လယ်ကွင်းစုဆုံမှုလုပ်ရတဲ့ ရည်ရွယ်ချက်
၁။ လယ်ကွင်းစုဆုံမှုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ။
၁ တစ်ခါတုန်းက တပည့်တော် ၇၀ အမှုဆောင်မထွက်ခင် သူတို့နဲ့ ယေရှု စုဆုံခဲ့ပါတယ်။ (လု. ၁၀:၁-၁၁) စုဆုံမှုမှာ ယေရှုက သူတို့နဲ့အတူ “စပါးရှင်” ယေဟောဝါဘုရားရှိပြီး လမ်းညွှန်ပေးနေတယ်ဆိုတာပြောပြပြီး အားပေးခဲ့တယ်။ သူတို့ ဟောပြောခြင်းလုပ်ငန်းလုပ်နိုင်အောင် လိုအပ်တဲ့လမ်းညွှန်ချက်တွေပေးတဲ့အပြင် “နှစ်ဦးစီ” တွဲပြီး စနစ်တကျ စေလွှတ်ခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း အလားတူပါပဲ။ ကျွန်ုပ်တို့ကို အားပေးဖို့၊ လမ်းညွှန်ချက်တွေပေးဖို့၊ စနစ်တကျဖွဲ့စည်းဖို့ လယ်ကွင်းစုဆုံမှု လုပ်ရတာဖြစ်တယ်။
၂။ လယ်ကွင်းစုဆုံမှုကို ဘယ်လောက်ကြာကြာလုပ်ရမလဲ။
၂ လယ်ကွင်းစုဆုံမှုမှာ အုပ်စုခွဲတာ၊ ထွက်မယ့်ရပ်ကွက်ပြောပြတာ၊ ဆုတောင်းတာတွေလုပ်တဲ့အတွက် ၁၀ မိနစ် ကနေ ၁၅ မိနစ်အထိ ကြာတတ်ပါတယ်။ အခုတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်ပါပြီ။ ဧပြီလကနေစပြီး စုဆုံမှုကြာချိန်က ၅ မိနစ်ကနေ ၇ မိနစ်အထိ ဖြစ်ပါတယ်။ ဒါပေမဲ့ စည်းဝေးပြီးမှ စုဆုံမှုလုပ်တယ်ဆိုရင် ကြာချိန်က အဲဒီထက် ပိုနည်းသင့်ပါတယ်။ အကြောင်းက ကျမ်းစာဟောပြောချက်ကို ညီအစ်ကိုညီအစ်မတွေ ကြားသိခဲ့ပြီးလို့ဖြစ်ပါတယ်။ စုဆုံမှုကြာချိန်လျှော့ချလိုက်တာကြောင့် အမှုဆောင်လုပ်ငန်းအတွက် အချိန်ပိုရစေပါတယ်။ ဒါ့အပြင် ကြေညာသူတွေ၊ ရှေ့ဆောင်တွေက စုဆုံမှုမစခင်ကတည်းက ဟောနေတယ်ဆိုရင် စုဆုံမှုတက်ဖို့ သူတို့ဟောတာကို ခဏလောက်ပဲ ရပ်ဖို့လိုတယ်။ ပြီးမှ ဆက်ဟောနိုင်ပါတယ်။
၃။ ညီအစ်ကိုညီအစ်မတွေ အကျိုးအပြည့်အဝရဖို့ လယ်ကွင်းစုဆုံမှုကို ဘယ်လို စီစဉ်နိုင်မလဲ။
၃ လယ်ကွင်းစုဆုံမှုကို စနစ်တကျ စီစဉ်သင့်ပါတယ်။ ဒါမှသာ ကြေညာသူတွေ အကျိုးအပြည့်အဝရရှိနိုင်မှာ ဖြစ်တယ်။ အသင်းတော်များစွာမှာ လယ်ကွင်းစုဆုံမှုကို တစ်နေရာထဲမှာလုပ်တာထက် အုပ်စုခွဲပြီးလုပ်တာက အကျိုးရှိတယ်ဆိုတာ တွေ့ခဲ့ရတယ်။ အဲဒါကြောင့် လယ်ကွင်းစုဆုံမှုဆီ၊ ရပ်ကွက်ဆီသွားတဲ့အခါ လွယ်ကူသွားပါတယ်။ အုပ်စုကြီးကြပ်မှူးတွေကလည်း ကြေညာသူတွေကို လူတွဲပေးဖို့၊ သူတို့ကို အနီးကပ်ဂရုစိုက်ပေးဖို့ ပိုလွယ်ကူလာနိုင်တယ်။ အကြီးအကဲအဖွဲ့က စုဆုံမှုကို ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ဒေသအခြေအနေအလိုက် ဆုံးဖြတ်နိုင်ပါတယ်။ စုဆုံမှုကို အတိုချုပ်ဆုတောင်းပြီး နိဂုံးမချုပ်ခင် ဘယ်ရပ်ကွက်ကိုသွားမယ်၊ ဘယ်သူနဲ့တွဲရမယ်ဆိုတာ အားလုံးကို ပြောပြထားသင့်ပါတယ်။
၄။ လယ်ကွင်းစုဆုံမှုက အသင်းတော်စည်းဝေးတွေလောက် အရေးမကြီးဘူးလို့ ဘာကြောင့်မယူမှတ်သင့်သလဲ။
၄ လယ်ကွင်းစုဆုံမှုက အသင်းတော်စည်းဝေးတွေလိုပဲ အရေးကြီး– လယ်ကွင်းစုဆုံမှုကို အမှုဆောင်သွားမယ့်သူတွေအတွက် ကျင်းပပေးတာကြောင့် ညီအစ်ကိုညီအစ်မအားလုံး တက်ရောက်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် လယ်ကွင်းစုဆုံမှုက အသင်းတော်စည်းဝေးတွေလောက် အရေးမပါဘူးလို့ ပေါ့ပေါ့ဆဆမယူမှတ်သင့်ဘူး။ အသင်းတော်စည်းဝေးအားလုံးလိုပါပဲ၊ စုဆုံမှုက ယေဟောဝါဘုရားရဲ့ ပြင်ဆင်ပေးချက်ဖြစ်လို့ အချင်းချင်း မေတ္တာစိတ်ရှိစေပြီး အကျင့်ကောင်းများ ကျင့်စေပါတယ်။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) စုဆုံမှုကိုင်တွယ်သူက ကောင်းကောင်းပြင်ဆင်ထားမှသာ ဆွေးနွေးချက်တွေက ယေဟောဝါဘုရားကို ဂုဏ်တင်ပြီး တက်ရောက်သူတွေအတွက် အကျိုးရရှိစေမှာဖြစ်တယ်။ ဒါကြောင့် အမှုဆောင်သွားမယ့်သူအားလုံး စုဆုံမှုကို အတတ်နိုင်ဆုံး ကြိုးစားတက်ရောက်သင့်ပါတယ်။
လယ်ကွင်းစုဆုံမှုက အသင်းတော်စည်းဝေး တွေလောက် အရေးမဘူးလို့ ပေါ့ပေါ့ဆဆ မယူမှတ်သင့်
၅။ (က) လယ်ကွင်းစုဆုံမှုအတွက် စီစဉ်တဲ့အခါ လုပ်ငန်းတော်ကြီးကြပ်မှူးရဲ့တာဝန်က ဘာလဲ။ (ခ) ညီအစ်မတစ်ဦးက စုဆုံမှုကို ဘယ်လိုကိုင်တွယ်သင့်သလဲ။
၅ ကိုင်တွယ်သူ ပြင်ဆင်ရမယ့်အပိုင်း– အသင်းတော်စည်းဝေးတွေမှာ ကျွန်ုပ်တို့က တာဝန်ကို ကြိုရထားမှသာ ကောင်းကောင်းပြင်ဆင်ပြီး တင်ဆက်နိုင်မှာဖြစ်တယ်။ လယ်ကွင်းစုဆုံမှုလည်း အလားတူပါပဲ။ လယ်ကွင်းစုဆုံမှုကို အုပ်စုလိုက်ခွဲလုပ်ရင် အုပ်စုကြီးကြပ်မှူးဖြစ်ဖြစ်၊ လက်ထောက်ဖြစ်ဖြစ် စုဆုံမှုကိုင်တွယ်နိုင်ပါတယ်။ အသင်းတော်တစ်ခုလုံးပေါင်းပြီး စုဆုံမှုလုပ်ရင်တော့ လုပ်ငန်းတော်ကြီးကြပ်မှူးက စုဆုံမှုကိုင်တွယ်ဖို့ တစ်ဦးဦးကို တာဝန်ပေးသွားပါမယ်။ လုပ်ငန်းတော်ကြီးကြပ်မှူးတချို့က