ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်ဓမ္မအမှုမှာ စိတ်ရှည်မှုရှိဖို့လို
၁။ လူသားတွေအပေါ် စိတ်ရှည်မှုကို ယေဟောဝါ ဘယ်လိုတင်ပြခဲ့သလဲ။
၁ ဘုရားသခင်ဟာ လူသားတွေနဲ့ဆက်ဆံရာမှာ အလွန်စိတ်ရှည်တယ်။ (ထွ. ၃၄:၆; ဆာ. ၁၀၆:၄၁-၄၅; ၂ ပေ. ၃:၉) ကိုယ်တော်ရဲ့ မေတ္တာပါစိတ်ရှည်မှုနဲ့ပတ်သက်တဲ့ သာဓကတစ်ခုကတော့ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်း ဖြစ်တယ်။ လူသားတွေအပေါ် ယေဟောဝါ စိတ်ရှည်မှုပြခဲ့တာ နှစ်ပေါင်း ၂,၀၀၀ နီးပါးရှိခဲ့ပြီ၊ စိတ်နှလုံးရိုးဖြောင့်သူတွေကို ကိုယ်တော် ဆက်သွေးဆောင်နေဆဲပဲ။ (ယော. ၆:၄၄) ဓမ္မအမှုမှာ ယေဟောဝါရဲ့စိတ်ရှည်မှုကို ကျွန်ုပ်တို့ ဘယ်လိုတုပနိုင်သလဲ။
၂။ ရပ်ကွက်မှာဟောပြောတဲ့အခါ ကျွန်ုပ်တို့ စိတ်ရှည်မှု ဘယ်လိုတင်ပြနိုင်သလဲ။
၂ တစ်အိမ်မှတစ်အိမ်ဓမ္မအမှု– စိတ်ဝင်စားမှုမပြတဲ့ ရပ်ကွက်တွေမှာ “မပြတ်” ဟောပြောနေခြင်းအားဖြင့် ယေဟောဝါကို ကျွန်ုပ်တို့တုပကြတယ်။ (တ. ၅:၄၂) လျစ်လျူရှုမှု၊ လှောင်ပြောင်မှုနဲ့ ဆန့်ကျင်မှုတွေကို ကျွန်ုပ်တို့ စိတ်ရှည်စွာသည်းခံကြတယ်။ (မာ. ၁၃:၁၂၊ ၁၃) စိတ်ဝင်စားသူထံပြန်သွားတဲ့အခါ သူတို့ကိုအိမ်မှာတွေ့ဖို့ခက်ရင်တောင် အမှန်တရားမျိုးစေ့ကို ရေလောင်းဖို့ မပြတ်အားထုတ်ခြင်းအားဖြင့်လည်း စိတ်ရှည်မှုတင်ပြကြတယ်။
၃။ ပြန်လည်ပတ်မှုတွေ၊ ကျမ်းစာသင်အံမှုတွေလုပ်တဲ့အခါ စိတ်ရှည်မှု ဘာကြောင့်လိုအပ်သလဲ။
၃ ကျမ်းစာသင်အံမှုများ– အပင်စိုက်တယ်ဆိုတာ စိတ်ရှည်ဖို့လိုတယ်။ ကျွန်ုပ်တို့က အပင်ကို ပြုစုပျိုးထောင်နိုင်ပေမဲ့ ကြီးထွားလာအောင် အတင်းအဓမ္မလုပ်ယူလို့တော့ မရဘူး။ (ယာ. ၅:၇) အလားတူပဲ အမှန်တရားမှာတိုးတက်ဖို့ဆိုတာ သူ့အဆင့်နဲ့သူ တဖြည်းဖြည်းတိုးတက်လာတယ်။ (မာ. ၄:၂၈) ကျွန်ုပ်တို့နဲ့ကျမ်းစာလေ့လာနေသူတွေက မှောက်မှားတဲ့ဘာသာရေးယုံကြည်ချက်တွေ၊ ကျမ်းစာနဲ့မညီတဲ့ ဓလေ့ထုံးစံတွေကို စွန့်လွှတ်ဖို့ အခက်တွေ့နေနိုင်တယ်။ ကျွန်ုပ်တို့ရဲ့သင်သားကို ပြုပြင်ပြောင်းလဲဖို့ ဖိအားပေးခြင်းအားဖြင့် မြန်မြန်ဆန်ဆန်ကြီးထွားအောင် မလုပ်သင့်ဘူး။ သင်သားရဲ့နှလုံးသားမှာ ဘုရားသခင့်စွမ်းအားတော် လုပ်ဆောင်ဖို့ အချိန်အတော်အတန်ပေးရာမှာ စိတ်ရှည်မှုလိုအပ်တယ်။—၁ ကော. ၃:၆၊ ၇။
၄။ မယုံကြည်သူဆွေမျိုးတွေကို သက်သေခံရာမှာ စိတ်ရှည်ခြင်းက ကျွန်ုပ်တို့ကို ဘယ်လိုထောက်ကူပေးနိုင်သလဲ။
၄ မယုံကြည်သူဆွေမျိုးများ– မယုံကြည်တဲ့ဆွေမျိုးတွေ အမှန်တရားလေ့လာဖို့ ကျွန်ုပ်တို့ဆန္ဒပြင်းပြနေကြတယ်၊ ဒါပေမဲ့ သူတို့ကို ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်တွေအကြောင်း ပြောပြဖို့ သင့်တော်တဲ့အချိန်ကို စောင့်ဆိုင်းခြင်း၊ တစ်ထိုင်တည်းနဲ့ အကြောင်းအရာအများကြီး မပြောမိဖို့ သတိထားခြင်းအားဖြင့် ကျွန်ုပ်တို့က စိတ်ရှည်မှုတင်ပြကြတယ်။ (ဒေ. ၃:၁၊ ၇) တစ်ချိန်တည်းမှာ ကျွန်ုပ်တို့ရဲ့ပုံသက်သေကိုကြည့်ပြီး ဒါအမှန်တရားကြောင့်ဆိုတာ သူတို့သိမြင်ကြမှာဖြစ်တယ်၊ ကျွန်ုပ်တို့ကတော့ ကျွန်ုပ်တို့ရဲ့ယုံကြည်ချက်အကြောင်း သူတို့ကို နူးညံ့သောသဘော၊ အလွန်လေးစားသောသဘောနဲ့ပြောပြဖို့ အသင့်ရှိနေကြတယ်။ (၁ ပေ. ၃:၁၊ ၁၅) အမှန်ပါပဲ၊ ဓမ္မအမှုမှာ စိတ်ရှည်မှုတင်ပြခြင်းက ပိုထိရောက်မှုရှိပြီး ကျွန်ုပ်တို့ရဲ့ကောင်းကင်ခမည်းတော်ကို စိတ်ကျေနပ်စေမှာဖြစ်တယ်။