ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၁၂ စာ. ၄-၇
  • မဟောပြောခင် ရှာဖို့လိုအပ်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဟောပြောခင် ရှာဖို့လိုအပ်နိုင်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ယေဟောဝါသည် သူတို့၌ မျက်နှာတော်အလင်းကို လွှတ်တော်မူသည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သင်တို့၏ နားမကြားသော ညီအစ်ကိုညီအစ်မများကို ချစ်ခင်မြတ်နိုးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • နားမကြားသူတွေကို ဘုရား ဂရုစိုက်စောင့်ရှောက်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
  • နိုင်ငံခြားဘာသာစကားပြောလယ်ကွင်းကို တိုးတက်စေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နဓ ၇/၁၂ စာ. ၄-၇

မဟောပြောခင် ရှာဖို့လိုအပ်နိုင်

၁။ ဘာသာစကားမျိုးစုံသုံးတဲ့ မြို့ကြီးတွေမှာ အသင်းတော်ရပ်ကွက်တွေကို ဘာကြောင့် ဘာသာစကားအလိုက် ခွဲခြားထားကြသလဲ။

၁ အေဒီ ၃၃ ပင်တေကုတ္တေပွဲနေ့မှာ ယေရှုရဲ့တပည့်တွေဟာ သန့်ရှင်းသောစွမ်းအားတော်ရရှိပြီးနောက် တခြားဒေသက ရောက်လာကြတဲ့သူတွေကို “အမျိုးမျိုးသော ဘာသာစကား” တွေနဲ့ ဟောပြောခဲ့ကြတယ်။ (တ. ၂:၄) အကျိုးကျေးဇူးကတော့ လူပေါင်း ၃,၀၀၀ လောက် နှစ်ခြင်းခံခဲ့တယ်။ စိတ်ဝင်စားစရာအချက်က၊ ရောက်လာကြတဲ့ဧည့်သည်တွေဟာ ဟေဗြဲ၊ ဂရိ စတဲ့ အများသုံးဘာသာစကားတစ်ခုခုကို ပြောတတ်ကြမှာပဲ။ ဒါပေမဲ့ ယေဟောဝါက နိုင်ငံတော်သတင်းတရားကို သူတို့ရဲ့ မိခင်ဘာသာစကားနဲ့ ဟောစေခဲ့တယ်။ ဒီလိုလုပ်ရတဲ့အကြောင်းရင်းတစ်ခုက လူတွေဟာ မိခင်ဘာသာစကားနဲ့ သတင်းကောင်းကြားရတဲ့အခါ ပိုပြီး တလိုတလားတုံ့ပြန်တတ်လို့ဖြစ်မှာ သေချာတယ်။ ဒါကြောင့် ဒီနေ့ခေတ်မှာလည်း ဘာသာစကားမျိုးစုံသုံးတဲ့ မြို့ကြီးတွေမှာ အသင်းတော်ရပ်ကွက်တွေကို ဘာသာစကားအလိုက် ခွဲခြားထားကြတယ်။ (ဖွဲ့စည်းထားခြင်းစာအုပ် စာမျက်နှာ ၁၀၇ အပိုဒ် ၁-၂) နိုင်ငံခြားဘာသာစကားပြော အုပ်စုတွေက ရပ်ကွက်ခန့်အပ်ချက် မရရှိကြဘူး။ ကြီးကြပ်ပေးတဲ့အသင်းတော်၊ အနီးအနားအသင်းတော်တွေရဲ့ ရပ်ကွက်တွေမှာရှိတဲ့ ဘာသာခြားစကားပြောသူတွေကို သူတို့ ဟောပြောကြရတယ်။

၂။ (က) ရှာဖွေခြင်းလုပ်ငန်းဆိုတာ ဘာလဲ။ ဘယ်လိုအခြေအနေမျိုးမှာ ဒီလုပ်ငန်းကို လုပ်ဖို့လိုသလဲ။ (ခ) ဘာသာစကားမျိုးစုံသုံးတဲ့ ရပ်ကွက်က အသင်းတော်တွေဟာ တစ်ခုနဲ့တစ်ခု ဘယ်လိုကူညီပေးနိုင်သလဲ။ (ဂ) တခြားဘာသာစကားပြောတဲ့ စိတ်ဝင်စားသူကိုတွေ့တဲ့အခါ ဘာလုပ်သင့်သလဲ။