ကိုင်တွယ်သူအားလုံးဆီ အစီစဉ်ဇယားပေးတဲ့အပြင် ကြေငြာသင်ပုန်းမှာလည်း ကပ်ထားပေးတယ်။ စုဆုံမှုကနေ ဘယ်လောက်အကျိုးရနိုင်မလဲဆိုတာက ကိုင်တွယ်သူတွေရဲ့ သွန်သင်ခြင်းစွမ်းရည်နဲ့ စနစ်တကျစီစဉ်တတ်မှုတို့အပေါ် မူတည်ပါတယ်။ ဒါကြောင့် လုပ်ငန်းတော်ကြီးကြပ်မှူးက စုဆုံမှုကိုင်မယ့်သူကို တာဝန်ချတဲ့အခါ သေချာစဉ်းစားဖို့လိုပါတယ်။ တချို့ရက်တွေမှာ လယ်ကွင်းစုဆုံမှု ကိုင်တွယ်ဖို့ အကြီးအကဲ၊ အသင်းတော်အမှုထမ်း၊ နှစ်ခြင်းခံပြီးသား အရည်အချင်းရှိတဲ့ညီအစ်ကိုတွေ မရှိဘူးဆိုရင် လုပ်ငန်းတော်ကြီးကြပ်မှူးက နှစ်ခြင်းခံပြီးသား အရည်အချင်းရှိတဲ့ညီအစ်မတစ်ဦးကို စုဆုံမှုကိုင်တွယ်ဖို့ တာဝန်ပေးနိုင်ပါတယ်။—စာမျက်နှာ ၆ က “ညီအစ်မတစ်ဦး စုဆုံမှုကိုင်တွယ်ရတဲ့အခါ” ဆောင်းပါးကိုကြည့်ပါ။
၆။ စုဆုံမှုကိုင်တွယ်မယ့်သူက သေချာပြင်ဆင်ထားဖို့ ဘာကြောင့် အရေးကြီးတာလဲ။
၆ ဟောပြောသွန်သင်ခြင်းသင်တန်း၊ လုပ်ငန်းတော်စည်းဝေးမှာ ကျွန်ုပ်တို့တာဝန်ကျတဲ့အခါ အဲဒါကို အလေးအနက်ထားပြီး သေချာပြင်ဆင်ကြတယ်။ အများစုက စည်းဝေးသွားနေချိန်ကျမှာပဲ ကိုယ်တင်ဆက်ရမယ့်အကြောင်းအရာအတွက် စဉ်းစားပြင်ဆင်တာမျိုး မလုပ်ကြပါဘူး။ လယ်ကွင်းစုဆုံမှုကိုင်တွယ်ဖို့ တာဝန်ရတဲ့အခါမှာလည်း အဲဒီလို မလုပ်ဆောင်သင့်ပါဘူး။ စုဆုံမှုကြာချိန် လျှော့ချလိုက်တာကြောင့် စုဆုံမှုကို အဓိပ္ပာယ်ရှိရှိနဲ့ အချိန်မီပြီးနိုင်အောင် သေချာပြင်ဆင်ထားဖို့ အထူးလိုအပ်ပါတယ်။ ကောင်းစွာပြင်ဆင်ထားမှုမှာ ရပ်ကွက်အကြောင်း ကြိုသိထားတာလည်း ပါဝင်တယ်။
၇။ စုဆုံမှုကိုင်တွယ်သူ ဆွေးနွေးနိုင်တဲ့ အကြောင်းအရာတချို့က ဘာတွေလဲ။
၇ ဆွေးနွေးမယ့်အကြောင်းအရာများ– ရပ်ကွက်တစ်ခုနဲ့တစ်ခု အခြေအနေမတူတာကြောင့် သစ္စာနဲ့သတိပညာရှိကျွန်က စုဆုံမှုအားလုံးအတွက် အောက်လိုင်း မပြင်ဆင်ပေးထားပါဘူး။ “စုဆုံမှုအတွင်း ဆွေးနွေးသုံးသပ်နိုင်ရာများ” လေးထောင့်ကွက်မှာ ဆွေးနွေးနိုင်မယ့်တချို့အချက်တွေကို ဖော်ပြထားပါတယ်။ စုဆုံမှုကို ဆွေးနွေးခန်းအနေနဲ့ ကိုင်တွယ်သွားမှာဖြစ်ပေမဲ့ တစ်ခါတလေ သေချာပြင်ဆင်ထားတဲ့ သရုပ်ပြတွေ၊ jw.org/mya ဝက်ဘ်ဆိုက်က သင့်တော်တဲ့ဗီဒီယိုတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ စုဆုံမှုအတွက် ကြိုတင်ပြင်ဆင်တဲ့အခါ အမှုဆောင်ထွက်မယ့်သူတွေကို ဘယ်လိုအားပေးပြီး လမ်းညွှန်ရမလဲဆိုတာကို ကိုင်တွယ်သူ ထည့်သွင်းစဉ်းစားသင့်တယ်။
