ကျွန်ုပ်တို့၏ဝတ်ပြုရာနေရာကို
ကောင်းမွန်စွာထားကြစို့
၁။ နိုင်ငံတော်ခန်းမသည် အဘယ်ရည်ရွယ်ချက်ကို အထမြောက်စေသနည်း။
၁ ကမ္ဘာတစ်ဝန်းတွင် ယေဟောဝါသက်သေများ၏ အသင်းတော် ၉၄,၀၀၀ ကျော်ရှိ၏။ အသင်းတော်အများစုသည် စင်ကြယ်သောဝတ်ပြုရေး၏ ဒေသခံဗဟိုတစ်ခုအဖြစ်အသုံးပြုသော နိုင်ငံတော်ခန်းမတစ်ခုတွင် ကျမ်းစာလေ့လာရန်နှင့် ခရစ်ယာန်ပေါင်းသင်းမှုအတွက် စုဝေးကြသည်။
၂။ နိုင်ငံတော်ခန်းမသည် သန့်ရှင်း၍ ကြည့်ပျော်ရှုပျော်ဖြစ်နေရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၂ ပုံမှန်စီစဉ်ထားသောသန့်ရှင်းရေး– နိုင်ငံတော်ခန်းမပြုပြင်ထိန်းသိမ်းရေးအလုပ်သည် မြင့်မြတ်သောလုပ်ငန်းတော်၏ အရေးပါသောကဏ္ဍဖြစ်သည်။ ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်၊ စာမျက်နှာ ၆၁-၂ တွင်ဤသို့ဖော်ပြသည်– “နိုင်ငံတော်ခန်းမကို ငွေကြေးဖြင့် ထောက်ပံ့ခြင်းသာမက သန့်ရှင်းသပ်ရပ်စွာ ပြုပြင်မွမ်းမံဖို့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ခြင်းကို အခွင့်အရေးတစ်ရပ်အဖြစ် ညီအစ်ကိုများ ရှုမြင်သင့်သည်။ နိုင်ငံတော်ခန်းမ အတွင်းအပြင် နှစ်ရပ်စလုံးသည် ယေဟောဝါ၏အဖွဲ့အစည်းကို ကောင်းစွာကိုယ်စားပြုသင့်သည်။” အပတ်စဉ် ကြိမ်ဖန်များစွာ အသုံးပြုသော နိုင်ငံတော်ခန်းမတွင် ပုံမှန်သန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းမှုလိုအပ်သည်။ များသောအားဖြင့် နိုင်ငံတော်ခန်းမတွင်စည်းဝေးကြသော အသင်းတော်(များ)မှ စေတနာ့ဝန်ထမ်းများက ဤကိစ္စရပ်များကို ဆောင်ရွက်ကြသည်။ ကျမ်းစာခေတ်ကကဲ့သို့ ယနေ့ ယေဟောဝါ၏ကျေးကျွန်များသည် ကျွန်ုပ်တို့၏ဝတ်ပြုရာနေရာကို “ပြုပြင်” ရာတွင် ဝီရိယရှိသင့်သည်။—၆ ရာ. ၃၄:၁၀။
၃။ နိုင်ငံတော်ခန်းမသန့်ရှင်းရေးကို မည်သို့ဖွဲ့စည်းစီစဉ်သနည်း၊ ဤအခွင့်ထူးတွင် မည်သူများ ပါဝင်ဝင်နိုင်သနည်း။