၂ ဘာသာစကားတစ်မျိုးတည်းကို သုံးတဲ့နေရာမှာ သင်နေထိုင်တယ်ဆိုရင် တစ်အိမ်ကနေ နောက်တစ်အိမ်ကို သွားဟောရုံပါပဲ။ ဒါပေမဲ့ ဘာသာစကားမျိုးစုံသုံးတဲ့ မြို့ကြီးတွေမှာ သင် နေထိုင်တယ်ဆိုရင်တော့ သင့်အခြေအနေဟာ တစ်မျိုးတစ်မည် ဖြစ်ပါလိမ့်မယ်။ သင်ဟောရတဲ့ရပ်ကွက်မှာပဲ တခြားဘာသာစကားပြောတဲ့အသင်းတော်တွေလည်း ဟောနေရနိုင်တယ်။ တခြားအသင်းတော်တွေက သင့်ဘာသာစကားပြောသူတွေကို တွေ့တဲ့အခါ သင့်ဆီ အချက်အလက်တွေ ပို့ပေးမှာဖြစ်ပေမဲ့ သင်ဟောရမယ့်သူတွေကိုရှာဖွေဖို့ အဓိကတာဝန်ရှိတာက သင့် အသင်းတော်၊ သင်ပူးပေါင်းနေတဲ့အုပ်စု ဖြစ်တယ်။ (“တစ်ဦးကိုတစ်ဦးကူညီပါ” လေးထောင့်ကွက်ကို ကြည့်ပါ။) ဒါကြောင့် ရှာဖွေခြင်းလုပ်ငန်းကို သင်လုပ်ဆောင်ရနိုင်တယ်။ ရှာဖွေခြင်းလုပ်ငန်းဆိုတာ သတ်သတ်မှတ်မှတ်ဘာသာစကားတစ်ခု သုံးတဲ့သူတွေကို စုံစမ်းရှာဖွေရတာဖြစ်တယ်။ ရှာဖွေခြင်းလုပ်ငန်းကို ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

၃။ အသင်းတော် ဒါမှမဟုတ် အုပ်စုတစ်ခုက ရှာဖွေမှုကို ဘယ်နေရာမှာလုပ်မယ်၊ အချိန်ဘယ်လောက်သုံးမယ်ဆိုတာကို ဘယ်အချက်တွေအပေါ်မူတည်ပြီး ပိုင်းဖြတ်နိုင်သလဲ။

၃ ရှာဖွေခြင်းလုပ်ငန်းကို စီစဉ်ဖွဲ့စည်းခြင်း– ဘာသာစကားမျိုးစုံပြောတဲ့ရပ်ကွက်မှာ ရှာဖွေခြင်းလုပ်တဲ့အခါ အချိန်ဘယ်လောက်ပေးမလဲဆိုတာက ဒေသအခြေအနေအပေါ် မူတည်ပါတယ်။ ဥပမာ၊ ဒီဘာသာစကားကို ရပ်ကွက်မှာ လူဘယ်လောက်များများ ပြောကြသလဲ။ အဲဒီမှာ ကြေညာသူ ဘယ်လောက်များများရှိသလဲ။ အသင်းတော်၊ အုပ်စုက လိပ်စာ ဘယ်လောက်များများ ရှိထားပြီးပြီလဲ။ ရပ်ကွက်တိုင်းကို ထပ်တူရှာဖွေမှုလုပ်စရာ မလိုပါဘူး။ သတ်မှတ်ထားတဲ့ဧရိယာနဲ့ သင့်တော်တဲ့အကွာအဝေးရှိတဲ့ဧရိယာမှာ လူပိုများတဲ့ရပ်ကွက်တွေကို အာရုံစိုက်ဖို့ ရွေးချယ်နိုင်တယ်။ ဒါပေမဲ့ ရှာဖွေမှုလုပ်တဲ့အခါ ကောင်းကောင်းစီစဉ်ဖွဲ့စည်းထားဖို့ အရေးကြီးပါတယ်။ ဒီလိုနည်းနဲ့ လူများနိုင်သမျှများများကို ယေဟောဝါနာမည်ခေါ်ပြီးဆုတောင်းဖို့ အခွင့်အရေးပေးနိုင်မှာဖြစ်တယ်။—ရော. ၁၀:၁၃၊ ၁၄။

