ထိရောက်တဲ့ သွန်သင်သူတစ်ဦးဖြစ်ဖို့အတွက် အရေးကြီးဆုံးအရည်အသွေး
၁။ ထိရောက်တဲ့သွန်သင်သူတစ်ဦးဖြစ်ဖို့အတွက် ဘယ်အရည်အသွေးက အဓိကကျသလဲ။
၁ ဘယ်အရည်အသွေးက လူတစ်ဦးကို ထိရောက်တဲ့ကျမ်းစာသွန်သင်ပေးသူတစ်ဦး ဖြစ်စေတာလဲ။ လောကပညာရေးလား။ အတွေ့အကြုံလား။ ပင်ကိုစွမ်းရည်လား။ အဓိကလိုအပ်တာက မေတ္တာပါပဲ။ အဲဒီမေတ္တာက ပညတ်တရားကို ပြည့်စုံစေတယ်၊ ယေရှုရဲ့နောက်လိုက်ဖြစ်ကြောင်း ခွဲခြားသတ်မှတ်ပေးတယ်၊ ယေဟောဝါရဲ့အထင်ရှားဆုံးနဲ့ နှစ်သက်ဖွယ်အကောင်းဆုံး အရည်အသွေးလည်းဖြစ်တယ်။ (ယော. ၁၃:၃၅; ဂလ. ၅:၁၄; ၁ ယော. ၄:၈) ထိရောက်တဲ့သွန်သင်သူတွေက မေတ္တာတင်ပြကြတယ်။
၂။ လူတွေကို ချစ်ဖို့ ဘာကြောင့် အလွန်အရေးကြီးသလဲ။
၂ လူတွေကို ချစ်ပါ– အကြီးမြတ်ဆုံးသွန်သင်သူ ယေရှုက လူတွေကိုချစ်ကြောင်း တင်ပြခဲ့ပြီး အဲဒါက ကိုယ်တော့်စကားကိုနားထောင်ဖို့ လူတွေကို လှုံ့ဆော်ပေးခဲ့တယ်။ (လု. ၅:၁၂၊ ၁၃; ယော. ၁၃:၁; ၁၅:၁၃) ကျွန်ုပ်တို့က လူတွေကို ဂရုစိုက်တယ်ဆိုရင် အခွင့်အရေးရတိုင်း သက်သေခံမှာဖြစ်တယ်။ ညှဉ်းပန်းနှိပ်စက်တာ၊ နားမထောင်တာလိုမျိုး အတားအဆီးတွေက ကျွန်ုပ်တို့ကို ဟန့်တားနိုင်မှာမဟုတ်ဘူး။ ကိုယ်ဟောတဲ့သူတွေရဲ့အကျိုးကို စိတ်ရင်းမှန်နဲ့တကယ်လိုလားကြောင်း တင်ပြမှာဖြစ်ပြီး သူတို့စိတ်ဝင်စားရာနဲ့အညီ အလိုက်သင့် ပြောင်းလဲတင်ဆက်ကြမှာဖြစ်တယ်။ ကျမ်းစာသင်သားနဲ့အတူ အချိန်အသုံးပြုဖို့သာမက ကျမ်းစာသင်အံမှုတစ်ခုစီအတွက် အချိန်ပေးပြင်ဆင်ဖို့ပါ လိုလိုလားလားရှိပါလိမ့်မယ်။
၃။ ကျမ်းစာအမှန်တရားကို ချစ်မြတ်နိုးခြင်းက ဓမ္မအမှုလုပ်ငန်းမှာ ကျွန်တော်တို့ကို ဘယ်လိုထောက်ကူပေးသလဲ။
၃ ကျမ်းစာအမှန်တရားကို ချစ်မြတ်နိုးပါ– ယေရှုလည်း ကျမ်းစာအမှန်တရားကို ချစ်မြတ်နိုးခဲ့ပြီး အဖိုးတန်ဘဏ္ဍာအဖြစ် ယူမှတ်ခဲ့တယ်။ (မ. ၁၃:၅၂) ကျွန်ုပ်တို့လည်း အမှန်တရားကို ချစ်မြတ်နိုးမယ်ဆိုရင် စိတ်ထက်သန်စွာပြောဆိုမှာဖြစ်ပြီး အဲဒါက နားထောင်သူတွေ စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ အဲဒီလိုချစ်မြတ်နိုးမှုက လိုအပ်ချက်ရှိနေတဲ့ ကိုယ့်ရဲ့အရည်အချင်းထက် သတင်းတရားရဲ့အရေးကြီးမှုကို ပိုအာရုံစိုက်စေမှာဖြစ်ပြီး ဓမ္မအမှုလုပ်ငန်းမှာ စိုးရိမ်ပူပန်စိတ်ကို လျော့နည်းစေမှာဖြစ်တယ်။
၄။ မေတ္တာကို ဘယ်လိုပြုစုပျိုးထောင်နိုင်မလဲ။
၄ မေတ္တာကို ပြုစုပျိုးထောင်ပါ– လူတွေကို ချစ်တဲ့မေတ္တာကို ဘယ်လိုပြုစုပျိုးထောင်နိုင်မလဲ။ ယေဟောဝါနဲ့ယေရှု ပြသခဲ့တဲ့မေတ္တာအကြောင်း၊ ကိုယ့်ရပ်ကွက်မှာရှိသူတွေက ဘုရားနဲ့ဘယ်လောက်အထိ ကင်းကွာနေသလဲဆိုတဲ့အကြောင်းကို စဉ်းစားဆင်ခြင်ခြင်းဖြင့်ဖြစ်တယ်။ (မာ. ၆:၃၄; ၁ ယော. ၄:၁၀၊ ၁၁) ကိုယ်ပိုင်လေ့လာမှုပုံမှန်လုပ်ခြင်း၊ တွေးတောဆင်ခြင်ခြင်းဖြင့် ကျမ်းစာအမှန်တရားကို ချစ်မြတ်နိုးတဲ့စိတ် ပိုပြီးနက်ရှိုင်းလာပါလိမ့်မယ်။ မေတ္တာက စွမ်းအားတော်ကြောင့်ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခုဖြစ်တယ်။ (ဂလ. ၅:၂၂) ဒါကြောင့် စွမ်းအားတော်ပေးဖို့၊ မေတ္တာရှင်သန်ကြီးထွားနေအောင် ကူညီပေးဖို့ ယေဟောဝါကို အသနားခံနိုင်တယ်။ (လု. ၁၁:၁၃; ၁ ယော. ၅:၁၄) ကျွန်ုပ်တို့ရဲ့ ပညာရေးအခြေအနေ၊ ဟောပြောခြင်းလုပ်ငန်း အတွေ့အကြုံနဲ့ ပင်ကိုစွမ်းရည် ဘယ်လိုပဲရှိရှိ မေတ္တာတင်ပြခြင်းအားဖြင့် ထိရောက်တဲ့ကျမ်းစာသွန်သင်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။