၃ အပတ်စဉ် နိုင်ငံတော်ခန်းမသန့်ရှင်းရေးအတွက် ဇယားတစ်ခုကို ကြော်ငြာသင်ပုန်းတွင် ကပ်ထားသင့်သည်။ စာအုပ်ကြီးသင်တန်းအုပ်စုအားလုံးသည် လုပ်ဆောင်ရမည့်အရာများ စာရင်းအတိုင်း ခန်းမသန့်ရှင်းရေးကို အပတ်စဉ် အလှည့်ကျပြုလုပ်သင့်သည်။ နိုင်ငံတော်ခန်းမအား သန့်ရှင်း၍ ကြည့်ပျော်ရှုပျော်ဖြစ်စေရန် ထိန်းသိမ်းရသည့် ပတ်စဉ်အခွင့်ထူးတွင် ပါဝင်နိုင်သူအားလုံး ပါဝင်ကြဖို့လိုသည်။ မိဘတို့၏ကြီးကြပ်မှုဖြင့် ကလေးများ ပါဝင်နိုင်သည်၊ ဤသို့ဖြင့် ဤအခွင့်ထူးအတွက် လေးမြတ်မှုပြရန် သူတို့ကိုသင်ပေးနိုင်သည်။ အထူးသဖြင့် နိုင်ငံတော်ခန်းမတစ်ခုကို အသင်းတော်တစ်ခုထက်မက အသုံးပြုသောအခါ ပူးပေါင်းလုပ်ဆောင်မှုကောင်း မရှိမဖြစ်လိုအပ်သည်၊ သို့မှသာ ကျွန်ုပ်တို့ဝတ်ပြုရေး၏ အရေးကြီးသောဤကဏ္ဍကို ထမ်းဆောင်ခြင်းသည် လူအနည်းငယ်၏တာဝန်သာ ဖြစ်မည်မဟုတ်ပေ။
၄။ နိုင်ငံတော်ခန်းမ သန့်ရှင်းရေးလုပ်သောအခါ လုပ်ဆောင်ရမည့်အရာများကို အသင်းတော်သိရှိရန် အဘယ်အရာပြုလုပ်သင့်သနည်း။
၄ လုပ်ဆောင်ရမည့်အရာများ စာရင်းကို ကပ်ထားနိုင်သည်၊ ဖြစ်နိုင်လျှင် သန့်ရှင်းရေးပစ္စည်းများ ထားသည့်နေရာတွင်ဖြစ်သည်။ ဤစာရင်းက ဖုန်စုပ်ခြင်း သို့မဟုတ် တံမြက်စည်းလှည်းခြင်း၊ ပြတင်းပေါက်သန့်ရှင်းရေး၊ ဗီရိုမျက်နှာပြင်များ ဖုန်သုတ်ခြင်း၊ အမှိုက်ပုံးများသွန်ခြင်း၊ ကြမ်းတိုက်ခြင်းနှင့် မှန်များသုတ်ခြင်းအပါအဝင် အပတ်စဉ် လုပ်ဆောင်ရမည့်တာဝန်များကို ရှင်းပြသင့်သည်။ သစ်သားပရိဘောဂများ အရောင်တင်ခြင်း၊ ကုလားထိုင်များ၊ လိုက်ကာများနှင့် လျှပ်စစ်မီးသီးများကို စေ့စပ်စွာသန့်ရှင်းရေးလုပ်ခြင်းကဲ့သို့သော အချို့အလုပ်များသည် အမြဲလုပ်ဖို့လိုမည်မဟုတ်ပေ။ သန့်ရှင်းရေးလုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းအားလုံးကို ကလေးများမမီနိုင်သည့်နေရာတွင် သိမ်းထားကာ အမျိုးအမည်များကို ရှင်းလင်းစွာဖော်ပြထားသင့်သည်။ ဓာတုပစ္စည်းတစ်ခုစီအား အသုံးပြုပုံနှင့်စပ်လျဉ်းသည့် တိုတုတ်သောရှင်းလင်းချက်ကို ဖော်ပြထားသင့်သည်။
၅။ အန္တရာယ်ကင်းရှင်းရေးသည် မည်မျှအရေးကြီးသနည်း၊ အဘယ်အရာများကို အခါအားလျော်စွာ စစ်ဆေးဖို့လိုသနည်း။ (စာမျက်နှာ ၄ ရှိလေးထောင့်ကွက်ကိုရှု။)