၄။ (က) ရှာဖွေခြင်းလုပ်ငန်းကို ဘယ်လို စီစဉ်ဖွဲ့စည်းနိုင်သလဲ။ (ခ) သင့်ဘာသာစကားပြောတဲ့သူတွေကို ရှာဖွေနိုင်တဲ့နည်းလမ်းတချို့က ဘာလဲ။

၄ ရှာဖွေခြင်းလုပ်ဖို့ လိုအပ်တဲ့နေရာတွေမှာ မလိုအပ်ဘဲ ရပ်ကွက်ထပ်သွားတာမျိုးမဖြစ်စေဖို့ အကြီးအကဲအဖွဲ့၊ အထူးသဖြင့် လုပ်ငန်းတော်ကြီးကြပ်မှူးက ရှာဖွေခြင်းလုပ်ငန်းကို စီစဉ်ဖွဲ့စည်းပေး၊ ကြီးကြပ်ပေးသင့်တယ်။ (၁ ကော. ၉:၂၆) နိုင်ငံခြားဘာသာစကားပြောအုပ်စုတွေမှာ အရည်အချင်းရှိတဲ့ ညီအစ်ကိုတစ်ဦး၊ ဖြစ်နိုင်မယ်ဆိုရင် အုပ်စုနဲ့သက်ဆိုင်တဲ့အကြီးအကဲအဖွဲ့က ရွေးချယ်ပေးတဲ့ အကြီးအကဲ ဒါမှမဟုတ် ဓမ္မအမှုထမ်းတစ်ယောက်က ဦးဆောင်နိုင်ပါတယ်။ အသင်းတော်နဲ့ အုပ်စုအတော်များများကတော့ လမ်းညွှန်စာအုပ်၊ အင်တာနက်ကိုသုံးပြီး ကိုယ့်ရဲ့ဘာသာစကားနဲ့ နာမည်တွေကို စုစည်းခြင်းလိုမျိုး စနစ်တကျကြိုတင်ရှာဖွေမှုတွေ လုပ်ကြတယ်။ ပြီးတဲ့နောက် ဟောရမယ့်ရပ်ကွက်ထဲမှာ ဘယ်လိပ်စာထည့်သွင်းသင့်သလဲဆိုတာ သိရအောင် ဖုန်းဆက်ပြီးဖြစ်ဖြစ်၊ သွားရောက်ပြီးပဲဖြစ်ဖြစ် ရှာဖွေကြတယ်။ လက်တွေ့ကျမယ်၊ ပညာရှိရာရောက်မယ်ဆိုရင် ရှာဖွေခြင်းလုပ်ငန်းမှာ အုပ်စုနဲ့သက်ဆိုင်တဲ့ အသင်းတော်တစ်ခုလုံး ရံဖန်ရံခါပါဝင်ဖို့ အကြီးအကဲအဖွဲ့က စီစဉ်ပေးနိုင်ပါတယ်။—“သင့်ဘာသာစကား ပြောတဲ့သူတွေကို ရှာဖွေနိုင်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။

၅။ (က) ရှာဖွေခြင်းလုပ်ငန်းကို လုပ်ဆောင်နေတဲ့ ကြေညာသူတွေအတွက် အကြံပြုချက်တချို့က ဘာတွေလဲ။ (ခ) ရှာဖွေခြင်းလုပ်ငန်းမှာ လူတွေကို ဘယ်လိုပြောနိုင်သလဲ။

