အခွင့်ထူးများကို ကျွန်ုပ်တို့ တန်ဖိုးထားမြတ်နိုးကြ
၁ လူ့သမိုင်းတစ်လျှောက်တွင် ယေဟောဝါသည် မိမိကျေးကျွန်များကို အခွင့်ထူးအမျိုးမျိုး ကမ်းလှမ်းတော်မူသည်။ ကျားမ,မရွေး၊ အသက်အရွယ်နှင့် ဘဝအခြေအနေ မည်သို့ပင်ရှိပါစေ သူတို့ကို အခွင့်ထူးများပေးသည်။ (လု. ၁:၄၁၊ ၄၂; တ. ၇:၄၆; ဖိ. ၁:၂၉) ယနေ့ အဘယ်အခွင့်ထူးများကို ကိုယ်တော် ကမ်းလှမ်းထားသနည်း။
၂ ကျွန်ုပ်တို့အတွက် အခွင့်ထူးအချို့– ကျွန်ုပ်တို့သည် ယေဟောဝါ၏သွန်သင်မှုကိုခံယူရသော အခွင့်ထူးရရှိထားကြသည်။ (မ. ၁၃:၁၁၊ ၁၅) အသင်းတော်အစည်းအဝေးများတွင် မှတ်ချက်များပေးခြင်းဖြင့် ယေဟောဝါကိုချီးမွမ်းရခြင်းသည်လည်း အခွင့်ထူးတစ်ရပ်ဖြစ်၏။ (ဆာ. ၃၅:၁၈) ထို့ကြောင့် အခွင့်အရေးရသည့်အခါ စိတ်ထက်သန်စွာ မှတ်ချက်ပေးကြသည်။ အလားတူ အသင်းတော်တာဝန်တိုင်းကို အခွင့်ထူးအဖြစ် ယူမှတ်ပါက အတတ်နိုင်ဆုံးကျေပွန်စွာ ထမ်းဆောင်ကြမည်ဖြစ်သည်။ နိုင်ငံတော်ခန်းမသန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေး အခွင့်ထူးများတွင် ကျွန်ုပ်တို့မှန်မှန်ပါဝင်နေသလော။
၃ လူသန်းပေါင်းများစွာသည် သူတို့၏ဆုတောင်းချက်များကို ဘုရားသခင်နားထောင်မည်၊ နားမထောင်မည်နှင့်ပတ်သက်၍ ဇဝေဇဝါဖြစ်နေသော်လည်း ကျွန်ုပ်တို့၏ဆုတောင်းချက်များကို စကြဝဠာရှိ အရေးကြီးဆုံးပုဂ္ဂိုလ် နားထောင်တော်မူခြင်းက အခွင့်ထူးဖြစ်သည်။ (သု. ၁၅:၂၉) ယေဟောဝါသည် မိမိကျေးကျွန်များ၏ဆုတောင်းချက်ကို ကိုယ်တိုင်နားထောင်တော်မူသည်။ (၁ ပေ. ၃:၁၂) အကြိမ်မည်မျှ ဆုတောင်းနိုင်သည်ကို ကိုယ်တော်မကန့်သတ်ထားပေ။ “ကာလအစဉ်” ဆုတောင်းနိုင်ခြင်းသည် အလွန်တန်ဖိုးထားမြတ်နိုးဖွယ် ဆုကျေးဇူးတစ်ခုပင်!—ဧ. ၆:၁၈။
၄ “ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်း”– ကျွန်ုပ်တို့အတွက် အကောင်းဆုံးအခွင့်ထူးတစ်ခုမှာ “ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်း” အဖြစ် နိုင်ငံတော်သတင်းကောင်းကို ကြွေးကြော်ရခြင်းဖြစ်သည်။ (၁ ကော. ၃:၉) ယင်းသည် ကျေနပ်မှုနှင့်လန်းဆန်းမှုပေးသောလုပ်ငန်းဖြစ်၏။ (ယော. ၄:၃၄) ထိုလုပ်ငန်းပြီးစီးအောင်မြင်နိုင်ရန် လူသားများကို ယေဟောဝါအသုံးပြုဖို့ မလိုသော်လည်း ကျွန်ုပ်တို့ကိုချစ်သောကြောင့် ထိုအခွင့်ထူးအပ်နှင်းထားသည်။ (လု. ၁၉:၃၉၊ ၄၀) သို့သော် ထိုအခွင့်ထူးကို လူတိုင်းအား လက်လွတ်စပယ်ပေးလိုက်ခြင်းမဟုတ်ပေ။ လူထုဓမ္မအမှုတွင် ပါဝင်သူများသည် ဝိညာဏအရည်အချင်းအချို့ကို ပြည့်မီနေသူဖြစ်ရမည်။ (ဟေရှာ. ၅၂:၁၁) ကျွန်ုပ်တို့သည် ဓမ္မအမှုတွင် ပတ်စဉ်မှန်မှန်ပါဝင်ခြင်းဖြင့် ထိုအခွင့်ထူးကိုတန်ဖိုးထားကြောင်း တင်ပြနေသလော။
၅ ယေဟောဝါထံမှအခွင့်ထူးများသည် ကျွန်ုပ်တို့၏အသက်တာကို ကြွယ်ဝစေသည်။ (သု. ၁၀:၂၂) ယင်းတို့ကို ဘယ်တော့မျှ ပေါ့ပေါ့တန်တန်သဘောမထားပါနှင့်။ ကျွန်ုပ်တို့သည် လုပ်ငန်းတော်အခွင့်ထူးများကို အမှန်တန်ဖိုးထားမြတ်နိုးကြောင်း ဖော်ပြခြင်းဖြင့် “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှ” ကိုပေးသနားသော ကောင်းကင်ခမည်းတော်အား စိတ်ရွှင်လန်းစေကြသည်။—ယာ. ၁:၁၇။