မလုပ်နိုင်ဘူးလို့ မယူဆပါနဲ့—အလုပ်များပေမဲ့ လုပ်ဆောင်ပါ
၁။ တချို့သူတွေက ကျမ်းစာသင်အံမှုလုပ်ဖို့ ဘာကြောင့် တွန့်ဆုတ်ကြသလဲ။
၁ တချို့သူတွေက အလုပ်များလွန်းလို့ ကျမ်းစာသင်အံမှုကမ်းလှမ်းဖို့ တွန့်ဆုတ်တတ်ကြတယ်။ ကျမ်းစာသင်သားတစ်ယောက်ကို ဂရုစိုက်ရတာက မလွယ်ပါဘူး။ ကျမ်းစာသင်ပေးဖို့ ကြိုတင်လေ့လာရတယ်၊ ပြီးတဲ့နောက် သင်ပေးရတယ်၊ ဒါ့အပြင် သူတို့ဆက်တိုးတက်ဖို့ အတားအဆီးဖြစ်နေတဲ့အရာတွေကို ကျော်လွှားနိုင်အောင် ကူညီပေးရမယ်၊ ဒါတွေလုပ်ဖို့အတွက် အချိန်လိုအပ်ပါတယ်။ တမန်တော်ပေါလုက သက်သာလောနိတ်မြို့သားတွေ ယေဟောဝါကိုသိလာဖို့ သူ့အသက်ကိုတောင်စွန့်ပြီး ကူညီပေးချင်တယ် လို့ပြောခဲ့တယ်။ (၁ သက်. ၂:၇၊ ၈) အရမ်းအလုပ်များတယ်ဆိုရင်တောင် ကျမ်းစာသင်အံမှုတစ်ခုရှိဖို့ ဘယ်လို လုပ်နိုင်သလဲ။
၂။ ကျွန်ုပ်တို့ ယေဟောဝါကို ချစ်ကြောင်း ကျွန်ုပ်တို့ရဲ့ အချိန်အသုံးပြုပုံက ဘယ်လိုဖော်ပြသလဲ။
၂ ဝတ်ပြုရေးအတွက် အချိန်ပေးရ– ဝတ်ပြုရေးအတွက် အချိန်ပေးရတယ်ဆိုတာ အမှန်ပါပဲ။ ဥပမာ၊ အစည်းအဝေးတွေတက်ဖို့၊ အမှုဆောင်လုပ်ငန်းမှာ ပါဝင်ဖို့၊ ကျမ်းစာဖတ်ဖို့နဲ့ ဆုတောင်းဖို့ ကျွန်ုပ်တို့ ပုံမှန်အချိန်ပေးရတယ်။ အရမ်းအလုပ်များတဲ့ ဇနီးမောင်နှံတွေတောင် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးဖို့ တလိုတလားရှိကြတယ်။ ကျွန်ုပ်တို့ဟာ ယေဟောဝါကို ချစ်တဲ့အတွက် ကိုယ်တော့်ကိုဝတ်ပြုဖို့ ဝမ်းမြောက်စွာနဲ့ ပိုပြီး ‘အချိန်ဝယ်ယူ’ သင့်တယ်မဟုတ်လား။ (ဧ. ၅:၁၅-၁၇; ၁ ယော. ၅:၃) ယေရှုမိန့်မှာထားတဲ့အတိုင်း ကျွန်ုပ်တို့ဝတ်ပြုမှုရဲ့ အရေးကြီးတဲ့ကဏ္ဍတစ်ခုက တပည့်ဖြစ်စေခြင်းအလုပ်ဖြစ်တယ်။ (မ. ၂၈:၁၉၊ ၂၀) အဲဒီမိန့်မှာချက်ကို ပြန်စဉ်းစားသုံးသပ်ခြင်းက မတွန့်ဆုတ်ဘဲ ကျမ်းစာသင်အံမှုကျင်းပဖို့ ကျွန်ုပ်တို့ကို ထောက်ကူပေးပါလိမ့်မယ်။
၃။ တကယ်လို့ ကျွန်ုပ်တို့ရဲ့ အခြေအနေက အခက်အခဲဖြစ်နေတယ်ဆိုရင်တောင် ကျမ်းစာသင်အံမှုတစ်ခု ပြုလုပ်ဖို့ ဘယ်လိုစီစဉ်နိုင်သလဲ။
၃ ဒါပေမဲ့ ကျွန်ုပ်တို့မှာ လုပ်စရာအလုပ်တွေရှိတယ်၊ နာတာရှည်ရောဂါရှိတယ် ဒါမှမဟုတ် အသင်းတော်နဲ့ အဖွဲ့အစည်းဆိုင်ရာတာဝန်တွေ ရှိတယ်ဆိုရင်ကော။ တစ်ခါတလေ ခရီးသွားတတ်တဲ့ ကြေညာသူတချို့က ဖုန်း၊ ဒါမှမဟုတ် ကွန်ပျူတာနဲ့ ကျမ်းစာသင်အံမှု ပြုလုပ်ကြတယ်။ တချို့နာတာရှည်ရောဂါရှိသူတွေကျတော့ ကျမ်းစာသင်သားတွေကို ဖိတ်ခေါ်ပြီး မိမိတို့ရဲ့အိမ်မှာ ကျမ်းစာသင်ဖို့ စီစဉ်ခဲ့ကြတယ်။ ကြေညာသူတချို့ကတော့ သူတို့ရဲ့ ကျမ်းစာသင်အံမှုကို သူတို့ မသင်နိုင်တဲ့အခါ တခြား သင့်လျော်တဲ့ကြေညာသူကို အစားထိုးပြီး သင်ပေးဖို့ စီစဉ်ကြတယ်။
၄။ ကျမ်းစာသင်အံမှုလုပ်ငန်းမှာ ပါဝင်ခြင်းကနေ ဘာ ကောင်းချီးတွေ ခံစားရသလဲ။
၄ ပေါလုဟာ သူ့ရဲ့အချိန်နဲ့ ခွန်အားကိုသုံးပြီး တခြားသူတွေ အမှန်တရားသိရှိလာအောင် ကူညီပေးရတဲ့အတွက် ပျော်ရွှင်မှုများစွာ ခံစားခဲ့ရတယ်။ (တ. ၂၀:၃၅) သက်သာလောနိတ်မြို့မှာရှိတဲ့သူတွေကို ကူညီပေးခဲ့တာတွေကို ပေါလု ပြန်စဉ်းစားမိတဲ့အခါ ယေဟောဝါကို ကျေးဇူးတင်ဖို့ လှုံ့ဆော်ခံရတယ်။ (၁ သက်. ၁:၂) ကျွန်ုပ်တို့မှာ လုပ်စရာအလုပ်တွေ အများကြီးရှိတဲ့ကြားက ကျမ်းစာသင်အံမှုလုပ်ငန်းမှာ ပါဝင်မယ်ဆိုရင် အမှုဆောင်လုပ်ငန်းမှာ ကျွန်ုပ်တို့ ပိုပြီး ပျော်ရွှင်ကျေနပ်မှု ခံစားရမှာဖြစ်တယ်။