၅ နိုင်ငံတော်ခန်းမတွင် အန္တရာယ်ကင်းရှင်းရေးသည် အရေးကြီးဆုံးဖြစ်၏။ (တရား. ၂၂:၈) ဤကိစ္စနှင့်စပ်လျဉ်း၍ စာမျက်နှာ ၄ ရှိလေးထောင့်ကွက်က မတော်တဆထိခိုက်မှုများမဖြစ်စေရန် အခါအားလျော်စွာ စစ်ဆေးရန်လိုအပ်သည့်အရာအချို့ကို ဖော်ပြထားသည်။
၆။ နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသမ်းခြင်းအလုပ်ကို မည်သို့ညှိနှိုင်းဆောင်ရွက်သနည်း။
၆ နိုင်ငံတော်ခန်းမကို ပြုပြင်ထိန်းသိမ်းခြင်း– အကြီးအကဲအဖွဲ့သည် နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းခြင်းကို ကြီးကြပ်ရန်တာဝန်ရှိသည်။ ယေဘုယျအားဖြင့် လုပ်ငန်းကိုညှိနှိုင်းပေးရန် အကြီးအကဲ သို့မဟုတ် ဓမ္မအမှုထမ်းတစ်ဦးကို တာဝန်ပေးသည်။ သူသည် နိုင်ငံတော်ခန်းမကို သန့်ရှင်း၍ အခြေအနေကောင်းမွန်စေရန်နှင့် ပစ္စည်းကိရိယာများ အလုံအလောက်ရှိရန် သေချာစေကာ ခန်းမ၏ နေ့စဉ်လုပ်ငန်းစဉ်ကို စီစဉ်ဆောင်ရွက်သည်။ ခန်းမထဲတွင် သို့မဟုတ် ခြံဝင်းထဲတွင် အန္တရာယ်ရှိသောအခြေအနေများမရှိစေရန် အရေးကြီး၏။ အသင်းတော်နှစ်ခု သို့မဟုတ် ထိုထက်မကသည် ခန်းမတစ်ခုတည်းကို အသုံးပြုသောအခါ အကြီးအကဲအဖွဲ့များသည် အဆောက်အအုံနှင့် ပစ္စည်းများကို ကြည့်ရှုစောင့်ရှောက်ရန် အစီအစဉ်များပြုလုပ်ဖို့ လုပ်ဆောင်မှုကော်မတီကို ခန့်အပ်သည်။ ဤကော်မတီသည် အကြီးအကဲအဖွဲ့များ၏ ညွှန်ကြားမှုအောက်တွင် လုပ်ဆောင်သည်။
၇။ (က) နိုင်ငံတော်ခန်းမကို အခြေအနေကောင်းမွန်နေစေရန် အဘယ်အရာကို နှစ်စဉ်လုပ်ဆောင်သနည်း။ (ခ) အဘယ်အရာများသည် အခါအားလျော်စွာ ဂရုစိုက်မှုလိုသနည်း။ (စာမျက်နှာ ၅ ရှိလေးထောင့်ကွက်ကိုရှု။)
၇ နိုင်ငံတော်ခန်းမအား အသေးစိတ်စစ်ဆေးခြင်းကို နှစ်စဉ်ပြုလုပ်သည်။ အကြီးအကဲများသည် ဂရုပြုဖို့လိုအပ်သောမည်သည့်အရာကိုမဆို စေ့စပ်စွာကြည့်ရှုဆောင်ရွက်ရန် အစီအစဉ်များပြုလုပ်ခြင်းဖြင့် လုပ်ဆောင်ကြသည်။ ပြုပြင်မွမ်းမံမှုများပြုရာတွင် ကူညီပေးကြရန် ကြေညာသူများအား ဖိတ်ခေါ်နိုင်သည်။ အားလုံးသည် အသေးအဖွဲအရာများကိုပင် ဂရုပြုရန် နိုးကြားနေသင့်ကာ အာရုံစိုက်ဖို့လိုအပ်ရာများကို အလျင်အမြန်ဆောင်ရွက်သင့်သည်။
၈။ အကြီးအကဲများသည် ပြုပြင်ထိန်းသိမ်းရေးကိစ္စများနှင့်ပတ်သက်၍ ဒေသန္တရဆောက်လုပ်ရေးကော်မတီနှင့် အဘယ်အခါတွင် ဆက်သွယ်နိုင်သနည်း။
