ပရောဖက်တွေရဲ့ စံနမူနာကို တုပပါ —အာမုတ်
၁။ အာမုတ်ရဲ့စံနမူနာကနေ ဘာဖြစ်လို့ ခွန်အားယူနိုင်တာလဲ။
၁ သင်ရဲ့နိမ့်ကျတဲ့ နောက်ခံကြောင့် ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ သင် ခံစားဖူးသလား။ ဒါဆိုရင် အာမုတ်ရဲ့ စံနမူနာကနေ ခွန်အားယူနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ သိုးကျောင်းသားဖြစ်တဲ့အပြင် ရာသီအလိုက် ဥယျာဉ်ခြံတွေမှာလုပ်တဲ့ အလုပ်သမားလည်း ဖြစ်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့သတင်းတရားကို ကြေညာနိုင်ဖို့ သူ့ကို ယေဟောဝါဘုရား ခွန်အားပေးခဲ့တယ်။ (အာ. ၁:၁; ၇:၁၄၊ ၁၅) အလားတူပါပဲ၊ ကျွန်ုပ်တို့ခေတ်မှာလည်း သတင်းတရားဟောပြောဖို့ နိမ့်ကျတဲ့သူတွေကို ယေဟောဝါဘုရား အသုံးပြုနေပါတယ်။ (၁ ကော. ၁:၂၇-၂၉) အမှုဆောင်လုပ်ငန်းအတွက် ပရောဖက်အာမုတ်ဆီကနေ ဘာတွေ သင်ယူနိုင်သေးသလဲ။
၂။ အမှုဆောင်လုပ်ငန်းမှာ အတိုက်အခံတွေကြုံရတဲ့အခါ ကျွန်ုပ်တို့ ဘာကြောင့် ကြံ့ကြံ့ခံရပ်တည်နိုင်ကြတာလဲ။
၂ အတိုက်အခံကြုံရချိန်မှာ ကြံ့ကြံ့ခံရပ်တည်ပါ– မြောက်ပိုင်းအစ္စရေးဆယ်နွယ်နိုင်ငံက နွားရုပ်ကိုးကွယ်တဲ့ ယဇ်ပုရောဟိတ်အာမဇိဟာ အာမုတ် ပရောဖက်ပြုနေတာကို ကြားတဲ့အခါ ဒီလိုသဘောမျိုးနဲ့ ပြန်ပြောခဲ့တယ်– ‘မင်းပြန်တော့၊ ငါတို့ကို ဘာမှပြောစရာမလိုဘူး၊ ငါတို့မှာ ကိုယ်ပိုင်ဘာသာရှိတယ်။’ (အာ. ၇:၁၂၊ ၁၃) အာမဇိက အာမုတ်ရဲ့ပရောဖက်ပြုချက်တွေကို မလိမ့်တပတ်လုပ်ပြီး အာမုတ်ပရောဖက်ပြုတာကို ရပ်ခိုင်းဖို့ ဘုရင်ယေရောဗောင်ကို တောင်းဆိုခဲ့တယ်။ (အာ. ၇:၇-၁၁) ဒါပေမဲ့ အာမုတ်ကတော့ မကြောက်လန့်ခဲ့ပါဘူး။ ယနေ့လည်း ခရစ်ယာန်ဘောင်ဓမ္မဆရာတချို့က နိုင်ငံရေးကိုအားပြုပြီး ယေဟောဝါသက်သေတွေကို ညှဉ်းပန်းနှိပ်စက်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ကို တိုက်ခိုက်ဖို့လုပ်တဲ့ ဘယ်လက်နက်မှ ကြာရှည်အောင်မြင်မှာ မဟုတ်ဘူးလို့ ယေဟောဝါဘုရား အာမခံထားပါတယ်။—ဟေရှာ. ၅၄:၁၇။
၃။ ယနေ့ ကျွန်ုပ်တို့ ဟောပြောနေတဲ့ သတင်းတရားရဲ့ အပိုင်းနှစ်ပိုင်းကို ဖော်ပြပါ။
၃ ဘုရားသခင်ရဲ့တရားစီရင်ခြင်းနဲ့ အနာဂတ်ကောင်းချီးတွေကို ကြေညာပါ– အာမုတ်က အစ္စရေးဆယ်နွယ်နိုင်ငံကို ဘုရားသခင် တရားစီရင်မယ့်အကြောင်း ပရောဖက်ပြုခဲ့ပေမဲ့ ပြန်လည်ထူထောင်ပြီး ကောင်းချီးတွေအများကြီးပေးမယ်ဆိုတဲ့ ကတိတွေနဲ့ သူ့ရဲ့ကျမ်းစာစောင်ကို နိဂုံးချုပ်ထားပါတယ်။ (အာ. ၉:၁၃-၁၅) ကျွန်ုပ်တို့လည်း မကြာခင် ရောက်လာတော့မယ့် ဘုရားသခင့်ရဲ့ “တရားစီရင်ရာနေ့” အကြောင်း ဟောပြောနေကြတယ်။ တကယ်တော့၊ အဲဒီအကြောင်းက ကျွန်ုပ်တို့ ဟောပြောရမယ့် ‘နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်း’ ရဲ့အပိုင်းတစ်ပိုင်းပဲ ဖြစ်ပါတယ်။ (၂ ပေ. ၃:၇; မ. ၂၄:၁၄) နောက်တစ်ပိုင်းက အာမဂေဒုန်မှာ ဆိုးညစ်တဲ့သူတွေကို ယေဟောဝါဘုရား ဖျက်ဆီးပြီးနောက် မြေကြီးပေါ်မှာ ပရဒိသုပြန်ဖြစ်လာမယ်ဆိုတဲ့အကြောင်း ဖြစ်တယ်။—ဆာ. ၃၇:၃၄။
၄။ ယေဟောဝါဘုရားရဲ့ အလိုတော်အတိုင်း ကျွန်ုပ်တို့ လုပ်ဆောင်နိုင်မယ်ဆိုတာ ဘာအာမခံချက်ရှိသလဲ။
၄ ယေဟောဝါဘုရားအပေါ် ဆက်ကပ်အပ်နှံခြင်းနဲ့အညီ၊ ကိုယ်တော့်ရဲ့အလိုတော်နဲ့အညီ လုပ်ဆောင်ဖို့ ကျွန်ုပ်တို့ ဆုံးဖြတ်ထားကြတယ်။ ဒါပေမဲ့ အတိုက်အခံတွေအများကြီးရှိတဲ့ ဒီလောကမှာ နိုင်ငံတော်သတင်းတရားကို ဟောပြောရတာက အဲဒီဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ဖို့ ခက်ခဲစေတယ်။ (ယော. ၁၅:၁၉) ဘာပဲဖြစ်ဖြစ်၊ ယေဟောဝါဘုရားက မိမိရဲ့အလိုတော် ပြည့်စုံဖို့ အာမုတ်ကို ခွန်အားပေးခဲ့သလို ကျွန်ုပ်တို့ လိုအပ်တဲ့ ခွန်အားကိုလည်း ပေးမယ်ဆိုတာ အာမခံထားပါတယ်။—၂ ကော. ၃:၅။