၅ ရှာဖွေခြင်းလုပ်ငန်းမှာ ပါဝင်တဲ့အခါတိုင်း ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိထားသင့်တယ်။ ဒီလုပ်ငန်းဟာ အမှုဆောင်ခြင်းတစ်မျိုးဖြစ်တာကြောင့် ပုံမှန်အမှုဆောင်ထွက်တဲ့ပုံစံမျိုး ဝတ်စားဖြီးလိမ်းသင့်တယ်။ ကြိုတင်လေ့ကျင့်ထားခြင်းနဲ့ ရှာဖွေစဉ်မှာ အဲဒီဘာသာစကားအသုံးပြုခြင်းက စိတ်ထက်သန်မှု ဆက်ရှိနေစေပြီး ဘာသာစကားစွမ်းရည်ကို တိုးတက်စေတယ်ဆိုတာ ကြေညာသူအတော်များများတွေ့ရှိခဲ့တယ်။ ရှာဖွေခြင်းလုပ်ငန်းလုပ်တဲ့အခါ နာရီမှတ်တမ်းယူနိုင်ပေမဲ့ ရပ်ကွက်မြေပုံတွေနဲ့ စာရင်းတွေလုပ်တဲ့အချိန်တွေကိုတော့ မှတ်တမ်းယူလို့မရပါဘူး။ ကိုယ့်ဘာသာစကားပြောတဲ့သူတစ်ယောက်ကို တွေ့ပြီဆိုရင် သူ့ကို သတင်းကောင်းဝေမျှဖို့ ကြိုးစားသင့်တယ်။ ပြီးနောက် လုပ်ငန်းတော်ကြီးကြပ်မှူးကို ဒါမှမဟုတ် သူ တာဝန်ပေးထားတဲ့သူကို အသိပေးသင့်တယ်။ ဒါမှ ရပ်ကွက်မှတ်တမ်းကို နောက်ဆုံးအချက်အလက်ဖြစ်အောင် လုပ်ဆောင်နိုင်မှာဖြစ်တယ်။ ကိုယ်တွေ့တဲ့သူက စိတ်ဝင်စားမှုပြပြ၊ မပြပြ အသိပေးရမှာဖြစ်တယ်။ ရှာဖွေခြင်းလုပ်ငန်းက အရေးကြီးတာမှန်ပေမဲ့ ကျွန်ုပ်တို့ဟာ မျှတမှုရှိသင့်ပြီး အမှုဆောင်လုပ်ငန်းအသွင်အားလုံးမှာ ပါဝင်သင့်တယ်။ (“ရှာဖွေခြင်းလုပ်ငန်းမှာ ပြောဆိုနိုင်ရာ” လေးထောင့်ကွက်ကို ကြည့်ပါ။) တချို့နေရာတွေမှာ လူမျိုးစုတစ်ခုကို အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အချက်ကို လူတွေအာရုံစိုက်လာခြင်းက ပညာရှိရာမကျဘူး။ အဲဒီလိုအခြေအနေမှာ ရှာဖွေခြင်းလုပ်ငန်းကို ပညာရှိရှိ၊ သင့်တော်သလိုသတိရှိရှိ လုပ်ဆောင်သင့်တယ်။—မ. ၁၀:၁၆။

၆။ နားမကြားတဲ့သူတွေကို ရှာဖွေရတာက ဘာကြောင့် တစ်မူထူးတဲ့စိန်ခေါ်ချက်ဖြစ်သလဲ။

၆ နားမကြားသူတွေကို ရှာဖွေခြင်း– နားမကြားတဲ့သူတွေကို ရှာဖွေရတာက တစ်မူထူးတဲ့စိန်ခေါ်ချက်ဖြစ်တယ်။ ကြိုးစားအားထုတ်ဖို့နဲ့ ဇွဲရှိဖို့ တော်တော်လေးလိုအပ်တယ်။ နားမကြားတဲ့သူတွေကို သူတို့ရဲ့နာမည်၊ ပုံပန်းသဏ္ဌာန်၊ အဝတ်အစားနဲ့ ခွဲခြားလို့မရဘူး။ သူတို့မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေဟာ သူတို့ကို ကာကွယ်ပေးတတ်ကြတဲ့အတွက် မေးမြန်းစုံစမ်းတဲ့ကြေညာသူကို အချက်အလက်တွေ ပြောပြဖို့ တွန့်ဆုတ်နိုင်တယ်။ နားမကြားတဲ့သူတွေကို ရှာဖွေဖို့ ပေးထားတဲ့ အကြံပြုချက်တွေက ဘာသာခြားစကားပြောသူတွေကို ရှာဖွေဖို့အတွက်လည်း အထောက်အကူ ပြုနိုင်ပါတယ်။

၇။ (က) နားမကြားသူကို တွေ့နိုင်ဖို့ လူနေရပ်ကွက်တွေမှာ ဘာအချက်အလက်တွေကို မေးမြန်းနိုင်ပါသလဲ။ (ခ) အိမ်ရှင်ရဲ့ သံသယစိတ်ကို ဘယ်လို လျော့ပါးစေနိုင်သလဲ။

