါဌ်တော်အားဖြင့် ဘဝ၏အရေးအကြီးဆုံးမေးခွန်းများအတွက် ကျေနပ်ဖွယ်အဖြေများကို ပေးတော်မူသည်။ ကိုယ်တော်သည် သောကရောက်နေသူများကို နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ပေးတော်မူ၏။ ထို့ပြင် ကိုယ်တော့်ထံ ကျွန်ုပ်တို့ချဉ်းကပ်နိုင်ပုံကိုလည်း ဖော်ပြတော်မူ၏။ “သမ္မာကျမ်းစာမှ သမ္မာတရားကိုသိရှိလာခြင်းက အရမ်းမှောင်မိုက်တဲ့နေရာကနေထွက်လာပြီး ကြည်လင်တောက်ပ၊ နှစ်သက်ဖွယ်ကောင်းတဲ့အခန်းထဲကို ဝင်ရောက်လာရခြင်းနဲ့တူပါတယ်” ဟူ၍ ကျေးဇူးသိတတ်သောအမျိုးသမီးတစ်ဦးကဆိုသည်။ သင်သည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားကို အခွင့်အရေးရတိုင်းဝေမျှရန် ကြိုးစားပါသလော။
၂။ သမ္မာကျမ်းစာသည် လူတို့၏အသက်တာကို မည်သို့တိုးတက်ကောင်းမွန်စေသနည်း။
၂ ပြောင်းလဲပေးနိုင်စွမ်းနှင့် လူခပ်သိမ်းအား ဆွဲဆောင်နိုင်စွမ်း– ကျမ်းစာသမ္မာတရားသည် နှလုံးကိုထိမိစေကာ အသက်တာများကို ပြောင်းလဲပေးနိုင်သည်။ (ဟေဗြဲ ၄:၁၂) ရိုးစာ အမည်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြည့်တန်ဆာလုပ်ငန်းတွင်သာမက အရက်နှင့်မူးယစ်ဆေးဝါးအလွဲသုံးခြင်းတို့တွင်လည်း ပါဝင်လာခဲ့သည်။ “ကျွန်မအကြီးအကျယ်လက်မှိုင်ကျနေတဲ့ နေ့တစ်နေ့မှာ ကျွန်မတို့ရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ သမ္မာကျမ်းစာက ဘယ်လိုအကူအညီပေးနိုင်တယ်ဆိုတာကို သက်သေခံဇနီးမောင်နှံတစ်စုံက ကျွန်မကိုပြောပြတယ်။ အလွန်စိတ်ဝင်စားစရာလို့သိလာတဲ့ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကျွန်မစလေ့လာတယ်။ တစ်လအတွင်းမှာ သန့်စင်လန်းဆန်းတဲ့ ဘဝသစ်တစ်ခုစဖို့ ကျွန်မခွန်အားတွေရလာတယ်။ အခု ကျွန်မဘဝမှာ ရည်ရွယ်ချက်ရှိလာလို့ အရက် ဒါမှမဟုတ် မူးယစ်ဆေးတွေရဲ့ အကူအညီမလိုတော့ဘူး။ ယေဟောဝါရဲ့မိတ်ဆွေဖြစ်ချင်လွန်းလို့ ကိုယ်တော့်စံနှုန်းတွေနဲ့အညီနေထိုင်ဖို့ ကျွန်မစိတ်ပိုင်းဖြတ်လိုက်တယ်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ရဲ့ လက်တွေ့ကျဉာဏ်ပညာကြောင့်သာမဟုတ်ဘူးဆိုရင် ခုလောက်ဆို ကျွန်မကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီးပြီလို့ တပ်အပ်ပြောရဲတယ်” ဟုသူပြောပြသည်။—ဆာ. ၁၁၉:၉၂။
၃။ အခြားသူတို့အား ကျမ်းစာသတင်းတရားဝေမျှရန် အဘယ်ကြောင့်မတွန့်ဆုတ်သင့်သနည်း။
၃ ယနေ့စာအုပ်အများနှင့်မတူဘဲ သမ္မာကျမ်းစာသည် “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ” လူများကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ (ဗျာ. ၇:၉) ဘုရားသခင်၏အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေ” ရန်ဖြစ်သည်။ (၁ တိ. ၂:၄) ထို့ကြောင့် လူတစ်ဦးသည် သူ၏နောက်ခံကြောင့် သတင်းကောင်းကို လက်ခံမည်မဟုတ်ဟူ၍ ကျွန်ုပ်တို့မည်သည့်အခါမျှ မယူမှတ်သင့်ပေ။ ယင်းအစား လူခပ်သိမ်းအား နိုင်ငံတော်သတင်းဝေမျှပါ၊ ဖြစ်နိုင်သည့်အခါတိုင်း ကျမ်းစာကို တိုက်ရိုက်အသုံးပြု၍ ဝေမျှပါ။
၄။ သက်သေခံသည့်အခါ သမ္မာကျမ်းစာကို မည်သို့အသုံးပြုနိုင်သနည်း။
၄ ကျမ်းစာကို အသားပေးပါ– ဓမ္မအမှုတွင် ကျမ်းစာကိုအသုံးပြုရန် အခွင့်အရေးများစွာရှိသည်။ မဂ္ဂဇင်းများကိုတင်ဆက်သည့်အခါ အကြံပြုထားသောတင်ဆက်နည်းတွင် ဖော်ပြထားသောကျမ်းချက်ကို ပါရှိစေရန်ကြိုးစားပါ။ လအတွက်ဝေငှရန်စာပေကို အသုံးပြုသည့်အခါ အသေအချာရွေးချယ်ထားသော ကျမ်းချက်တစ်ချက်ကို နိဒါန်းတွင် ထည့်သွင်းဖတ်ပြခြင်းသည် ထိရောက်ကြောင်း အချို့တွေ့ရှိကြသည်။ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ အိမ်ရှင်အား တိကျမှန်ကန်သောအသိပညာ အဆင့်ဆင့်ရရှိစေရန် တစ်ကြိမ်လျှင် ကျမ်းချက်တစ်ချက် သို့မဟုတ် ထိုထက်မက ဝေမျှပါ။ ကျမ်းစာသင်အံမှုကျင်းပသည့်အခါ အဓိကကျမ်းချက်များကို အာရုံစိုက်ဆွေးနွေးပါ။ လုပ်ရိုးလုပ်စဉ်ဓမ္မအမှုတွင် ပါဝင်နေခြင်းမဟုတ်လျှင် အခွင့်အရေးများပေါ်လာသည့်အခါ အလွတ်သဘောသက်သေခံရန်အသုံးပြုဖို့ ကျမ်းစာအုပ်တစ်အုပ် အဆင်သင့်ရှိသင့်သည်။—၂ တိ. ၂:၁၅။
၅။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် သမ္မာကျမ်းစာကိုအသုံးပြုရန် အဘယ်ကြောင့်ကြိုးစားသင့်သနည်း။
၅ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် သင့်လျော်သည့်အခွင့်အရေးရတိုင်း သမ္မာကျမ်းစာကိုအသုံးပြုခြင်းဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရား၏ လှုံ့ဆော်ပေးသောအစွမ်းမှ အကျိုးခံစားရစေရန် အခြားသူတို့အား ကျွန်ုပ်တို့အကူအညီပေးနိုင်ကြပါစေ။—၁ သက်. ၂:၁၃။