အသင့်ရရှိနိုင်သောအကူအညီ
၁။လူတစ်ဦး၏ဝိညာဉ်ရေးသည် မည်သို့အားနည်းလာနိုင်သနည်း။
၁ မယုံကြည်သူခင်ပွန်းရှိပြီး အလုပ်များသည့် ညီအစ်မတစ်ဦးဖြစ်သူ အဲန်နာ သည် ခရစ်ယာန်အစည်းအဝေးများပုံမှန်တက်ရန်၊ ဓမ္မအမှုတွင်ပါဝင်ရန်၊ ဘုရားသခင့်နှုတ်ကပါဌ်တော်လေ့လာရန် အခက်တွေ့ခဲ့သည်။ သူသည် ယေဟောဝါအား ချစ်နေဆဲဖြစ်သော်လည်း မလှုပ်မရှားဖြစ်လာသည်။ ဝမ်းသာစရာမှာ စိုးရိမ်မကင်းဖြစ်သောအကြီးအကဲများထံမှ ဝိညာဉ်ရေးအကူအညီကို သူရရှိခဲ့သည်။
၂။ခရစ်ယာန်အားလုံးသည် ကူညီရန်အသင့်ရှိကြောင်း မည်သည့်နည်းများဖြင့် သက်သေထူနိုင်သနည်း။
၂ ခရစ်ယာန်အသင်းတော်မှတစ်ဆင့်ပေးသည့် ဝိညာဉ်ရေးအကူအညီကိုလက်ခံခြင်းက ယေဟောဝါကို ယုံကြည်အားကိုးကြောင်း ဖော်ပြသည်။ ယေရှုခရစ်၏ မေတ္တာပါသောစောင့်ရှောက်မှုကို တုပသည့်အနေဖြင့် အသင်းတော်ရှိ အသက်ကြီးသူအမျိုးသားများသည် ဝိညာဉ်ရေးအခက်အခဲရှိနေသူများအား အားပေးကာ လက်တွေ့ကျအကူအညီပေးရန် အခွင့်အရေးများရှာကြသည်။ (၁ သက်. ၅:၁၄) အများအားဖြင့် အားရှိစရာကျမ်းပိုဒ်များအပေါ်အခြေပြုထားသည့် ကြင်နာသော အားပေးစကားတစ်ခွန်းသာ လိုအပ်သည်။ အခိုက်အတန့်မျှ အားနည်းသွားသူများကို ကူညီရန် အစပြုလုပ်ဆောင်ခြင်းသည် အကြီးအကဲများနှင့်သာမက ခရစ်ယာန်အားလုံးနှင့်သက်ဆိုင်သည်။ ကျွန်ုပ်တို့တစ်ဦးစီသည် “အခန့်သင့်အချိန်တွင်” စဉ်းစဉ်းစားစား “ပြောဆိုသောစကားတစ်ခွန်း” ၏အစွမ်းကို ခံစားခဲ့ရမည်မှာ သေချာသည်။—သု. ၂၅:၁၁၊ ကဘ; ဟေရှာ. ၃၅:၃၊ ၄။
၃၊ ၄။အခြားသူများအားကူညီခြင်းတွင် အဘယ်အရာပါဝင်သနည်း။ ယင်းကို ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်နိုင်သနည်း။
၃ အစပြုလုပ်ဆောင်ပါ– ကျွန်ုပ်တို့သည် အကူအညီလိုသူများကို မေတ္တာပါသောစိတ်ဝင်စားမှုပြရန် အစပြုလုပ်ဆောင်မှု၊ ကိုယ်ချင်းစာနာမှုနှင့် စိတ်အားထက်သန်မှုရှိဖို့လို၏။ ယောနသန်သည် ဒါဝိဒ်၏ စိတ်သောကရောက်နေသောအခြေအနေကို သတိပြုမိသည့်အခါ ‘ထ၍ ဒါဝိဒ်ရှိရာတောအုပ်သို့သွားပြီးလျှင် အားရှိစေခြင်းငှာထောက်မ’ လေ၏။ (၁ ရာ. ၂၃:၁၅၊ ၁၆) အခြားသူများကိုကူညီရန် ညင်သာသောချဉ်းကပ်နည်းကိုသုံးပါ။ အမှန်တကယ်စိုးရိမ်မကင်းဖြစ်၍ ပြောသောစကားများသည် အကောင်းဆုံးရလဒ်များကို ပေါ်ထွက်စေ၏။ ထို့ပြင် ယေရှုက ဝိညာဏညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးကို ပြန်ရရှိရန် ဝီရိယနှင့် ရည်ရွယ်ချက်ရှိရှိ ကြိုးစားဖို့လိုကြောင်း ရှင်းလင်းစွာသရုပ်ဖော်ခဲ့သည်။ (လု. ၁၅:၄) အခြားသူတစ်ဦးကိုကူညီရန် ထက်သန်သောဆန္ဒရှိခြင်းက တိုးတက်မှုနှေးကွေးသော်လည်း ဇွဲရှိရှိကူညီပေးရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးမည်။
