“နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့”
၁။ ဘုရားသခင့်နာမတော်အား တညီတညွတ်တည်းချီးမြှောက်ရန် အဘယ်အခွင့်အရေးကို ကျွန်ုပ်တို့ ရရှိကြမည်နည်း၊ ကြိုတင်ပြင်ဆင်ရာတွင် ယခု အဘယ်အရာပြုလုပ်နိုင်သနည်း။
၁ “ငါနှင့်အတူ ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုချီးမွမ်းကြလော့။ နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ကြကုန်အံ့။” (ဆာ. ၃၄:၃) လာမည့် “ဘုရားသခင်နှင့်အတူ လျှောက်လှမ်းလော့” ခရိုင်စည်းဝေးကြီးက အသင်းတော်များစွာမှ ကျွန်ုပ်တို့၏ညီအစ်ကို၊ ညီအစ်မများနှင့်အတူ ယေဟောဝါ၏နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်ခွင့်ရရှိစေမည်။ တည်းခိုရန် နေရာ၊ သယ်ယူပို့ဆောင်ရေးနှင့် လောကီလုပ်ငန်းမှခွင့်ရက်ယူရန်တို့ကို စီစဉ်ထားပြီလော။ ဤအရာများကို ကောင်းစွာကြိုတင်စီစဉ်ထားခြင်းသည် ပညာရှိရာရောက်၏။—သု. ၂၁:၅။
၂။ စည်းဝေးကြီးနေရာသို့ စောစောရောက်လာရန် စီစဉ်ခြင်းသည် အဘယ်ကြောင့် အကျိုးရှိသနည်း။
၂ စည်းဝေးကြီးနေရာတွင် ရောက်ရှိနေခြင်း– စည်းဝေးကြီးတစ်ခုကို တက်ရောက်သည့်အခါ ဂရုစိုက်ရမည့်အရာများစွာရှိ၏။ စောစောလာခြင်းက မမျှော်လင့်သောကြန့်ကြာမှုများကို ကိုင်တွယ်နိုင်စေမည်ဖြစ်ကာ အဖွင့်သီချင်းနှင့် ဆုတောင်းချက်တွင် စိုးလ်အကြွင်းမဲ့ပါဝင်ရန် မိမိတို့၏ထိုင်ခုံများတွင် အချိန်မီရောက်ရှိစေနိုင်ပါမည်။ (ဆာ. ၆၉:၃၀) အစီအစဉ်မစတင်မီ မိနစ်အနည်းငယ်တွင် သဘာပတိသည် ပဏာမ နိုင်ငံတော်တေးသံသာကို ဖွင့်ထားစဉ် စင်မြင့်ပေါ်တွင်ထိုင်နေပါမည်။ ထိုအချိန်တွင် မိမိတို့၏ထိုင်ခုံများ၌ အားလုံးထိုင်နေသင့်သည်၊ သို့မှသာ အစီအစဉ်ကို သိက္ခာရှိရှိ၊ စနစ်တကျ စတင်နိုင်မည်ဖြစ်သည်။—၁ ကော. ၁၄:၃၃၊ ၄၀။
၃။ ထိုင်ခုံများရှာသည့်အခါ အခြားသူများကို စာနာထောက်ထားကြောင်း မည်သို့တင်ပြနိုင်သနည်း။
၃ ဘုရားသခင့်နှုတ်ကပါဌ်တော်က “ခပ်သိမ်းသောအမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့်ဆောင်ရွက်ကြ” ရန်သတိပေး၏။ (၁ ကော. ၁၆:၁၄) နံနက် ၈:၀၀ နာရီတွင် တံခါးများဖွင့်သည့်အခါ အခြားသူများကို စာနာထောက်ထားလျှင် အပြေးအလွှား၊ အလုအယက်၊ တိုးဝှေ့၍ အခြားသူများထက်အလျင် မိမိတို့စိတ်ကြိုက်ထိုင်ခုံများရရှိရန် ကြိုးစားမည်မဟုတ်ချေ။ “သင်နှင့်အတူ ကားတစ်စီးတည်းစီးလာသူများ သို့မဟုတ် သင်နှင့်အတူ တစ်အိမ်တည်းနေသူများအတွက်သာ ထိုင်ခုံများဦးထားနိုင်သည်။”—၁ ကော. ၁၃:၅; ဖိ. ၂:၄။
