ယေဟောဝါ၏ ပြိုင်စံရှားဂုဏ်ရည်တော်များကို တန်ဖိုးထားလေးမြတ်စိတ် တိုးပွားစေပါ
၁ ကျွန်ုပ်တို့၏ဓမ္မအမှုလုပ်ငန်းသည် အခြားသူများကို ကျမ်းစာအမှန်တရားသင်ပေးရုံမျှမကပါ။ ယေဟောဝါအား ပုဂ္ဂိုလ်တစ်ဦးအဖြစ် သိကျွမ်းလာစေရန်နှင့် ကိုယ်တော်၏ ပြိုင်စံရှားဂုဏ်ရည်တော်များကို လေးမြတ်လာစေရန် လူတို့အား ကူညီပေးကြသည်။ ဘုရားသခင်နှင့်ပတ်သက်သော အမှန်တရားကို စိတ်နှလုံးရိုးဖြောင့်သူများ သိရှိလာသောအခါ “သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်၍ အရာရာ၌နှစ်သက်တော်မူစေခြင်းငှာ” သူတို့၏အသက်တာကို ပြောင်းလဲခဲ့ကြသည်။—ကော. ၁:၉-၁၁; ၃:၉၊ ၁၀။
၂ လေ့လာမှုအထောက်အကူအသစ်– သမ္မာကျမ်းစာသွန်သင်ရာစာအုပ်၏ အစတွင်ပင် ယေဟောဝါ၏ ဂုဏ်ရည်တော်များကို အလေးပေးဖော်ပြထားသည်။ ပထမအခန်းသည် ဤမေးခွန်းများကို ဖြေဆိုပေးသည်– ဘုရားသခင်သည် သင့်ကို အမှန်ပင် ဂရုစိုက်တော်မူသလော။ ဘုရားသခင်သည် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း။ ဘုရားသခင်ထံ ချဉ်းကပ်နိုင်ပါသလော။ ယင်းအခန်းက ယေဟောဝါ၏သန့်ရှင်းမှု (ပိုဒ်. ၁၀)၊ တရားမျှတမှုနှင့် သနားကြင်နာမှု (ပိုဒ်. ၁၁)၊ မေတ္တာ (ပိုဒ်. ၁၃)၊ တန်ခိုး (ပိုဒ်. ၁၆)၊ ကရုဏာ၊ ကျေးဇူးပြုခြင်း၊ ခွင့်လွှတ်ရန်အသင့်ရှိခြင်း၊ စိတ်ရှည်ခြင်းနှင့် သစ္စာစောင့်ခြင်း (ပိုဒ်. ၁၉) တို့ကိုလည်း ပေါ်လွင်စေသည်။ အပိုဒ် ၂၀ ကို ဤသို့နိဂုံးချုပ်ထားသည်– “ယေဟောဝါအကြောင်း သင် ပို၍သင်ယူလေ့လာလေ သင့်အတွက် ကိုယ်တော်သည် ပုဂ္ဂိုလ်အစစ်အမှန်ဖြစ်လာကာ ကိုယ်တော်ကို ပို၍ချစ်မြတ်နိုးလာပြီး ကိုယ်တော်နှင့် ပို၍ရင်းနှီးလာလေဖြစ်မည်။”
၃ ကျမ်းစာသင်သားများ ယေဟောဝါထံချဉ်းကပ်ဖို့ ကူညီပေးရာတွင် သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို မည်သို့အသုံးပြုနိုင်သနည်း။ ဘုရားသခင်၏ဂုဏ်ရည်တော်တစ်ခုကို ပေါ်လွင်စေသော အပိုဒ်တစ်ပိုဒ်ကို လေ့လာပြီးနောက် သင်သားအား ဤသို့မေးနိုင်သည်– “ယေဟောဝါနဲ့ပတ်သက်ပြီး ဒီအပိုဒ်က ဘာဖော်ပြသလဲ” သို့မဟုတ် “သင့်ကို ဘုရားသခင် စိတ်ဝင်စားတယ်ဆိုတာ ဘယ်လိုသိရသလဲ။” သင်အံမှုအတွင်း ထိုသို့သောမေးခွန်းများကို မကြာခဏအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့သည် သင်သားများအား သူတို့သင်ယူနေသောအရာကို တွေးတောဆင်ခြင်စေရန်နှင့် ယေဟောဝါ၏ ပြိုင်စံရှားဂုဏ်ရည်တော်များကို ပိုလေးမြတ်လာစေရန် ကူညီပေးသည်။
၄ ပြန်လည်သုံးသပ်ရန် လေးထောင့်ကွက်ကို အသုံးပြုပါ– အခန်းတစ်ခန်းစီ၏အဆုံးရှိ “သမ္မာကျမ်းစာသွန်သင်ရာ” လေးထောင့်ကွက်မှ အချက်တစ်ချက်စီကို ကိုယ်ပိုင်စကားဖြင့် မှတ်ချက်ပေးရန် သင်သားအား ဖိတ်ခေါ်ပါ။ ကိုးကားထားသောကျမ်းချက်ကို အာရုံစိုက်စေပါ။ သင်သား၏စိတ်ထဲ အဘယ်အရာရှိသည်ကိုသိရန် ဤသို့မေးနိုင်သည်– “ဒီအချက်နဲ့ပတ်သက်ပြီး ကျမ်းစာပြောတာကို ဘယ်လိုသဘောရသလဲ။” ထို့သို့ပြုခြင်းဖြင့် အခန်း၏အဓိကအချက်ကို ပေါ်လွင်စေရုံသာမက သင်သားအမှန်တကယ်ယုံကြည်ရာကိုပါ ကွဲကွဲပြားပြား သိနိုင်မည်။ ယင်းက ယေဟောဝါနှင့် ရင်းနှီးလာစေရန် သင်သားအား ထောက်ကူပေးပေမည်။