၈ အကြီးအကဲများသည် နိုင်ငံတော်ခန်းမ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် အကြံပြုချက် သို့မဟုတ် အကူအညီလိုအပ်သည်ဟု ယူမှတ်လျှင် ဒေသန္တရဆောက်လုပ်ရေးကော်မတီရှိပါက ဆက်သွယ်နိုင်သည်။ ယင်းတွင် ကော်ဇောများကို ကြည့်ရှုထိန်းသိမ်းခြင်း၊ အပူနှင့် လေအေးပေးစက်များကို စစ်ဆေးခြင်းနှင့် အဆောက်အအုံရှိ စိုထိုင်းသောပြဿနာများကို ဖြေရှင်းခြင်း စသည့်ကိစ္စရပ်များ ပါဝင်နိုင်သည်။
၉။ ဒေသခံကန်ထရိုက်တစ်ဦးကိုငှားရမ်းဖို့ လိုအပ်လျှင် အဘယ်လုပ်ထုံးလုပ်နည်းကို လိုက်နာသင့်သနည်း။
၉ အသင်းတော်ရန်ပုံငွေများကို ပညာရှိစွာသုံးစွဲခြင်း– နိုင်ငံတော်ခန်းမနှင့် ယင်း၏ခြံဝင်းတို့နှင့်ဆိုင်သည့် လုပ်ငန်းအများစုကို စေတနာ့ဝန်ထမ်းများက လုပ်ဆောင်ကြသည်။ သူတို့၏အနစ်နာခံကြိုးစားမှုများသည် မေတ္တာပြသမှုကောင်းတစ်ရပ်ဖြစ်ကာ အကုန်အကျသက်သာရန် များစွာအထောက်အကူပြုသည်။ လုပ်ငန်းအချို့ကိုလုပ်ဆောင်ရန် ဒေသခံကန်ထရိုက်တစ်ဦးအား ငှားရမ်းဖို့လိုအပ်လျှင် အကြီးအကဲများသည် အသင့်လျော်ဆုံးဈေးနှုန်းကိုရရှိရန် ကြိုးစားသင့်သည်။ သူတို့သည် အသင်းတော်ကိုတင်ပြရန် ရေးသားဖော်ပြထားသည့် ကုန်ကျငွေခန့်မှန်းခြေကို ရရှိထားသင့်သည်။ (နိုင်ငံတော်ခန်းမသည် ဌာနခွဲပိုင်ဖြစ်လျှင် ခွင့်ပြုချက်ရရှိရန် ကုန်ကျငွေခန့်မှန်းခြေကို ဌာနခွဲသို့တင်ပြသင့်သည်။)
၁၀။ အသင်းတော်ရန်ပုံငွေများကို တော်မှန်စွာသုံးစွဲကြောင်း သေချာစေရန် အဘယ်အရာကို လုပ်ဆောင်သနည်း။
၁၀ အကြီးအကဲများသည် ရနိုင်မည်ဆိုလျှင် ပစ္စည်းခွန်နှင့် ကုန်ရောင်းခွန် ကင်းလွတ်ခွင့်များရရှိရန်လည်း သင့်လျော်သလိုဆောင်ရွက်ကြသည်။ နိုင်ငံတော်ခန်းမကို အသင်းတော်တစ်ခုထက်မက အသုံးပြုသောအခါ လုပ်ဆောင်မှုကော်မတီသည် သီးခြားဘဏ်စာရင်းရှင်တစ်ခုဖွင့်ထားကာ အကြီးအကဲအဖွဲ့တစ်ဖွဲ့စီအား လစဉ် ငွေကြေးအစီရင်ခံစာများကို ပေးထားပါမည်၊ သို့ဖြင့် ရန်ပုံငွေများကို သုံးစွဲနေပုံနှင့်စပ်လျဉ်း၍ အကြီးအကဲများက အကြံပြုနိုင်မည်ဖြစ်သည်။ အကြီးအကဲများသည် အသင်းတော်ရန်ပုံငွေများကို တော်မှန်စွာသုံးစွဲရေးအတွက် တာဝန်ရှိသည်။