၇ လက်ဟန်ပြအသင်းတော်နဲ့ အုပ်စုတွေက လူနေရပ်ကွက်တွေမှာ နားမကြားသူတွေကို ရှာတွေ့နေကြပါတယ်။ အိမ်ရှင်တစ်ယောက်က လက်ဟန်ပြဘာသာစကားသုံးတဲ့ သူတစ်ယောက်ယောက်ကို၊ အလုပ်ဖော်ကို၊ ကျောင်းနေဖက်ကို သိထားနိုင်တယ်။ နားမကြားတဲ့ကလေးတွေရှိတဲ့အတွက် ကားဖြည်းဖြည်းမောင်းပါလို့ပြထားတဲ့ ဆိုင်းဘုတ်ကို တွေ့ဖူးနိုင်တယ်။ သူ့မှာ နားမကြားတဲ့ ဆွေမျိုးတစ်ဦး ရှိနိုင်တယ်။ သင့်အပေါ် သံသယဝင်နေနိုင်တယ်ဆိုတာကိုလည်း စိတ်ထဲထားပါ။ ဒါပေမဲ့ သင်ဟာ ရင်းနှီးဖော်ရွေမှုရှိမယ်၊ လာလည်ပတ်ရတဲ့အကြောင်းရင်းကို အတိုချုပ်၊ ရိုးရိုးသားသား၊ ဂုဏ်သိက္ခာရှိရှိ ရှင်းပြမယ်ဆိုရင် အိမ်ရှင်ရဲ့ သံသယကို လျော့ပါးစေနိုင်တယ်။ နားမကြားတဲ့သူကို သိသလားဆိုတာ မေးမြန်းရင်းနဲ့ ကျမ်းစာ ဒါမှမဟုတ် တခြားလက်ဟန်ပြဒီဗီဒီကိုပြ၊ ပြီးတော့ နားမကြားသူကို သမ္မာကျမ်းစာမျှော်လင့်ချက်အကြောင်း ဝေမျှချင်လို့ပါဆိုပြီးတော့ ရိုးရိုးလေးပြောတာက ရလဒ်ကောင်းရစေတယ်ဆိုတာ တချို့တွေ့ခဲ့ကြတယ်။ အိမ်ရှင်က အချက်အလက်တွေကို ပြောပြဖို့ တွန့်ဆုတ်နေတယ်ဆိုရင် သင့်လိပ်စာကတ် ဒါမှမဟုတ် အသင်းတော်စည်းဝေးဖိတ်စာကို ပေးထားနိုင်တယ်။ အဲဒါကိုတော့ နားမကြားတဲ့ သူ့ဆွေမျိုး၊ သူ့သူငယ်ချင်းကို ပေး,ပေးချင်ပါလိမ့်မယ်။

၈။ လက်ဟန်ပြအသင်းတော်ကို အနီးတစ်ဝိုက်အသင်းတော်က ဘယ်လို ကူညီပေးနိုင်သလဲ။

၈ လက်ဟန်ပြအသင်းတော်ဟာ သူတို့ရဲ့ ကျယ်ပြန့်တဲ့ ဧရိယာမှာရှိတဲ့ နားမကြားသူတွေကို ရှာဖွေဖို့ တစ်နှစ်မှာ တစ်ခါ၊ နှစ်ခါလောက် အနီးအနားက တခြားဘာသာစကားပြောအသင်းတော်တစ်ခုကို ဖိတ်ခေါ်နိုင်ပါတယ်။ လယ်ကွင်းတွေ့ဆုံမှုကို လက်ဟန်ပြအသင်းတော်က ဦးဆောင်သင့်ပြီး လုပ်ဆောင်မှုအတွက် ညွှန်ကြားချက်တွေနဲ့ သရုပ်ပြတစ်ခု တင်ဆက်နိုင်တယ်။ အုပ်စုတစ်ခုစီမှာ လက်ဟန်ပြအသင်းတော်ကကြေညာသူ အနည်းဆုံး တစ်ယောက်ရှိသင့်တယ်။ ဘယ်မှာရှာဖွေရမလဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြသင့်တယ်။

၉။ နားမကြားသူတွေအချင်းချင်း တွေ့ဆုံ၊ အပန်းဖြေတဲ့နေရာ၊ သူတို့အတွက် အထူးဝန်ဆောင်ပေးတဲ့နေရာတွေမှာ ရှာဖွေခြင်းလုပ်ငန်းကို ဘယ်လိုလုပ်ဆောင်နိုင်သလဲ။

