‘သတင်းကောင်းအတွက် အရာခပ်သိမ်းကိုပြုလော့’
၁။ နိုင်ငံတော်သတင်းဟောပြောသူတစ်ဦးသည် အခြားသူတို့အတွက် အဘယ်အရာလုပ်ဆောင်ရန် တလိုတလားရှိသနည်း၊ အဘယ်ကြောင့်နည်း။
၁ တမန်တော်ပေါလုသည် အခြားသူတို့အား သတင်းကောင်းဟောပြောရန် သူ့တွင်တာဝန်ရှိကြောင်း ခံစားခဲ့ရသည်။ (၁ ကော. ၉:၁၆၊ ၁၉၊ ၂၃) အလားတူ၊ အခြားသူတို့၏ထာဝရကောင်းကျိုးကို လိုလားခြင်းက သူတို့အား သတင်းကောင်းဟောပြောရာတွင် အလွန်ကြိုးစားအားထုတ်ဖို့ ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။
၂။ ကျွန်ုပ်တို့ဟောပြောသည့်အခါ အဘယ်ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် တလိုတလားရှိကြသနည်း၊ အဘယ်ကြောင့်နည်း။
၂ လူတို့ကိုတွေ့နိုင်သည့်နေရာနှင့် တွေ့နိုင်သည့်အချိန်တွင် ဟောပြောပါ– ကျွမ်းကျင်သောတံငါသည်တစ်ဦးသည် မိမိအဆင်ပြေသည့်နေရာနှင့် အဆင်ပြေသည့်အချိန်တွင်မဟုတ်ဘဲ ငါးရှိနိုင်သည့်နေရာနှင့် ငါးရှိနိုင်သည့်အချိန်တွင် ငါးမျှားမည် သို့မဟုတ် ပိုက်ကွန်ချမည်ဖြစ်သည်။ “လူဖမ်းသောတံငါသည်များ” အနေဖြင့် ကျွန်ုပ်တို့လည်း ရပ်ကွက်တွင် လူတို့ကိုတွေ့နိုင်ရန် ကိုယ်ရေးကိုယ်တာလုပ်ဆောင်မှုအချို့ကို ပြုပြင်ချိန်ညှိဖို့လိုပေမည်၊ သို့ဖြင့် “ငါးအမျိုးမျိုးကို” စုသိမ်းရသည့် အထူးလုပ်ငန်းတွင် ပို၍ပျော်ရွှင်မှုခံစားရကြသည်။ (မ. ၄:၁၉; ၁၃:၄၇) အိမ်များ၌ လူတို့ကိုတွေ့နိုင်ရန် ညနေခင်းတွင် သွားရောက်ဟောပြောနိုင်မည်လော သို့မဟုတ် လမ်းပေါ်သက်သေခံနိုင်ရန် နံနက်ခင်းပိုင်းတွင် ဟောပြောနိုင်မည်လော။ ပေါလု၏ပန်းတိုင်မှာ “သတင်းကောင်းကို စေ့စေ့စပ်စပ် သက်သေခံရန်” ဖြစ်ပြီး ထိုသို့သက်သေခံနိုင်ရန် အခွင့်အရေးတိုင်းကို အသုံးချခဲ့သည်။—တ. ၁၇:၁၇; ၂၀:၂၀၊ ၂၄။
၃၊ ၄။ ကျွန်ုပ်တို့သည် ဓမ္မအမှုတွင်ပါဝင်စဉ် အဘယ်နည်းများဖြင့် အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်ပြီး အဘယ်ရလဒ်များရရှိမည်နည်း။
၃ သင်၏တင်ဆက်မှုကို အခြေအနေနှင့်အညီ အလိုက်သင့်ပြုပြင်ပါ– တံငါသည်များသည် ဖမ်းလိုသည့်ငါးအမျိုးအစားရရန် သူတို့၏ငါးဖမ်းနည်းများကို အလိုက်သင့်ပြုပြင်လေ့ရှိသည်။ ကျွန်ုပ်တို့လည်း နိုင်ငံတော်သတင်းကောင်းကို ရပ်ကွက်ရှိလူတို့အတွက် စိတ်ဝင်စားဖွယ်ဖြစ်စေသည့်နည်းဖြင့် မည်သို့တင်ဆက်နိုင်သနည်း။ လူအများစု စိတ်ဝင်စားနေသော အကြောင်းအရာတစ်ခုကို လိမ္မာပါးနပ်စွာနိဒါန်းပျိုးပြီးနောက် ယင်းနှင့်ပတ်သက်သော သူတို့၏သဘောထားကို ကောင်းစွာနားထောင်ပေးရမည်။ (ယာ. ၁:၁၉) သူတို့၏အမြင်ကိုထုတ်ဖော်စေရန် သဘောထားမေးခွန်းတစ်ခု မေးနိုင်သည်။ (သု. ၂၀:၅) ဤသို့ဖြင့် သူတို့နှင့်တိုက်ရိုက်သက်ဆိုင်မည့် သတင်းကောင်းကို အလိုက်သင့်တင်ဆက်နိုင်ပါလိမ့်မည်။ ပေါလုသည် “လူအမျိုးမျိုးတို့တွင် အမျိုးမျိုးဖြစ်လာ၏။” (၁ ကော. ၉:၂၂) အလိုက်သင့်ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိခြင်းသည် လူတို့၏နှလုံးကိုထိမိစေသည့် သော့ချက်ဖြစ်၏။
၄ လူတို့အား “ဝမ်းမြောက်စရာသတင်း” ဝေမျှရခြင်းသည် အလွန်ရွှင်လန်းဖွယ်ပါတကား။ (ဟေရှာ. ၅၂:၇) ထို့ကြောင့် ကျွန်ုပ်တို့သည် လူများနိုင်သမျှများများထံ ရောက်ရှိနိုင်ရန် ‘သတင်းကောင်းအတွက် အရာခပ်သိမ်းကိုပြု’ နိုင်ကြပါစေ။—၁ ကော. ၉:၂၃။