သင့်မျက်စိကို ရိုးရှင်းစေပါ
၁။ ရိုးရှင်းသောမျက်စိရှိခြင်းဟူသည် အဘယ်အဓိပ္ပာယ်ရှိသနည်း၊ ယင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။
၁ တောင်ပေါ်ဒေသနာတွင် ယေရှုက ပုံဆောင် သို့မဟုတ် ဝိညာဏမျက်စိသည် ကျွန်ုပ်တို့၏ဘဝလမ်းစဉ်တစ်ခုလုံးအပေါ် များစွာသြဇာသက်ရောက်နိုင်ကြောင်း အာရုံစိုက်စေခဲ့၏။ ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “ထို့ကြောင့် မျက်စိကြည်လင် [“ရိုးရှင်း၊” ကဘ] လျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။ မျက်စိမြှေးယှက်လျှင် တစ်ကိုယ်လုံး မိုက်လိမ့်မည်။” (မ. ၆:၂၂၊ ၂၃) ရိုးရှင်းသောမျက်စိသည် ရုပ်ပစ္စည်းများအတွက် အစိုးရိမ်လွန်ကဲခြင်းကြောင့် အာရုံပျံ့လွင့်ခြင်းမရှိဘဲ ဘုရားသခင့်အလိုတော်ဆောင်ခြင်းဟူသော ရည်ရွယ်ချက်တစ်ခုတည်းအပေါ်သာ အာရုံစူးစိုက်စေ၏။ (မ. ၆:၁၉-၂၁၊ ၂၄-၃၃) မျက်စိရိုးရှင်းနေစေရန် အဘယ်အရာက ကျွန်ုပ်တို့ကို ကူညီပေးနိုင်သနည်း။
၂။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ရုပ်ပစ္စည်းများနှင့်ပတ်သက်၍ အဘယ်အမြင်ရှိရန် အားပေးသနည်း။
၂ ရောင့်ရဲစိတ်မွေးမြူခြင်း– မိမိအိမ်ထောင်၏လိုအပ်ရာများကို ဖူလုံစွာစီမံပေးခြင်းသည် ကျမ်းပေးတာဝန်တစ်ခုဖြစ်၏။ (၁ တိ. ၅:၈) သို့သော် ထိုသို့ပြုရန် အကောင်းဆုံးနှင့် နောက်ဆုံးပေါ်အရာများကို အတောမသတ် ရှာဖွေနေဖို့မလိုပေ။ (သု. ၂၇:၂၀; ၃၀:၈၊ ၉) ယင်းအစား ကျမ်းစာက ဘဝလိုအပ်ရာများဖြစ်သည့် “စားရန်၊ ဝတ်ရန်ရှိသမျှနှင့်” ရောင့်ရဲနေရန် တိုက်တွန်းသည်။ (၁ တိ. ၆:၈; ဟေဗြဲ ၁၃:၅၊ ၆) ဤသြဝါဒကို အလေးထားလိုက်နာခြင်းက တော်မှန်သောအရာအပေါ် စူးစိုက်နေရန် ကျွန်ုပ်တို့ကိုကူညီပေးနိုင်သည်။
၃။ ကိုယ့်ဘာသာကိုယ် ဝန်ထုပ်ဝန်ပိုးများမတင်မိစေရန် အဘယ်အရာက ကူညီပေးနိုင်သနည်း။
၃ မလိုအပ်သောအကြွေးနှင့် ဥစ္စာပစ္စည်းများ သို့မဟုတ် များစွာအချိန်ကုန်၊ အာရုံစိုက်ရသည့် လိုက်စားမှုများဖြင့် မိမိကိုယ်ကို ဝန်ပိမနေစေခြင်းသည် ပညာရှိရာရောက်၏။ (၁ တိ. ၆:၉၊ ၁၀) ယင်းကို မည်သို့လုပ်ဆောင်နိုင်သနည်း။ တစ်ခုခုလုပ်ရန် စဉ်းစားသည့်အခါ ကိစ္စရပ်ကို ဆုတောင်းချိန်ဆကာ ယင်းသည် ဝိညာဉ်ရေးရာများအား ထိခိုက်မှုရှိမည်၊ မရှိမည်ကို ရိုးသားစွာချင့်တွက်ပါ။ သင့်အသက်တာတွင် ဝိညာဉ်ရေးရာများကို ရှေးဦးထားရန် သန္နိဋ္ဌာန်ချပါ။—ဖိ. ၁:၁၀; ၄:၆၊ ၇။
၄။ ကျွန်ုပ်တို့၏ဘဝပုံစံကို ရိုးရှင်းစေရန် နည်းလမ်းများကို အဘယ်ကြောင့်ရှာဖွေသင့်သနည်း။
၄ သင့်ဘဝပုံစံကို ရိုးရှင်းစေပါ– ရုပ်ဝါဒ၏ဆွဲဆောင်မှုကို တွန်းလှန်ရန် အခြားအကူအညီတစ်ခုမှာ သင့်ဘဝပုံစံကို ရိုးရှင်းစေသည့်နည်းလမ်းများ ရှာဖွေခြင်းဖြစ်၏။ မိမိ၏မိသားစုသည် ဥစ္စာပစ္စည်းများများမရှိဘဲ ကောင်းစွာရပ်တည်နိုင်ကြောင်း တွေ့ရှိခဲ့သည့် ညီအစ်ကိုတစ်ဦးက ဤသို့ဆိုသည်– “အခုဆိုရင် အသင်းတော်မှာရှိတဲ့ ညီအစ်ကိုတွေရဲ့အကျိုးကို အများကြီးသယ်ပိုးနိုင်ပါပြီ။ ကိုယ်ကျိုးစီးပွားထက် စစ်မှန်တဲ့ဝတ်ပြုရေးကို ရှေးဦးထားတဲ့ မိမိရဲ့ကျေးကျွန်အားလုံးကို ယေဟောဝါ ကောင်းချီးပေးတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။” သင်၏ဘဝပုံစံကို ရိုးရှင်းစွာထားခြင်းဖြင့် သာ၍ကြီးမားသော ကောင်းချီးများကို ရယူခံစားနိုင်မည်လော။
၅။ ကျွန်ုပ်တို့၏မျက်စိရိုးရှင်းနေစေရန် အဘယ်ကြောင့် အဆက်မပြတ် ကြိုးစားဖို့လိုသနည်း။
၅ စာတန်၏သြဇာ၊ သူ၏ရုပ်ဝါဒဆန်သောလောကနှင့် ကျွန်ုပ်တို့ကိုယ်တိုင်၏မစုံလင်မှုတို့ကို တွန်းလှန်ရန် အဆက်မပြတ်ကြိုးစားဖို့လိုသည်။ ကျွန်ုပ်တို့၏မျက်စိကို ဟိုဟိုသည်သည် ရောက်ရှိစေမည့်အစား ဘုရားသခင်၏အလိုတော်ဆောင်ခြင်းနှင့် အဖိုးထိုက်သည့် ထာဝရအသက်မျှော်လင့်ချက်တို့အပေါ် စူးစိုက်နေစေကြပါစို့။—သု. ၄:၂၅; ၂ ကော. ၄:၁၈။