စုဆုံမှုအတွက် ကြိုတင်ပြင်ဆင်တဲ့အခါ အမှုဆောင်ထွက်မယ့်သူတွေကို ဘယ်လို အားပေးပြီး လမ်းညွှန်ရမလဲဆိုတာကို ကိုင်တွယ်သူ ထည့်သွင်းစဉ်းစားသင့်
၈။ စနေ၊ တနင်္ဂနွေနေ့ လယ်ကွင်းစုဆုံမှုတွေမှာ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးရင် အကျိုးအရှိဆုံးဖြစ်မလဲ။
၈ ဥပမာ၊ စနေနေ့မှာ အမှုဆောင်ထွက်တဲ့ ကြေညာသူအများစုက ကင်းမျှော်စင်၊ နိုးလော့! မဂ္ဂဇင်းတွေ ဝေငှကြတယ်။ စနေနေ့မှာပဲအမှုဆောင်ထွက်တဲ့ကြေညာသူအများစုက မိသားစုဝတ်ပြုမှုမှာ သူတို့လေ့ကျင့်ထားတဲ့ တင်ဆက်နည်းကို ပြန်မှတ်မိဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် ကိုင်တွယ်သူက ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နောက်ကျောပါ နမူနာတင်ဆက်နည်းတစ်ခုခုကို ပြန်သုံးသပ်မယ်ဆိုရင် အကျိုးရှိနိုင်ပါတယ်။ ဒါမှမဟုတ် မဂ္ဂဇင်းတင်ဆက်နည်းမှာ ဒေသန္တရသတင်း၊ အဖြစ်အပျက်၊ အားလပ်ရက်ပွဲနေ့တွေအကြောင်း ဘယ်လို ထည့်သွင်းပြောဆိုနိုင်မလဲ၊ ဒါမှမဟုတ် အိမ်ရှင်က မဂ္ဂဇင်းယူတယ်ဆိုရင် နောက်ထပ်ပြန်သွားလို့ရအောင် ဘာတွေပြောဆိုနိုင်မလဲ စတာတွေကို ဆွေးနွေးနိုင်ပါတယ်။ ဝေငှရမယ့်မဂ္ဂဇင်းတွေကို တချို့က အမှုဆောင်မှာ ဝေငှပြီးသွားပြီဆိုရင် ကိုင်တွယ်သူက သူတို့ရဲ့ အတိုချုပ်အကြံပေးချက်တွေ၊ တွေ့ကြုံမှုကောင်းတွေပြောပြဖို့ တောင်းဆိုနိုင်ပါတယ်။ ကိုင်တွယ်သူက တနင်္ဂနွေနေ့စုဆုံမှုမှာ ဒီလအတွက်ဝေငှမယ့်စာပေတွေကိုလည်း အလားတူလုပ်ဆောင်နိုင်ပါတယ်။ ကျမ်းစာလေ့လာမှုစာပေတွေဖြစ်တဲ့ သတင်းကောင်းဘရိုရှာ၊ ဘုရားစကားနားထောင်ပါဘရိုရှာနဲ့ သွန်သင်ရာစာအုပ်တွေကို ဘယ်နေ့မှာမဆို ဝေငှနိုင်တာကြောင့် ကိုင်တွယ်သူက အဲဒီစာပေတစ်ခုခုကို ဘယ်လိုဝေငှနိုင်မလဲဆိုတာကိုလည်း အတိုချုပ်ဆွေးနွေးနိုင်ပါတယ်။
၉။ စနေ၊ တနင်္ဂနွေနေ့တွေမှာ အထူးကင်ပိန်းရှိတယ်ဆိုရင် ဘာအကြောင်းတွေကို ဆွေးနွေးနိုင်သလဲ။
