‘သင်တို့၏အလင်းကို လင်းစေကြလော့’
၁။ ကျွန်ုပ်တို့ ဘယ်အခွင့်ထူးကို ပိုင်ဆိုင်ထားသလဲ။
၁ နံနက်အရုဏ်ဦးကနေ ညနေ နေဝင်ဆည်းဆာအထိ ထွန်းလင်းတဲ့ ပကတိအလင်းရဲ့ အလှတရားက ယေဟောဝါဘုရားကို ချီးမွမ်းမှုဖြစ်စေတယ်။ ဒါပေမဲ့ ယေရှုက တပည့်တွေကို နောက်အလင်းတစ်မျိုးဖြစ်တဲ့ “အသက်၏အလင်း” ကိုရယူဖို့ ဖိတ်ခေါ်ထားတယ်။ (ယော. ၈:၁၂) ဒီအလင်းကို ပိုင်ဆိုင်ရခြင်းက အခွင့်ထူးဖြစ်သလို တာဝန်လည်းကြီးတယ်။ တခြားသူတွေအကျိုးရစေဖို့ “သင်တို့၏အလင်းကို လူတို့ရှေ့၌ လင်းစေကြလော့” လို့ ယေရှုမိန့်မှာခဲ့တယ်။ (မ. ၅:၁၆) ယနေ့ အမှောင်ဖုံးနေတဲ့လောကမှာ ဒီအလင်းထွန်းလင်းဖို့ ခါတိုင်းထက် ပိုလိုအပ်နေတယ်။ ခရစ်တော်လိုပဲ ကျွန်ုပ်တို့ရဲ့အလင်းကို ဘယ်လိုလင်းစေနိုင်သလဲ။
၂။ အမှန်တရားအလင်းဟောပြောဖို့ အရေးကြီးတယ်ဆိုတာကို ယေရှု ဘယ်လိုတင်ပြခဲ့သလဲ။
၂ ဟောပြောခြင်းအားဖြင့်– ယေရှုက မိမိရဲ့အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေကိုသုံးပြီး အိမ်၊ လူစည်ကားရာနေရာ၊ တောင်ပေါ်နဲ့ လူတွေကို တွေ့နိုင်တဲ့နေရာတိုင်းမှာ အမှန်တရားအလင်းကို ဟောပြောခဲ့တယ်။ စစ်မှန်တဲ့ဒီအလင်း ထွန်းလင်းခြင်းကြောင့်ရရှိတဲ့ တည်မြဲတဲ့အကျိုးကျေးဇူးကို ကိုယ်တော် သိခဲ့တယ်။ (ယော. ၁၂:၄၆) လူများနိုင်သမျှ များများထံရောက်ဖို့ တပည့်တွေကို “လောက၏အလင်း” ဖြစ်အောင် ပြင်ဆင်ပေးခဲ့တယ်။ (မ. ၅:၁၄) သူတို့က လူသားချင်းအပေါ်ကောင်းမှုပြုခြင်း၊ အမှန်တရားအကြောင်းကြေညာခြင်းအားဖြင့် သူတို့ရဲ့အလင်းကို လင်းစေကြတယ်။
၃။ အမှန်တရားအလင်းကို အမှန်တန်ဖိုးထားကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။
၃ ဘုရားသခင့်လူမျိုးက “အလင်း၏သားသမီးများအဖြစ် လျှောက်လှမ်းနေ” ပါဆိုတဲ့တာဝန်ကို အလေးအနက်ထားပြီး လူတွေကို တွေ့နိုင်တဲ့နေရာတိုင်းမှာ ဟောပြောကြတယ်။ (ဧ. ၅:၈) အလုပ်အားလပ်ချိန်၊ ကျောင်းအားလပ်ချိန်အတွင်း ကျမ်းစာ ဒါမှမဟုတ် အဖွဲ့အစည်းထုတ်စာပေတစ်ခုခုကို လူမြင်သာတဲ့နေရာမှာ ဖတ်နေရုံနဲ့ ကျမ်းစာဆွေးနွေးဖို့ လမ်းစပွင့်သွားနိုင်တယ်။ ဒီနည်းအားဖြင့် ညီမငယ်တစ်ဦးက ကျမ်းစာသင်အံမှုတစ်ခုစခဲ့ပြီး အတန်းဖော် ၁၂ ယောက်ကို စာအုပ်တွေ ဝေငှနိုင်ခဲ့တယ်။
၄။ ကျွန်ုပ်တို့ရဲ့ ‘အလင်းကိုလင်းစေခြင်း’ မှာ ဘာကြောင့် အမူအကျင့်ကောင်း ပါဝင်ပတ်သက်သလဲ။
၄ ကောင်းသောအကျင့်အားဖြင့်– အလင်းထွန်းလင်းခြင်းမှာ ကျွန်ုပ်တို့ရဲ့ အမူအကျင့်တွေလည်း ပါဝင်ပတ်သက်တယ်။ (ဧ. ၅:၉) အလုပ်၊ ကျောင်းနဲ့ တခြားနေရာတွေမှာ ခရစ်ယာန်အမူအကျင့်ကို လူတွေ အလွယ်တကူ သတိပြုမိပြီး ကျမ်းစာအမှန်တရားဝေမျှဖို့ အခွင့်အရေးပေါ်စေတယ်။ (၁ ပေ. ၂:၁၂) ဥပမာ၊ ငါးနှစ်သားလေးရဲ့ အမူအကျင့်ကောင်းကြောင့် သူ့ရဲ့ဆရာမက မိဘတွေကို ဖုန်းဆက်ချင်စိတ်ပေါ်လာပြီး မိဘတွေကို သူ ဒီလိုပြောခဲ့တယ်– “အမှားအမှန်ကို ဒီလိုကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်တဲ့ ကလေးမျိုး တစ်ခါမှမတွေ့ဖူးသေးဘူး။” ဓမ္မအမှုနဲ့ အမူအကျင့်ကောင်းက လူတွေကို “အသက်၏အလင်း” ထံဆွဲဆောင်မှုဖြစ်စေပြီး ဘုရားသခင်ကို ချီးမွမ်းမှုဖြစ်စေတယ်။