၄။ နေ့လယ်ခေတ္တရပ်နားချိန်အတွက် အစီအစဉ်များကား အဘယ်နည်း၊ ယင်းသည် မည်သို့အကျိုးရှိသနည်း။
၄ နေ့လယ်ခေတ္တရပ်နားချိန်တွင် စည်းဝေးကြီးနေရာမှ အပြင်ထွက်ကာ အစားအစာသွားဝယ်စားမည့်အစား ကျေးဇူးပြု၍ နေ့လယ်စာယူလာပါ။ ယင်းက အားလုံးနှင့် တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းမှု ရရှိစေကာ မွန်းလွဲပိုင်းအစီအစဉ်စသည့်အခါ ရှိနေစေမည်ဖြစ်သည်။ လိုအပ်လျှင် ထိုင်ခုံအောက်တွင်ထားနိုင်သော အစာထည့်သည့်ဘူးငယ်တစ်ခုကို အသုံးပြုနိုင်သည်။ မိသားစုပျော်ပွဲစားထွက်သည့်အခါ အသုံးပြုသော အစာထည့်သည့်ပုံးသေတ္တာ၊ ဖန်ခွက်နှင့် အရက်ယမကာများကို စည်းဝေးကြီးအဆောက်အအုံထဲသို့ ယူလာခွင့်မပြုပါ။
၅။ ရရှိမည့်သွန်သင်ချက်အတွက် ကျွန်ုပ်တို့၏နှလုံးကို မည်သို့အသင့်ပြင်ဆင်နိုင်သနည်း။
၅ ဝိညာဏစားပွဲကြီးတစ်ခုက အသင့်စောင့်ကြိုနေ– ဘုရင်ယောရှဖတ်သည် “မှန်သောဘုရားသခင်ကိုရှာရန် [သူ၏] နှလုံးကို အသင့်ပြင်ဆင်” ခဲ့သည်။ (၆ ရာ. ၁၉:၃၊ ကဘ) စည်းဝေးကြီးမတိုင်မီ ကျွန်ုပ်တို့၏နှလုံးကို မည်သို့ အသင့်ပြင်ဆင်နိုင်သနည်း။ မေ ၂၂ နှင့် ဇွန် ၈ ရက်ထုတ် နိုးလော့! [လိပ်] ၏နောက်ကျောစာမျက်နှာပါ ဆောင်းပါးများသည် တည်ခင်းကျွေးမွေးမည့် ဝိညာဏစားပွဲကြီးအကြောင်းကို အကြိုသုံးသပ်ထား၏။ ထိုဆောင်းပါးများကို အချိန်ယူသုံးသပ်ကာ ကျွန်ုပ်တို့အတွက် ယေဟောဝါသိုမှီးထားရာများကို မျှော်လင့်စောင့်စားနေပါ။ ကျွန်ုပ်တို့၏နှလုံးကို အသင့်ပြင်ဆင်ခြင်းတွင် ကျွန်ုပ်တို့ရရှိကာ လက်တွေ့ကျင့်သုံးမည့် သွန်သင်ချက်ကို သဘောပေါက်ရန် ယေဟောဝါထံ အကူအညီတောင်းခံခြင်းလည်း ပါဝင်သည်။—ဆာ. ၂၅:၄၊ ၅။
၆။ ကျွန်ုပ်တို့၏ဆန္ဒကား အဘယ်နည်း၊ အဘယ်ကြောင့် ထိုဆန္ဒရှိကြသနည်း။
၆ ကျွန်ုပ်တို့အားလုံးသည် ကယ်တင်ခြင်းအလိုငှာ ဘုရားသခင့်နှုတ်ကပါဌ်တော်အားဖြင့် တိုးတက်ကြီးထွားနိုင်သည်ကိုသိရှိကာ ၎င်းနှုတ်ကပါဌ်တော်ကို ပိုမိုသိရှိလိုကြ၏။ (၁ ပေ. ၂:၃) ထို့ကြောင့် “ဘုရားသခင်နှင့်အတူ လျှောက်လှမ်းလော့” ခရိုင်စည်းဝေးကြီးကို တက်ရောက်ကာ ‘ယေဟောဝါ၏နာမတော်ကို တညီတညွတ်တည်း ချီးမြှောက်’ ကြစို့။—ဆာ. ၃၄:၃။
[စာမျက်နှာ ၃ ရှိလေးထောင့်ကွက်]
ဘုရားသခင်၏နာမတော်ကို ချီးမြှောက်ရန်နည်းလမ်းများ
◼ ကြိုတင်စီစဉ်ပါ
◼ အခြားသူများအပေါ် မေတ္တာပြပါ
◼ သင့်နှလုံးကို အသင့်ပြင်ဆင်ပါ