၁၁။ ကြီးမားသောပြုပြင်မွမ်းမံမှု လိုအပ်မည်ဆိုလျှင် အဘယ်အရာပြုလုပ်သင့်သနည်း။
၁၁ ကြီးမားသောပြုပြင်မွမ်းမံမှု– လုပ်ဆောင်မှုကော်မတီက နိုင်ငံတော်ခန်းမသည် ကြီးမားသောပြုပြင်မွမ်းမံမှု လိုအပ်ကြောင်း သတိပြုမိလျှင် ညွှန်ကြားမှုရရှိရန် ယင်းကိစ္စကို အကြီးအကဲအဖွဲ့များအား တင်ပြသည်။ ကြီးမားသောပြုပြင်မွမ်းမံမှု လိုအပ်မည် သို့မဟုတ် နိုင်ငံတော်ခန်းမတွင် စည်းဝေးကြသည့် အသင်းတော်(များ)ပြင်ပမှ အကူအညီကိုလိုအပ်မည်ဟု ဆုံးဖြတ်လျှင် အကြီးအကဲများသည် ဒေသန္တရဆောက်လုပ်ရေးကော်မတီရှိပါက သူတို့နှင့် ဆက်သွယ်ကြသည်။ အရည်အချင်းရှိပြီး အတွေ့အကြုံရှိသော ဤညီအစ်ကိုများက လက်တွေ့ကျ အကြံပြုချက်များပေးကာ လုပ်ငန်းကိုညွှန်ကြားရာတွင် ကြီးကြပ်ပေးသည်။ အကုန်အကျများမည်ဆိုလျှင် တိကျသည့်ကုန်ကျစရိတ် ခန့်မှန်းခြေများရရှိရန်နှင့် အသင်းတော်သဘောတူညီမှုအတွက် ဆုံးဖြတ်ချက်တစ်ခုပြင်ဆင်ရန် လိုအပ်ပေမည်။—ဖေဖော်ဝါရီ ၁၉၉၄ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာကိုရှု။
၁၂။ ကျွန်ုပ်တို့သည် နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများတက်ရသောအခွင့်ထူးကို တန်ဖိုးထားကြောင်း မည်သို့တင်ပြနိုင်သနည်း။
၁၂ နိုင်ငံတော်ခန်းမတွင် အတူတကွစည်းဝေးရသည့်အခွင့်ထူးကို ကျွန်ုပ်တို့ များစွာတန်ဖိုးထားကြသည်! ကျွန်ုပ်တို့သည် မည်သည့်အခါမျှ အစည်းအဝေးများကို လျစ်လျူရှုကာ ပေါ့ပေါ့တန်တန် သဘောထားလိုကြမည်မဟုတ်ပေ။ နိုင်ငံတော်ခန်းမကို ကြည့်ရှုထိန်းသိမ်းရာတွင် အပြည့်အဝပါဝင်ခြင်းဖြင့် ကျွန်ုပ်တို့ကိုအားရှိစေသည့် ဤအစီအစဉ်အောင်မြင်ရေးတွင် အားလုံးပါဝင်နိုင်ပါသည်။ ယင်းက စင်ကြယ်သောဝတ်ပြုရေးကို ထင်ရှားစေကာ ယေဟောဝါ၏နာမတော်ကို ဂုဏ်တက်စေသည်။ ကျွန်ုပ်တို့၏ဝတ်ပြုရာနေရာကို ကောင်းမွန်စွာထားရန် သန္နိဋ္ဌာန်ချကြစို့။
[စာမျက်နှာ ၄ ရှိလေးထောင့်ကွက်]
အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်စာရင်း
◻ မီးသတ်ဘူးများကို အလွယ်တကူ လက်လှမ်းမီသည့်နေရာတွင်ထားကာ နှစ်စဉ် စစ်ဆေးသင့်သည်။