၉ တကယ်လို့ စနေ၊ တနင်္ဂနွေနေ့ အထူးကင်ပိန်းတွေမှာ အသင်းတော်တစ်ခုလုံးက ပါဝင်လုပ်ဆောင်တယ်ဆိုရင် ကိုင်တွယ်သူက နောက်ဆုံးထုတ်မဂ္ဂဇင်းတွေကို ဖိတ်စာ၊ ဝေစာတွေနဲ့တွဲဖက်ပြီး ဘယ်လိုဝေငှနိုင်မလဲ၊ ဒါမှမဟုတ် အိမ်ရှင်က စိတ်ဝင်စားမှုပြတယ်ဆိုရင် ဘာလုပ်ရမလဲဆိုတာတွေကို ဆွေးနွေးနိုင်ပါတယ်။ ဒါမှမဟုတ် ဒီကင်ပိန်းရဲ့အရေးကြီးမှုကို ပေါ်လွင်စေတဲ့ တွေ့ကြုံမှုတွေကိုလည်း ဝေမျှပေးနိုင်ပါတယ်။
၁၀၊ ၁၁။ လယ်ကွင်းစုဆုံမှု အကျိုးရှိဖို့ ကြေညာသူတွေရဲ့ ပြင်ဆင်မှုက ဘာကြောင့် အရေးကြီးတာလဲ။
၁၀ ကြေညာသူတွေ ပြင်ဆင်ရမယ့်အပိုင်း– ကြေညာသူတွေလည်း ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် လယ်ကွင်းစုဆုံမှုက အကျိုးရှိနိုင်ပါတယ်။မိသားစုဝတ်ပြုမှုမှာလည်း စုဆုံမှုအတွက် ပြင်ဆင်နိုင်ပါတယ်။ ဒါမှသာ ကိုယ်ပြင်ဆင်ထားရာကို ပြန်ဝေမျှနိုင်မှာဖြစ်တယ်။ ကောင်းကောင်းပြင်ဆင်ခြင်းမှာ စုဆုံမှုမသွားခင် အိမ်မှာကတည်းက လိုအပ်တဲ့ မဂ္ဂဇင်းတွေ၊ စာပေတွေကို ပြင်ဆင်ထားတာလည်း ပါဝင်တယ်။ ဒါမှ အမှုဆောင်ရပ်ကွက်ဆီ ချက်ချင်းသွားနိုင်မှာ ဖြစ်တယ်။
၁၁ စုဆုံမှုမစခင် ကြိုရောက်နေဖို့လည်း အရေးကြီးပါတယ်။ အသင်းတော်စည်းဝေးအားလုံးကို အချိန်မီရောက်ဖို့ ကျွန်ုပ်တို့ ကြိုးစားကြတယ်။ ဒါပေမဲ့ စုဆုံမှုဆီ နောက်ကျမှရောက်သွားတယ်ဆိုရင် ကိုယ့်ကြောင့် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုအားဖြင့်လဲ။ လယ်ကွင်းဦးဆောင်မယ့်ညီအစ်ကိုက အုပ်စုမခွဲခင် အချက်အလက်အတော်များများကို စဉ်းစားသုံးသပ်ရပါတယ်။ စုဆုံမှုမှာ လူနည်းတယ်ဆိုရင် ထွက်လက်စ ရပ်ကွက်တစ်ခုမှာ အားလုံးအမှုဆောင်ထွက်ဖို့ သူ စီစဉ်နိုင်ပါတယ်။ တချို့က စုဆုံမှုဆီ လမ်းလျှောက်လာရတဲ့အပြင် ရပ်ကွက်ကလည်း အရမ်းဝေးတယ်ဆိုရင် သူတို့ကို စက်ဘီး၊ ဆိုင်ကယ်၊ ကားရှိတဲ့သူနဲ့ တွဲပေးနိုင်ပါတယ်။ ရာဇဝတ်မှုထူပြောတဲ့ နယ်မြေဆိုရင် ညီအစ်မတွေကို ညီအစ်ကိုတွေနဲ့ တွဲပေးနိုင်တယ်၊ ဒါမှမဟုတ် ညီအစ်မတွေနဲ့ မလှမ်းမကမ်းမှာ ညီအစ်ကိုတွေ စောင့်ကြည့်ဖို့ တာဝန်ပေးနိုင်ပါတယ်။ သက်ကြီးရွယ်အိုတွေကိုတော့ ကုန်းဆင်း၊ ကုန်းတက်မရှိတဲ့လမ်းမှာ၊ မြေညီထပ်တွေမှာ အမှုဆောင်ထွက်ဖို့ တာဝန်ပေးနိုင်တယ်။ ကြေညာသူလူသစ်တွေကို ရင့်ကျက်တဲ့သူတွေနဲ့ တွဲပေးနိုင်တယ်။ ဒါပေမဲ့ စုဆုံမှုဆီ ကျွန်ုပ်တို့ နောက်ကျမှရောက်သွားတယ်ဆိုရင် ဆွဲပြီးသားအစီအစဉ်တွေကို