၉ နားမကြားသူတွေအချင်းချင်း တွေ့ဆုံ၊ အပန်းဖြေတဲ့နေရာ၊ သူတို့အတွက် အထူးဝန်ဆောင်ပေးတဲ့နေရာတွေမှာ ရှာဖွေနိုင်တယ်။ ကြေညာသူတွေဟာ ရှာဖွေမယ့်ဝန်းကျင်နဲ့ သင့်တော်မယ့်အဝတ်အစားတွေကို ဝတ်ဆင်သင့်တယ်။ အုပ်စုတစ်ခုလုံးနဲ့ စကားပြောတာထက် ရှိနေတဲ့သူတစ်ယောက်၊ နှစ်ယောက်နဲ့ စကားပြောတာ၊ လိမ္မာပါးနပ်မှုရှိတာက ပိုကောင်းတယ်။ စကားပြောဆိုမှုက အကျိုးရှိတယ်ဆိုရင် ဆက်သွယ်ရမယ့်လိပ်စာကို လဲလှယ်နိုင်ပါတယ်။

၁၀။ ဒေသအတွင်းရှိဆိုင်တွေမှာ ဘယ်လိုရှာဖွေနိုင်သလဲ။

၁၀ နောက်နည်းလမ်းတစ်ခုကတော့ ဒေသအတွင်းမှာရှိတဲ့ ဆိုင်တွေကိုပြတဲ့မြေပုံပြုလုပ်ပြီး သင့်တော်တဲ့အချိန်တွေမှာ သွားရောက်လည်ပတ်ခြင်းဖြစ်တယ်။ ဥပမာ၊ မြေပုံတစ်ခုမှာ ဓာတ်ဆီဆိုင်တွေကိုပဲ ပြထားနိုင်တယ်။ နောက်မြေပုံတစ်ခုမှာတော့ အဝတ်အခြောက်လျှော်တဲ့နေရာ၊ ပင်းမင်းဆိုင်၊ စားသောက်ဆိုင်၊ ဟိုတယ် စသဖြင့် တစ်မျိုးတည်းကိုပဲ ပြထားနိုင်တယ်။ အဲဒီလို မြေပုံတစ်ခုစီက ဆိုင်တစ်မျိုးတည်းကိုပဲ ပြထားမယ်ဆိုရင် ကြေညာသူတွေဟာ ချည်းကပ်နည်းတစ်မျိုးတည်းကို သုံးနိုင်ပြီး အတွေ့အကြုံ၊ ကျွမ်းကျင်မှု ရလာနိုင်တယ်။ ဥပမာ၊ ဟိုတယ်တွေက နားမကြားသူတွေအတွက် ဝန်ဆောင်မှု ပေးလေ့ရှိတဲ့အတွက် ကောင်တာစာရေးကို ကျွန်ုပ်တို့လုပ်ငန်းအကြောင်း အတိုချုပ်ရှင်းပြနိုင်တယ်၊ ပြီးနောက် ဒီဗီဒီတစ်ခုနဲ့ အသင်းတော်စည်းဝေးဖိတ်စာပါတဲ့အထုတ်ကို နားမကြားတဲ့ ဧည့်သည်ကိုပေး,ပေးဖို့ ထားခဲ့နိုင်တယ်။ တချို့ဆိုင်တွေမှာ လက်ဟန်ပြဘာသာစကားပြောတဲ့ အလုပ်သမား၊ ဖောက်သည် ရှိသလားဆိုပြီး ရိုးရိုးလေးစုံစမ်းနိုင်တယ်။ နားမကြားသူတွေအတွက် ကျောင်းရှိမယ်ဆိုရင် ကျောင်းစာကြည့်တိုက်အတွက် ကျွန်ုပ်တို့ရဲ့ ဒီဗီဒီတချို့ကို ပေးထားနိုင်တယ်။

၁၁။ ရှာဖွေခြင်းလုပ်ငန်းက အမှုဆောင်လုပ်ငန်းမှာ ဘာကြောင့်အရေးကြီးတဲ့အပိုင်း ဖြစ်သလဲ။