◻ ထွက်ပေါက်နှင့် လှေကားများကို သိသာစွာအမှတ်အသားလုပ်ထား၍ အလင်းကောင်းစွာရရှိစေကာ အလွယ်တကူ အသုံးပြုနိုင်သင့်သည်၊ လက်ရန်းများ ခိုင်ခံ့သင့်သည်။
◻ သိုလှောင်ခန်းများနှင့် အိမ်သာများသည် သန့်ရှင်းသပ်ရပ်ကာ အလွန်မီးလောင်လွယ်သောပစ္စည်းများ၊ ကိုယ်ပိုင်ပစ္စည်းများနှင့် အမှိုက်သရိုက်များ မရှိသင့်ပေ။
◻ အမိုးနှင့် ရေတံလျှောက်များကို ပုံမှန်စစ်ဆေးကာ သန့်ရှင်းရေးပြုလုပ်သင့်သည်။
◻ လူသွားစင်္ကြံများနှင့် ကားရပ်ရန်နေရာသည် အလင်းရောင်ရရှိကာ ချော်ခြင်း သို့မဟုတ် လဲကျခြင်းဖြစ်စေနိုင်သည့် အခြေအနေများနှင့်ကင်းဝေးနေရမည်။
◻ လျှပ်စစ်၊ အပူပေးနှင့် လေဝင်လေထွက်စနစ်များကို စစ်ဆေးကာ သင့်လျော်စွာ ပြုပြင်ထိန်းသိမ်းသင့်သည်။
◻ ကြီးလေးသည့် စိုထိုင်းသောပြဿနာများကို တားဆီးရန် မည်သည့် ယိုစိမ့်ပေါက်ကိုမဆို အမြန်ပြုပြင်သင့်သည်။
◻ အဆောက်အအုံတွင် လူတစ်ယောက်မျှမရှိသည့်အခါ သော့ခတ်ထားသင့်သည်။
[စာမျက်နှာ ၅ ရှိလေးထောင့်ကွက်]
အဆောက်အအုံနှင့် ပစ္စည်းများကို ဂရုစိုက်ပါ
◻ အပြင်– ခေါင်မိုး၊ အနားအုပ်၊ ဆေးသား၊ ပြတင်းပေါက်များနှင့် နိုင်ငံတော်ခန်းမဆိုင်းဘုတ်တို့သည် အခြေအနေကောင်းသလော
◻ ခြံဝင်း– ခြံဝင်းကို ကောင်းစွာထိန်းသိမ်းသလော။ လူသွားစင်္ကြံ၊ ခြံစည်းရိုးနှင့် ကားရပ်ရန်နေရာတို့သည် အခြေအနေကောင်းသလော
◻ အတွင်း– ကော်ဇောအခင်း၊ ကန့်လန့်ကာ၊ ကုလားထိုင်၊ အသေတပ်ဆင်ထားသည့်ပစ္စည်းများ၊ နံရံဆေးသားနှင့် စာအုပ်စာတမ်းဗီရိုများသည် ကြည့်ပျော်ရှုပျော်ရှိသလော
◻ ပစ္စည်းကိရိယာများ– မီးချောင်း၊ အသံချဲ့စက်၊ အပူပေးစနစ်၊ လေဝင်လေထွက်နှင့် လေအေးပေးစနစ်တို့သည် ကောင်းစွာအလုပ်လုပ်သလော
◻ အိမ်သာများ– ယင်းတို့သည် သန့်ရှင်းကာ အခြေအနေကောင်းသလော
◻ အသင်းတော်စာရွက်စာတမ်းများ– အသင်းအဖွဲ့အစည်း သို့မဟုတ် ယုံမှတ်အပ်နှံခြင်းဆိုင်ရာ စာရွက်စာတမ်းများသည် နောက်ဆုံးပေါ်အချက်များနှင့်ညီကာ တိကျမှန်ကန်မှုရှိသလော။ လိုအပ်လျှင် ပစ္စည်းအခွန်ကင်းလွတ်ခွင့်ပုံစံများကို နှစ်စဉ် ဖိုင်တွဲထားသလော