၄ ကျွန်ုပ်တို့၏စာအုပ်ကြီးသင်တန်းအုပ်စုဝင်များကဲ့သို့သော အခြားသူများအား ဓမ္မအမှုတွင် အတူပါဝင်ရန် အစပြုဖိတ်ခေါ်လျှင် အလွန်အားရှိစရာပင်! ကျွန်ုပ်တို့သည် ဓမ္မအမှုတွင်ပါဝင်ရန် ယေဟောဝါ၏ကျေးကျွန်ချင်းတစ်ဦးကို ကူညီပေးစဉ် အားပေးဖို့အခွင့်အရေးရပေမည်။ ယေဟောဝါ၏လုပ်ငန်းတော်တွင် အတူပါဝင်ရသည့် ထိုပျော်ရွှင်ဖွယ်အချိန်များသည် အထူးသဖြင့် ဝိညာဉ်ရေးဟန်ချက်ပြန်ရရှိရန် ကြိုးစားနေသူများကို အားရှိစေသည်။
၅။အခြေအနေတချို့တွင် အကြီးအကဲများသည် အဘယ်အကူအညီကိုပေးနိုင်သနည်း။
၅ မေတ္တာပါသောအစီအစဉ်– အချိန်အတန်ကြာ ဟောပြောခြင်းလုပ်ငန်းတွင် မပါဝင်တော့သူများ သို့မဟုတ် အသင်းတော်နှင့် မပေါင်းသင်းတော့သူများသည် သူတို့၏ယုံကြည်ခြင်းခိုင်ခံ့စေရန် ထပ်ဆင့်အကူအညီလိုအပ်ပေမည်။ စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကိုကိုးကွယ်လော့၊ ယေဟောဝါထံချဉ်းကပ်လော့ သို့မဟုတ် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ကဲ့သို့သောစာပေတစ်ခုခုဖြင့် ကျမ်းစာလေ့လာမှုပြုဖို့သာလိုပေမည်။ နှစ်ခြင်းခံပြီးသူဖြစ်သောကြောင့် များသောအားဖြင့် သင်အံမှုကို အချိန်ကြာကြာဆက်ကျင်းပရန်မလိုချေ။ အသင်းတော်လုပ်ငန်းတော်ကော်မတီသည် ဤအစီအစဉ်မှ မည်သူအကျိုးခံစားရမည်ကို သတိပြုမိရန် နိုးကြားနေသင့်သည်။—နိုဝင်ဘာ ၁၉၉၈ နှင့် နိုဝင်ဘာ ၂၀၀၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာများကိုရှု။
၆။ညီအစ်မတစ်ဦးသည် ဝိညာဉ်ခွန်အား မည်သို့ပြန်ရရှိခဲ့သနည်း။
၆ အစောပိုင်းတွင်ဖော်ပြခဲ့သည့် အဲန်နာ သည် ဝိညာဉ်ရေးရင့်ကျက်သည့် ညီအစ်မတစ်ဦးနှင့် ကျမ်းစာပြန်လေ့လာရန် အကြီးအကဲများ၏ကမ်းလှမ်းမှုကို ကျေးဇူးတင်စွာလက်ခံခဲ့သည်။ ယေဟောဝါနှင့် ပြန်လည်နီးကပ်လာအောင် သူ့အားကူညီပေးရန် သင်အံမှုလေးကြိမ်သာပြုလုပ်ခဲ့ရသည်။ သူသည် အသင်းတော်အစည်းအဝေးများပြန်တက်ကာ ယေဟောဝါဘုရားသခင်အား လူသိရှင်ကြားချီးမွမ်းရန်ဆန္ဒ ပြန်ရှိလာသည်။ ရင့်ကျက်သောညီအစ်မသည် အဲန်နာ အား တစ်အိမ်မှတစ်အိမ်ဟောပြောရန် ခွန်အားရှိသည်အထိ အခြားကျမ်းစာသင်အံမှုများသို့ ခေါ်သွားခြင်းဖြင့်လည်း ဓမ္မအမှုတွင်ပါဝင်ရန် ကူညီပေးခဲ့သည်။ သူပြန်လှုပ်ရှားလာရန် လိုအပ်သောအရာမှာ ကြင်နာစွာကူညီပေးခြင်းသာဖြစ်၏။
၇။အခြားသူများအား ဝိညာဉ်ခွန်အားပေးခြင်းမှ အဘယ်အကျိုးကျေးဇူးများရရှိသနည်း။
၇ လိုအပ်နေသူများကို အားပေးခြင်းက အားလုံးကို ကောင်းချီးများရစေ၏။ ကူညီပေးခံရသူသည် ယေဟောဝါနှင့်နီးကပ်လာကာ ကိုယ်တော့်အဖွဲ့အစည်း၏လုပ်ဆောင်မှုများတွင် ပါဝင်လာရ၍ ပျော်ရွှင်မှုခံစားရသည်။ အကြီးအကဲများသည် ထိုသို့ဝိညာဉ်ရေးတိုးတက်မှုကို မြင်ရ၍ ဝမ်းသာကြသည်။ (လု. ၁၅:၅၊ ၆) အသင်းတော်သားအားလုံးသည် တစ်ဦးကိုတစ်ဦး မေတ္တာပါပါ စိုးရိမ်မှုတင်ပြကြသဖြင့် အသင်းတော်သည် စည်းလုံးမှုရှိလာသည်။ (ကော. ၃:၁၂-၁၄) ကူညီရန်အသင့်ရှိတော်မူသော ယေဟောဝါကိုတုပရန် ကျွန်ုပ်တို့၌ အကြောင်းကောင်းများရှိပါသည်တကား!—ဧ. ၅:၁။