ဘရိုရှာအသစ်ကိုဖြန့်ဝေရန် အထူးကင်ပိန်း
၁ ယနေ့ လူများစွာသည် ကမ္ဘာ့အခြေအနေများကြောင့် ဒုက္ခရောက်နေကြသော်လည်း လူအနည်းငယ်သာ ကမ္ဘာကြီးသည် အဘယ်ကြောင့် ထိုသို့ဖြစ်နေကြောင်း၊ ရှေ့တွင် အဘယ်အရာရှိနေကြောင်းနှင့် လာမည့်တရားစီရင်ခြင်းတွင် ကပ်ကျော်ရန် အဘယ်အရာလုပ်ဆောင်ရမည်ဖြစ်ကြောင်း သဘောပေါက်ကြသည်။ (ယေဇ. ၉:၄) ကျွန်ုပ်တို့ခေတ်ကာလ၏ အရေးကြီးမှုကိုသိရှိရန် ကူညီပေးဖို့ စောင့်နေကြလော့! ဘရိုရှာအသစ်ကိုဖြန့်ဝေသည့် အထူးကင်ပိန်းတစ်ခုကို ဖေဖော်ဝါရီ ၁၄ ရက်၊ တနင်္လာနေ့မှ မတ် ၁၃ ရက်၊ တနင်္ဂနွေနေ့အထိ လုပ်ဆောင်ကြမည်ဖြစ်သည်။
၂ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ပါဝင်သည့်အခါ၊ ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ၊ အလွတ်သဘော သို့မဟုတ် လူအများရှိရာဝန်းကျင်တစ်ခုတွင် သက်သေခံသည့်အခါ ဤဘရိုရှာကို ဝေငှနိုင်ပါသည်။ သို့သော် စောင့်နေကြလော့! ဘရိုရှာကို မဆင်မခြင်ဝေငှခြင်းမပြုသင့်ပေ။ ယင်းအစား ကမ္ဘာ့ဖြစ်ရပ်များ၏အဓိပ္ပာယ်နှင့်ပတ်သက်သည့် ကျမ်းစာဖော်ပြချက်ကို စိတ်ဝင်စားသူများကိုသာ ဘရိုရှာများဝေငှကြပါမည်။ သတင်းတရားကို အနည်းငယ်စိတ်ဝင်စားသူများအား ဘရိုရှာအစား ဝေစာကိုဝေငှနိုင်သည်။
၃ သင်သည် ဤသို့ပြောဆိုခြင်းဖြင့် လူတစ်ဦး၏အာရုံကို ဖမ်းစားနိုင်ပေမည်–
◼ “လူများစွာဟာ အခုခေတ် ကြုံတွေ့နေကြရတဲ့ ကြီးလေးတဲ့ပြဿနာတွေနဲ့ ထိတ်လန့်စရာဖြစ်ရပ်တွေကြောင့် စိုးရိမ်နေကြတယ်။ [ဒေသအတွင်း သိရှိထားသောနမူနာတစ်ခုကို ဖော်ပြပါ။] အဲဒီလိုအရာတွေဖြစ်မယ်လို့ ကျမ်းစာမှာကြိုဟောထားတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၂၄:၃၊ ၇၊ ၈; လုကာ ၂၁:၇၊ ၁၀၊ ၁၁; သို့မဟုတ် ၂ တိမောသေ ၃:၁-၅ ကဲ့သို့သော ဖော်ပြခဲ့သည့်နမူနာ အတွက် သင့်လျော်သည့် ကျမ်းချက်တစ်ချက်ကို ဖတ်ပါ။] သမ္မာကျမ်းစာက ကျွန်တော်တို့ခေတ်ကာလရဲ့အဓိပ္ပာယ်နဲ့ လူသားတွေအတွက် ရှေ့မှာရှိနေတဲ့အရာတွေကို ဖော်ပြပေးပါတယ်။ မိတ်ဆွေ ပိုပြီးသိချင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားမှုပြလျှင် ဘရိုရှာကိုဝေငှပါ။] ဒီဘရိုရှာကို အဖိုးအခမပေးဘဲ ရရှိနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေအတော်အသင့်ထည့်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့ ဝမ်းမြောက်စွာလက်ခံပါတယ်။”
၄ သို့မဟုတ် ဤချဉ်းကပ်နည်းသည် ထိရောက်မှုရှိကြောင်း သင် တွေ့ရှိပေမည်–
◼ “အခုခေတ် လူများစွာဟာ ထိတ်လန့်စရာဖြစ်ရပ်တွေကြောင့် ဒါမှမဟုတ် အကြီးအကျယ်နစ်နာဆုံးရှုံးမှုကြောင့် စိတ်ဆင်းရဲနေကြရတယ်။ တချို့ကတော့ အဲဒီလိုအရာတွေမဖြစ်ရအောင် ဘုရားသခင် ဘာကြောင့် ကြားဝင်မဆောင်ရွက်တာလဲဆိုတာ သိချင်ကြတယ်။ လူသားတွေရဲ့ဒုက္ခကို သက်သာအောင် ဘုရားသခင် မကြာခင်လုပ်ဆောင်ပေးမယ်လို့ သမ္မာကျမ်းစာက အာမခံထားတယ်။ လူသားတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေကို ဘုရားသခင် ဆောင်ကြဉ်းပေးမယ်ဆိုတာ သတိပြုကြည့်ပါ။ [ဆာလံ ၃၇:၁၀၊ ၁၁ ဖတ်။] မိတ်ဆွေ ပိုပြီးသိချင်သလား။” အထက်တွင်ဖော်ပြထားသည့်အတိုင်း နိဂုံးချုပ်ပါ။
၅ ဘရိုရှာယူထားသူတစ်ဦးစီ၏ အမည်နှင့် လိပ်စာကိုရယူဖို့ကြိုးစားကာ စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးရန် ပြန်သွားဖို့စီစဉ်ပါ။ ယင်းကို လုပ်ဆောင်ပုံနှင့်စပ်လျဉ်းသည့် အကြံပြုချက်များကို ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဖော်ပြထားသည်။ လူတစ်ဦးသည် ဦးဆုံးအကြိမ်တွင် အထူးစိတ်ဝင်စားမှုပြလျှင် စောင့်နေကြလော့! ဘရိုရှာကိုဖြစ်စေ၊ တောင်းဆို ဘရိုရှာကဲ့သို့သော အခြားစာပေတစ်ခုကိုဖြစ်စေ အသုံးပြု၍ ကျမ်းစာသင်အံမှုတစ်ခုကို သင် ချက်ချင်းစတင်နိုင်ပေမည်။
၆ ဤဆောင်းပါးကို ဆွေးနွေးသည့် လုပ်ငန်းတော်စည်းဝေးပြီးနောက် ဘရိုရှာအသစ်များကို ရရှိကြမည်ဖြစ်သည်။ အစပိုင်းတွင် ကြေညာသူများနှင့် ရှေ့ဆောင်များသည် ကင်ပိန်း၏ ပထမရက်အနည်းငယ်အတွက် လိုအပ်သလောက်သာယူကြရန် အကြံပြုပါသည်။ ကိုယ်တော်အား ချီးမွမ်းဂုဏ်တင်ရန်နှင့် နေရာအနှံ့ရှိ စိတ်နှလုံးရိုးဖြောင့်သူများ အကျိုးကျေးဇူးခံစားရရန် ဤအထူးလုပ်ဆောင်မှုကို ယေဟောဝါကောင်းချီးပေးပါစေ။—ဆာ. ၉၀:၁၇။