အပိုင်း ၁—တိုးတက်သော ကျမ်းစာသင်အံမှုများ ကျင်းပခြင်း
ကျမ်းစာသင်အံမှုဟူသည် အဘယ်နည်း
၁ ဘုရားသခင့်လူမျိုးသည် ကမ္ဘာတစ်ဝန်းတွင် လစဉ် ကျမ်းစာသင်အံမှုခြောက်သန်းခန့် ကျင်းပလျက်ရှိ၏။ ကျွန်ုပ်တို့သည် ထိရောက်သောသွန်သင်နည်းများကို အသုံးပြုခြင်းဖြင့် ဤကျမ်းစာသင်သားများ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံသည်အထိ တိုးတက်လာရန်နှင့် “သူတစ်ပါးတို့ကို သွန်သင်ခြင်းငှာ တတ်စွမ်း [“အရည်အချင်းပြည့်မီ၊” ကဘ]” လာရန် ကူညီပေးနိုင်သည်။ (၂ တိ. ၂:၂) ထိုကဲ့သို့တိုးတက်လာရန် သင်၏သင်သားကို ကူညီပေးလိုသလော။ ဤလထုတ်မှစတင်၍ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု သည် တိုးတက်သောကျမ်းစာသင်အံမှုများကျင်းပခြင်း၏ အခြေခံကျသောကဏ္ဍများကို ရှင်းပြပေးမည့် အခန်းဆက်ဆောင်းပါးများ ထည့်သွင်းဖော်ပြပေးပါမည်။
၂ ကျမ်းစာသင်အံမှုအဖြစ် မှတ်တမ်းသွင်းရမည့်အချိန်– တိုတုတ်သော်လည်း အကြံပြုထားသည့် စာအုပ်တစ်အုပ်နှင့်အတူ ကျမ်းစာကိုအသုံးပြု၍ ပုံမှန်နှင့် စနစ်တကျ ကျမ်းစာဆွေးနွေးမှုများပြုလုပ်လျှင် သင်သည် ကျမ်းစာသင်အံမှုတစ်ခုကျင်းပနေခြင်းဖြစ်သည်။ သင်အံမှုကို တံခါးဝတွင် သို့မဟုတ် တယ်လီဖုန်းဖြင့်ကျင်းပလျှင်ပင် ယင်းကို ကျမ်းစာသင်အံမှုတစ်ခုဟု ယူမှတ်ရသည်။ သင်အံမှုအစီအစဉ်ကို ပြပြီးနောက် နှစ်ကြိမ်ကျင်းပပြီးကာ ဆက်၍သင်မည်ဟု ယူမှတ်စရာအကြောင်းရှိလျှင် သင်အံမှုအဖြစ် မှတ်တမ်းသွင်းနိုင်သည်။
၃ တောင်းဆို ဘရိုရှာနှင့် အသိပညာ စာအုပ်သည် များစွာသော ကျမ်းစာသင်အံမှုများကျင်းပရန်အတွက် အသုံးပြုသည့် စာပေများဖြစ်သည်။ လူတစ်ဦးသည် ၎င်းတို့ပြီးဆုံးသွားသည့်နောက် တိုးတက်မှုနှေးသော်လည်း တိုးတက်နေကာ သူလေ့လာနေသည့်အရာကို လေးမြတ်မှုတိုးပွားနေကြောင်းထင်ရှားလျှင် ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်ဖြင့် သင်အံမှုဆက်ပြုလုပ်နိုင်သည်။ ပညာရေး သို့မဟုတ် စာဖတ်စွမ်းရည် အကန့်အသတ်ရှိသူများနှင့် သင်အံမှုပြုလုပ်ရန် သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်! ဘရိုရှာကို အသုံးပြုနိုင်သည်။
၄ ကျမ်းစာသင်အံမှုလုပ်ငန်းသည် သန်းနှင့်ချီသောသူတို့ကို ယေရှုခရစ်၏ တပည့်စစ်များဖြစ်လာရန် ကူညီပေးရာတွင် ထိရောက်လျက်ရှိ၏။ (မ. ၂၈:၁၉၊ ၂၀) လာမည့် ဤအခန်းဆက်ဆောင်းပါးများတွင် ပေးထားသောအကြံပြုချက်များကို လက်တွေ့အသုံးပြုခြင်းဖြင့် သင်သည် တိုးတက်သောကျမ်းစာသင်အံမှုတစ်ခုကို ကျင်းပနိုင်ပါသည်။