ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
၁။ ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဆိုတဲ့ဘရိုရှာကို ဘယ်တော့စလေ့လာမှာလဲ။ ဒီဘရိုရှာကို လေ့လာခြင်းကြောင့် ဘာအကျိုးကျေးဇူးတွေ ရရှိမှာလဲ။
၁ အောက်တိုဘာ ၂၈ ရက်နေ့ကစတဲ့ အပတ်ကနေ အသင်းတော်ကျမ်းစာလေ့လာမှုမှာ ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ ဆိုတဲ့ ဘရိုရှာကို လေ့လာသွားကြမယ်။ “သင့်စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ” ဆိုတဲ့ ခရိုင်စည်းဝေးကြီးမှာ ဒီဘရိုရှာအသစ်ကို ထုတ်ဝေခဲ့တာဖြစ်တယ်။ ဒီဘရိုရှာကို ထုတ်ဝေရခြင်းက ကျမ်းစာသင်သားတွေကို အဖွဲ့အစည်းအကြောင်းသိလာအောင် ကူညီပေးဖို့ ဖြစ်တယ်။ ဒီဘရိုရှာကိုလေ့လာခြင်းကြောင့် ဘုရားအဖွဲ့အစည်းထဲမှာ ကျွန်ုပ်တို့ရှိနေခွင့်ရတာကို ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာပါလိမ့်မယ်။ ဒါ့အပြင် ဟောပြောသွန်သင်ခြင်းလုပ်ငန်းမှာ ဒီအဖိုးတန်ဘရိုရှာကို ဘယ်လို ကောင်းစွာအသုံးပြုရမလဲဆိုတာလည်း သိလာပါလိမ့်မယ်။—ဆာ. ၄၈:၁၃။
၂။ အသင်းတော်ကျမ်းစာလေ့လာမှုမှာ ဒီဘရိုရှာကို ဘယ်လိုနည်းနဲ့ လေ့လာသွားမှာလဲ။
၂ ဘယ်လိုလေ့လာမလဲ– သင်တန်းမှူးဟာ သတ်မှတ်ထားချိန်အတွင်းမှာ လေ့လာမယ့်အခန်းတွေကို အချိန်မီပြီးစီးနိုင်ဖို့ အချိန်ကို မျှသုံးတတ်ရမယ်။ အခန်းတစ်ခန်းစီရဲ့ မေးခွန်းပုံစံရှိတဲ့ ခေါင်းစဉ်တွေကို ဖတ်ပြီး လေ့လာမှုကို စတင်မှာ ဖြစ်တယ်။ ပြီးနောက် အပိုဒ်ဖတ်ညီအစ်ကိုက ပထမဆုံးအပိုဒ်ကို ဖတ်ပြပါလိမ့်မယ်။ သင်တန်းမှူးက အဲဒီအပိုဒ်အတွက် သူပြင်ဆင်ထားတဲ့မေးခွန်းကို မေးပါမယ်။ စာလုံးမည်းနဲ့ရေးထားတဲ့ အပိုင်းတွေကို တစ်ပိုင်းစီဖတ်ပြီး ဆွေးနွေးသွားမယ်။ အပိုင်းတစ်ပိုင်းဖတ်ပြီးတဲ့အခါ ဒီအပိုင်းက ခေါင်းစဉ်မေးခွန်းကို ဘယ်လိုအဖြေပေးထားသလဲဆိုတာ သင်တန်းမှူးက ပရိသတ်ကို မေးပါမယ်။ ဒီဘရိုရှာမှာ ပုံတွေလည်း အများကြီးပါတဲ့အတွက် ပုံတွေကနေလည်း မှတ်ချက်ပေးနိုင်တယ်။ အဓိက ကျမ်းချက်တွေကို အချိန်ရသလောက် ဖတ်သင့်တယ်။ သင်တန်းမှူးက နောက်အခန်းတစ်ခု မသွားခင် ပြန်လည်သုံးသပ်တဲ့အနေနဲ့ အောက်ဆုံးမှာရှိတဲ့ မေးခွန်းတွေကို မေးသွားမှာဖြစ်တယ်။ “ထပ်ဆင့်လေ့လာကြည့်ပါ” ဆိုတဲ့ လေးထောင့်ကွက်ရှိရင် အပိုဒ်ဖတ်ညီအစ်ကိုက အဲဒါကိုဖတ်ပါ။ ကျမ်းစာသင်သားက အဲဒီမှာပါတဲ့ အကြံပြုချက်တွေကို လိုက်လျှောက်မယ်ဆိုရင် ဘယ်လိုအကျိုးရရှိနိုင်မလဲဆိုတာ မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ လေ့လာမှုပြီးလို့ အချိန်ရသေးရင် ပြန်လည်သုံးသပ်တဲ့အနေနဲ့ ခေါင်းစဉ်ပုံစံရှိတဲ့ မေးခွန်းတွေကို ပြန်မေးပါလိမ့်မယ်။ ဒါပေမဲ့ ဒီလေ့လာမှုပုံစံအတိုင်း ကျမ်းစာသင်အံမှုမှာ လုပ်ရမယ်လို့ မဆိုလိုပါဘူး။
၃။ ဒီဘရိုရှာကို လေ့လာမှုကနေ အကျိုးအပြည့်အဝရရှိဖို့ ဘာလုပ်ရမလဲ။
၃ ဒီလေ့လာမှုကနေ အကျိုးအပြည့်အဝရဖို့ အစည်းအဝေးမလာခင် သေချာပြင်ဆင်ပါ။ မှတ်ချက်ပေးနိုင်ဖို့ ကြိုးစားပါ။ စည်းဝေးမှာလေ့လာတဲ့အခါ ဒီအကြောင်းက ကိုယ့်ရဲ့ သင်သားအတွက် ဘယ်လိုအကျိုးဖြစ်စေမလဲဆိုတာ စဉ်းစားပါ။ ဒီဘရိုရှာအသစ်ကို လေ့လာခြင်းကြောင့် ကျွန်ုပ်တို့ဟာ တခြားသူတွေကို ကိုယ်နဲ့အတူ ဘုရားအလိုတော်ဆောင်ဖို့ ကူညီပေးနိုင်မယ်။ ဒါမှ သူတို့လည်း ထာဝရအသက်မျှော်လင့်ချက် ရရှိလာမှာဖြစ်တယ်။—၁ ယော. ၂:၁၇။