၁၁ အရေးကြီးတဲ့လုပ်ငန်း– သင့်ဘာသာစကားပြောတဲ့ အိမ်ရှင်တွေကို ရှာဖွေဖို့က ခက်ခဲပြီး အချိန်ကုန်တဲ့အလုပ် ဖြစ်နိုင်တယ်။ အဲဒီအပြင် လူတွေက ပြောင်းရွှေ့နေကြတဲ့အတွက် ရပ်ကွက်က အမြဲပြောင်းလဲနေတယ်၊ ဒါကြောင့် မှတ်တမ်းတွေကို နောက်ဆုံးအချက်အလက်ဖြစ်စေဖို့ ခက်ခဲနိုင်တယ်။ ဒါပေမဲ့ ရှာဖွေခြင်းလုပ်ငန်းဟာ အမှုဆောင်လုပ်ငန်းရဲ့ အရေးကြီးတဲ့အပိုင်းဖြစ်လာတဲ့နေရာတွေ ပိုပိုများလာနေပါတယ်။ ဟောပြောဖို့ ကျွန်ုပ်တို့ကို တာဝန်ပေးတဲ့ ယေဟောဝါဘုရားက မျက်နှာမလိုက်ဘူး။ (တ. ၁၀:၃၄) “လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိလာ” စေဖို့ ဘုရားသခင် အလိုရှိတယ်။ (၁ တိ. ၂:၃၊ ၄) ဒါကြောင့် ဘာသာစကားအမျိုးမျိုးပြောတဲ့သူတွေထဲက “ဖြောင့်မှန်ကောင်းမွန်သောစိတ်နှလုံး” ရှိသူတွေကို လိုက်ရှာရာမှာ ယေဟောဝါဘုရားနဲ့ရော အချင်းချင်းနဲ့ပါ ပူးပေါင်းလုပ်ဆောင်ကြရအောင်။—လု. ၈:၁၅။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

တစ်ဦးကိုတစ်ဦး ကူညီပါ

အသင်းတော် ဒါမှမဟုတ် အုပ်စုတစ်စုက မိမိတို့ဘာသာစကားပြောတဲ့သူတွေကို ရှာဖွေရာမှာ အကူအညီရလိုတယ်ဆိုရင် လုပ်ငန်းတော်ကြီးကြပ်မှူးက အနီးအနားမှာရှိတဲ့ တခြားဘာသာစကားပြောအသင်းတော်တွေက အကြီးအကဲတွေနဲ့ ဆက်သွယ်သင့်တယ်။ သင့်တော်တဲ့အကွာအဝေးမှာရှိတဲ့ အသင်းတော်တွေ ဒါမှမဟုတ် ကိုယ့်ဘာသာစကားပြောတဲ့သူ အတော်အသင့်ရှိတဲ့ရပ်ကွက်ကိုတာဝန်ရထားတဲ့ အသင်းတော်တွေကိုသာ ဆက်သွယ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဆက်သွယ်ခံရတဲ့အသင်းတော်တွေက သူတို့ရဲ့ကြေညာသူတွေကို အဲဒီဘာသာစကားပြောတဲ့သူတွေကိုတွေ့ရင် မှတ်ထားပြီး လုပ်ငန်းတော်ကြီးကြပ်မှူးကိုပေးဖို့ ပြောနိုင်ပါတယ်။ လုပ်ငန်းတော်ကြီးကြပ်မှူးက အကူအညီတောင်းတဲ့အသင်းတော် ဒါမှမဟုတ် အုပ်စုကို ပေးပါလိမ့်မယ်။ ပါဝင်တဲ့အသင်းတော်တွေက ဘာသာစကားမျိုးစုံပြောတဲ့ ရပ်ကွက်ကို ပြီးစီးနိုင်ဖို့၊ စိတ်ဝင်စားတဲ့သူတွေကို သင့်တော်တဲ့အသင်းတော်၊ အုပ်စုဆီ လမ်းညွှန်နိုင်ဖို့ အားလုံးအတွက်အဆင်ပြေမယ့်နည်းလမ်းကို ပူးပေါင်းလုပ်ဆောင်နိုင်ပါတယ်။

တကယ်စိတ်ဝင်စားကြောင်းဖော်ပြတဲ့ ဘာသာခြားစကားပြောသူ (ဒါမှမဟုတ် နားမကြားသူ) တစ်ယောက်ကိုတွေ့တဲ့ကြေညာသူတွေဟာ ကျေးဇူးပြု၍ ဆက်လိုက်ပေးပါ (S-43) ပုံစံကို ချက်ချင်းဖြည့်ပြီး အသင်းတော်အတွင်းရေးမှူးကို ပေးသင့်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် စိတ်ဝင်စားသူကို မြန်မြန်ဆန်ဆန် ကူညီပေးနိုင်မှာဖြစ်တယ်။—km ၅/၁၁ စ. ၃ ကိုကြည့်ပါ။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]

သင့်ဘာသာစကား ပြောတဲ့သူတွေကို ရှာဖွေနိုင်ပုံ

• ကျမ်းစာသင်သားတွေ၊ သူတို့မိသားစုဝင်တွေ၊ အလုပ်ဖော်တွေ စသဖြင့် တခြားသူတွေကို မေးပါ။