အစအဆုံး ပြန်ပြုပြင်ပြောင်းလဲပေးရတယ်။ တစ်ခါတလေ အကြောင်းရင်းတစ်ခုခုကြောင့် နောက်ကျတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းနောက်ကျတဲ့ အကျင့်ရှိတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ဒီလိုပြန်မေးကြည့်ပါ– လယ်ကွင်းစုဆုံမှုကို ငါ တန်ဖိုးမထားတာလား။ ဒါမှမဟုတ် ကြိုတင်ပြင်ဆင်မှု မရှိတာလား။
၁၂။ ကိုယ်တိုင်ရွေးချယ်ပြီး လူတွဲတယ်ဆိုရင် ဘာတွေကိုလည်း ထည့်တွက်စဉ်းစားဖို့လိုသလဲ။
၁၂ စုဆုံမှုမစခင် ဘယ်သူနဲ့တွဲမလဲဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်ပါတယ်၊ ဒါမှမဟုတ် တွဲပေးထားတဲ့သူနဲ့ တွဲနိုင်ပါတယ်။ ကိုယ်တိုင်ရွေးချယ်ပြီး လူတွဲတယ်ဆိုရင် ကိုယ်နဲ့ရင်းနှီးတဲ့သူတွေနဲ့ပဲ အမြဲတမ်းတွဲမယ့်အစား ကြေညာသူအားလုံးနဲ့ အလှည့်ကျတွဲခြင်းအားဖြင့် စိတ်နှလုံးကို “ကျယ်ဝန်း” စေနိုင်မလား။ (၂ ကော. ၆:၁၁-၁၃) လူသစ်တွေ သွန်သင်ခြင်းစွမ်းရည် တိုးတက်လာအောင် တစ်ခါတလေ သူတို့နဲ့ တွဲအမှုဆောင်ပေးနိုင်မလား။ (၁ ကော. ၁၀:၂၄; ၁ တိ. ၄:၁၃၊ ၁၅) ဘယ်နေရာကနေ စဟောပြောရမလဲဆိုတဲ့ညွှန်ကြားချက်လိုမျိုး သင့်ကိုပေးလာတဲ့ ဘယ်လမ်းညွှန်ချက်ကိုမဆို သေချာနားထောင်ပါ။ စုဆုံမှုပြီးသွားတဲ့အခါ အစီအစဉ်တွေကို အပြောင်းအလဲမလုပ်ဘဲ ရပ်ကွက်ဆီ ချက်ချင်းသွားသင့်ပါတယ်။
၁၃။ ကျွန်ုပ်တို့က ကိုယ့်အပိုင်းကိုကျေပွန်အောင် တာဝန်သိသိလုပ်ဆောင်မယ်ဆိုရင် လယ်ကွင်းစုဆုံမှုကနေ ဘယ်လိုအကျိုးကျေးဇူးရမလဲ။
၁၃ စနစ်တကျစီစဉ်ပြီး ယေရှု စေလွှတ်လိုက်တဲ့ တပည့် ၇၀ က ဟောပြောခြင်းပြီးတဲ့နောက် “ဝမ်းမြောက်စွာ ပြန်လာ” ကြပါတယ်။ (လု. ၁၀:၁၇) ဟောပြောခြင်းလုပ်ငန်းမစခင် ယေရှု သူတို့နဲ့စုဆုံခဲ့တဲ့အတွက် လုပ်ငန်းဖြစ်မြောက်အောင်မြင်ခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း လယ်ကွင်းစုဆုံမှုကနေ အကျိုးအများကြီးရနိုင်ပါတယ်။ ကျွန်ုပ်တို့က ကိုယ့်အပိုင်းကိုကျေပွန်အောင် တာဝန်သိသိလုပ်ဆောင်မယ်ဆိုရင် လယ်ကွင်းစုဆုံမှုကနေ အားပေးမှု၊ လမ်းညွှန်မှုနဲ့ စနစ်တကျစီစဉ်မှုတွေရရှိပြီး “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေ” ပါဆိုတဲ့ ကျွန်ုပ်တို့ရဲ့တာဝန်လည်း အောင်မြင်ပြီးမြောက်မှာဖြစ်တယ်။—မ. ၂၄:၁၄။