ပရောဖက်တွေရဲ့စံနမူနာကို တုပပါ—ယောန
၁။ ယောနမှာ ဘယ်အရည်အသွေးကောင်းတွေ ရှိပါသလဲ။
၁ ပရောဖက်ယောနရဲ့အကြောင်း သင် စဉ်းစားတဲ့အခါ သင့်စိတ်ထဲ ဘာပေါ်လာသလဲ။ တချို့က သူ့ကို သူရဲဘောကြောင်တဲ့သူ ဒါမှမဟုတ် အကြင်နာမဲ့သူအဖြစ် ရှုမြင်မှာဖြစ်တယ်။ ဒါပေမဲ့ သူဟာ နှိမ့်ချမှု၊ ရဲစွမ်းသတ္တိနဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်တို့ကို အထင်အရှား ဖော်ပြခဲ့သူဖြစ်တယ်။ ယောနရဲ့ အဲဒီအရည်အသွေးကောင်းတွေကို ကျွန်ုပ်တို့ ဘယ်လို “နမူနာ” ယူနိုင်သလဲ။—ယာ. ၅:၁၀။
၂။ ယောနရဲ့ နှိမ့်ချမှုကို ကျွန်ုပ်တို့ ဘယ်လို အတုယူနိုင်မလဲ။
၂ နှိမ့်ချမှု– ယောနဟာ အစပိုင်းမှာ သူတာဝန်ကျရာနယ်မြေရဲ့ ဆန့်ကျင်ဘက်အရပ်ကို ထွက်ပြေးခဲ့တယ်။ အာရှုရိလူတွေဟာ ရက်စက်တဲ့နေရာမှာ နာမည်ကြီးပြီး နိနေဝေမြို့ဟာ “လူအသက်ကို သတ်တတ်သောမြို့” ဆိုပြီး အမည်တွင်တဲ့အတွက် ယောန ထွက်ပြေးသွားတာ အံ့ဩစရာမဟုတ်ပါဘူး။ (နာ. ၃:၁-၃) ဒါပေမဲ့ ယောနကို ယေဟောဝါဘုရားသခင် ဆုံးမပဲ့ပြင်ပေးခဲ့တယ်။ ဒါနဲ့ ယောန နောက်တစ်ကြိမ် အခွင့်အရေးပြန်ရတဲ့အခါ တာဝန်ကို လက်ခံခြင်းအားဖြင့် နှိမ့်ချမှုပြခဲ့တယ်။ (သု. ၂၄:၃၂; ယောန ၃:၁-၃) အစပိုင်းမှာ ယောန ထွက်ပြေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ယေဟောဝါရဲ့အလိုတော်ကို ထမ်းဆောင်ခဲ့ပါတယ်။ (မ. ၂၁:၂၈-၃၁) ကျွန်ုပ်တို့လည်း ဆုံးမခံရတဲ့အခါ ဒါမှမဟုတ် ခက်ခဲတဲ့ရပ်ကွက်မှာ အမှုဆောင်ဖို့ တာဝန်ရတဲ့အခါ သတင်းကောင်းဟောပြောဖို့ ဆုံးဖြတ်ချက်ချထားသလား။
၃။ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်အခြေအနေမျိုးမှာ ရဲစွမ်းသတ္တိနဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်တွေ လိုအပ်ပါသလဲ။
၃ ရဲစွမ်းသတ္တိနဲ့ ကိုယ်ကျိုးစွန့်စိတ်ဓာတ်– ယောနဟာ မိမိရဲ့ဆုံးဖြတ်ချက်အမှားကြောင့် သင်္ဘောသားတွေ အသက်ဘေးနဲ့ ကြုံရတယ်ဆိုတာ သိလိုက်ရတဲ့အခါ မိမိအသက်ကိုစွန့်ဖို့ တလိုတလားရှိခဲ့တယ်။ (ယောန ၁:၃၊ ၄၊ ၁၂) နောက်ပိုင်းမှာ ယောနဟာ သူ့ရဲ့တာဝန်ကို လုပ်ဆောင်ဖို့အတွက် နိနေဝေမြို့ရဲ့ မြို့လယ်ခေါင်ကို သွားခဲ့တယ်။ ယေဟောဝါရဲ့ တရားစီရင်ချက်ကို ကြေညာဖို့ သင့်တော်တဲ့နေရာ သွားရှာတာ ဖြစ်နိုင်တယ်။ ဒီလိုမျိုးလုပ်ရပ်တွေကို သူရဲဘောကြောင်သူတစ်ယောက် မလုပ်နိုင်ပါဘူး။ ဘုရားသခင်ရဲ့ ရဲစွမ်းသတ္တိရှိတဲ့ ပရောဖက်ပဲ လုပ်နိုင်ပါတယ်။ (ယောန ၃:၃၊ ၄) ကနေ့ခေတ် ကျွန်ုပ်တို့ကော။ ဆန့်ကျင်မှုတွေ ရင်ဆိုင်ရတဲ့အခါ သတ္တိရှိရှိဟောပြောနိုင်ဖို့ ဘုရားသခင်ဆီကနေ ရဲစွမ်းသတ္တိ တောင်းခံဖို့လိုပါတယ်။ (တ. ၄:၂၉၊ ၃၁) အမှုဆောင်လုပ်ငန်းအတွက် အချိန်၊ ခွန်အားနဲ့ ဥစ္စာအင်ခွင်တွေ ပေးဆက်ရတဲ့အခါ ကိုယ်ကျိုးစွန့်စိတ်ဓာတ် လိုအပ်ပါတယ်။—တ. ၂၀:၂၄။
၄။ ယေဟောဝါဘုရားသခင့် ပရောဖက်တွေရဲ့ စံနမူနာတွေကို ဘာကြောင့် အချိန်ယူ ဆင်ခြင်သုံးသပ်သင့်ပါသလဲ။
၄ ယေဟောဝါဘုရားသခင့် ပရောဖက်တစ်ဦးရဲ့ မှတ်တမ်းကို ဖတ်ရှုတဲ့အခါတိုင်း အဲဒီမှတ်တမ်းမှာ သင် ကိုယ်တိုင်ပါဝင်နေတယ်လို့ မြင်ယောင်ကြည့်မယ်ဆိုရင် အကျိုးရရှိပါလိမ့်မယ်။ သင့်ကိုယ်သင် ဒီလိုမေးကြည့်ပါ– ‘ငါသာဆိုရင် ဘယ်လိုတုံ့ပြန်မလဲ။ ဒီပရောဖက်ရဲ့ အရည်အသွေးကောင်းတွေကို ငါ့ဘဝမှာ ဘယ်လိုမွေးမြူ ကျင့်သုံးနိုင်မလဲ။’ (ဟေဗြဲ ၆:၁၁၊ ၁၂) ယေဟောဝါဘုရားသခင်ရဲ့ တခြားသစ္စာရှိ ပရောဖက်တွေဆီကနေ ကျွန်ုပ်တို့သင်ယူနိုင်တဲ့ နောက်ထပ် အဖိုးတန်သင်ခန်းစာတွေကို ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုရဲ့ လာမယ့်ဆောင်းပါးတွေမှာ သုံးသပ်သွားပါမယ်။