• တယ်လီဖုန်းလမ်းညွှန်ကိုသုံးပြီး ကိုယ့်ဘာသာစကားနဲ့ နာမည်တွေကိုရှာပါ။ နာမည်တွေကို လိပ်စာနဲ့အတူစီစဉ်ထားတဲ့ လမ်းညွှန်တွေကို အင်တာနက်ကနေ ဒါမှမဟုတ် တယ်လီဖုန်းကုမ္ပဏီကနေ ရနိုင်ပါတယ်။

• ဒေသအတွင်းမှာရှိတဲ့ စာကြည့်တိုက်၊ အစိုးရဌာန၊ ကောလိပ်ကျောင်း စတဲ့နေရာတွေမှာ လိမ္မာပါးနပ်စွာ မေးကြည့်ပါ။

• နိုင်ငံခြားဘာသာစကားပြောတဲ့ အဖွဲ့အစည်းတွေကကြီးကြပ်တဲ့ အစီအစဉ်တွေအကြောင်း ကြော်ငြာတွေကို သတင်းစာမှာ ရှာကြည့်ပါ။

• နိုင်ငံခြားဘာသာစကားပြောသူတွေကို အထူးဝန်ဆောင်မှုပေးတဲ့ဆိုင်တွေကို လည်ပတ်ကြည့်ပါ။

• သင့်နိုင်ငံဥပဒေက ခွင့်ပြုမယ်ဆိုရင် စီးပွားရေးလမ်းညွှန် ဒါမှမဟုတ် အင်တာနက်မှာ ရှာဖွေပေးတဲ့ ကွန်ပျူတာပရိုဂရမ်တစ်ခု ဝယ်ပါ။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

ရှာဖွေခြင်းလုပ်ငန်းမှာ ပြောဆိုနိုင်ရာ

ဖော်ဖော်ရွေရွေ၊ ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်းချဉ်းကပ်မယ်ဆိုရင် သံသယတွေကို ပပျောက်စေနိုင်ပါတယ်။ ကိုယ့်ဘာသာစကားနဲ့ထုတ်ထားတဲ့ စာပေတွေကို အရင်ပြခြင်းကလည်း အကူအညီဖြစ်စေနိုင်ပါတယ်။

နှုတ်ဆက်စကားပြောပြီးနောက်မှာ ဒီလိုပြောနိုင်တယ်– “ ․․․․․ ဘာသာစကားပြောတဲ့သူတွေကို ကျွန်တော်တို့ လိုက်ရှာနေပါတယ်။ သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ မျှော်လင့်ချက်အကြောင်း ဝေမျှချင်လို့ပါ။ ဒီဘာသာစကားပြောတဲ့သူတစ်ယောက်ယောက်ကို သိပါသလား။”

နားမကြားသူကို ရှာဖွေနေစဉ်မှာ ဒီလိုပြောနိုင်တယ်– “မင်္ဂလာပါ။ ကျွန်တော် တစ်ခုလောက်ပြချင်တယ်။ [ဗီဒီယိုပြစက်ငယ်လေးကို သုံးပြီး New World Translation—On DVD ထဲက အခန်းငယ်တချို့ကို ဖွင့်ပြပါ။] ဒါက အမေရိကန် လက်ဟန်ပြစကားနဲ့ ဖော်ပြထားတဲ့ သမ္မာကျမ်းစာထဲက အခန်းငယ်တချို့ဖြစ်ပါတယ်။ နားမကြားတဲ့သူတွေကို ဘုရားသခင်အကြောင်းပိုသိအောင် ကူညီပေးဖို့ ကျမ်းစာအပြင် တခြားဗီဒီယိုတွေလည်း ပါလာတယ်။ အကြားအာရုံချို့ယွင်းနေပြီး လက်ဟန်ပြစကားပြောတဲ့သူတစ်ယောက်ယောက်ကို သိသလား။” အိမ်ရှင်က မသိဘူးဆိုရင် နားမကြားသူတစ်ယောက်ယောက်ကို သူတွေ့ခဲ့ဖူးတဲ့နေရာ၊ ဥပမာ အလုပ်၊ ကျောင်း ဒါမှမဟုတ် အနီးအနားဝန်းကျင်ကို လမ်းညွှန်ပေးဖို့ပြောတာကလည်း အကျိုးရှိနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