ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၀ နိုဝင်ဘာ စာ. ၃၀-၃၁
  • “ကျွန်တော့်ကို ယေဟောဝါ မေ့မထားဘူး”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျွန်တော့်ကို ယေဟောဝါ မေ့မထားဘူး”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကျွန်တော့်ကို ခွန်အားပေးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ယေဟောဝါ၏ မပျက်မကွက် ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ကျွန်တော် ‘ဒရယ်ကဲ့သို့ခုန်’ မည်
    နိုးလော့!—၂၀၀၆
  • တခြားသူတွေကို ကူညီပေးနိုင်ပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
က၂၀ နိုဝင်ဘာ စာ. ၃၀-၃၁
ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေတဲ့ မာ့ခ် ဟာမန်။

ဘဝအတ္ထုပ္ပတ္တိ

“ကျွန်တော့်ကို ယေဟောဝါ မေ့မထားဘူး”

မာ့ခ် ဟာမန် ပြောပြတယ်

တောင်အမေရိက၊ ဂိုင်ယာနာက လူဦးရေ ၂,၀၀၀ လောက် ရှိတဲ့ အိုရီလာရွာမှာ ကျွန်တော် နေတယ်။ သီးခြား ဖြစ်နေတဲ့ ဒီရွာလေးကို လေယာဉ်ငယ် ဒါမှမဟုတ် သင်္ဘောနဲ့ လာမှ ရတယ်။

၁၉၈၃ မှာ ကျွန်တော် မွေးတယ်။ ငယ်ငယ်တုန်းကတော့ ကျန်းကျန်းမာမာပါပဲ။ ဒါပေမဲ့ အသက် ဆယ်နှစ်မှာ တစ်ကိုယ်လုံး စပြီး နာကျင်ကိုက်ခဲလာတယ်။ နှစ်နှစ်လောက် ကြာပြီးနောက် တစ်မနက် အိပ်ရာက နိုးတော့ လှုပ်လို့ မရတော့ဘူး။ ခြေထောက်တွေ လှုပ်ကြည့်ပေမဲ့ မရဘူး။ အဲဒီနေ့ကစပြီး လမ်းမလျှောက်နိုင်တော့တာပဲ။ ဖွံ့ဖြိုးမှုလည်း တန့်သွားတယ်။ အဲဒါကြောင့် ဒီနေ့အထိ လူကောင်က ကလေးသာသာပဲ ရှိတယ်။

အဲဒီလို ဖြစ်ပြီးကတည်းက အိမ်ထဲက အိမ်ပြင် မထွက်တော့ဘူး။ များသောအားဖြင့် အိမ်ကို ဧည့်သည်လာရင် ကျွန်တော် ပုန်းနေတတ်တယ်။ ဒါပေမဲ့ တစ်ရက် အိမ်ကို ယေဟောဝါသက်သေ နှစ်ယောက် ရောက်လာတော့ စကားလက်ခံပြောခဲ့တယ်။ ပရဒိသုအကြောင်း ပြောပြကြတော့ ငါးနှစ်သားလောက်က ကြားခဲ့ဖူးတာကို သတိရသွားတယ်။ အဲဒီတုန်းက စူရီနမ်မှာ နေတဲ့ သာသနာပြု ဂျက်သရိုက ကျွန်တော်တို့ရွာကို တစ်လ တစ်ခါ လာပြီး အဖေ့ကို ကျမ်းစာသင်ပေးတယ်။ ကျွန်တော့်ကိုလည်း ကြင်ကြင်နာနာ ဆက်ဆံလို့ သူ့ကို အတော်လေး ခင်တယ်။ အဘိုးအဘွားတွေကလည်း ကျွန်တော့်ကို ရွာထဲမှာ ကျင်းပတဲ့ သက်သေခံတွေရဲ့ အစည်းအဝေး ခေါ်သွားတတ်တယ်။ ဒါကြောင့် အဲဒီနေ့မှာ ကျွန်တော့်ဆီ ရောက်လာတဲ့ သက်သေခံ ဖလောရန့်က ထပ်သိချင်သလား မေးတော့ သိချင်တယ်လို့ ကျွန်တော် ဖြေလိုက်တယ်။

ဖလောရန့်နဲ့ ခင်ပွန်း ဂျက်စတက် ကျွန်တော့်ဆီ ပြန်လာပြီး ကျမ်းစာသင်ပေးတယ်။ ကျွန်တော် စာမဖတ်တတ်မှန်း သတိထားမိတော့ စာဖတ်တတ်အောင် သင်ပေးတယ်။ ဒါနဲ့ ကျွန်တော် စာဖတ်တတ်လာတယ်။ တစ်နေ့၊ စူရီနမ်မှာ သူတို့ တာဝန်ကျတဲ့အကြောင်း ပြောပြတယ်။ ကျွန်တော့်ကို ကျမ်းစာ ဆက်သင်ပေးမယ့်သူ အိုရီလာမှာ မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ယေဟောဝါ မေ့မထားပါဘူး။

သိပ်မကြာခင်မှာ ဖလွိုက်လို့ ခေါ်တဲ့ ရှေ့ဆောင်တစ်ယောက် အိုရီလာကို ရောက်လာပြီး တစ်အိမ်တက်ဆင်း အမှုဆောင်မှာ ကျွန်တော့်ကို တွေ့တယ်။ ကျမ်းစာလေ့လာမှုအကြောင်း ပြောတော့ ကျွန်တော် ပြုံးပြုံးကြီး ဖြစ်နေလို့ “ဘာလို့ ပြုံးနေတာလဲ” ဆိုပြီး မေးတယ်။ ဒါနဲ့ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း ဘရိုရှာ ပြီးလို့ ထာဝရအသက် ရစေသော အသိပညာa စာအုပ်နဲ့တောင် သင်အံမှု စခဲ့တဲ့အကြောင်း ပြောပြလိုက်တယ်။ သင်အံမှု ပြတ်သွားတဲ့အကြောင်းပါ ရှင်းပြလိုက်တော့ အသိပညာ စာအုပ်ပြီးတဲ့အထိ သင်ပေးတယ်။ ဒါပေမဲ့ သူလည်း နောက်တစ်နေရာမှာ အမှုဆောင်ဖို့ တာဝန်ကျတယ်။ သင်ပေးမယ့်သူ မရှိတော့ပြန်ဘူး။

၂၀၀၄ မှာ ဂရန်ဗီနဲ့ ဂျော့ရှဝါလို့ ခေါ်တဲ့ အထူးရှေ့ဆောင် နှစ်ယောက် အိုရီလာမှာ တာဝန်ကျတယ်။ တစ်အိမ်တက်ဆင်း အမှုဆောင်ရင်း ကျွန်တော့်ကို တွေ့တယ်။ ကျမ်းစာလေ့လာချင်သလားလို့ မေးတော့ ကျွန်တော် ပြုံးမိပြန်တယ်။ အသိပညာ စာအုပ်ကို အစကနေ ပြန်သင်ပေးဖို့ ကျွန်တော် တောင်းဆိုလိုက်တယ်။ အရင် သင်ပေးသူတွေနဲ့ တစ်လေသံတည်း ထွက်ပါ့မလား သိချင်လို့ပါ။ ရွာထဲမှာ အစည်းအဝေးတွေ ကျင်းပတဲ့အကြောင်း ဂရန်ဗီ ပြောပြတယ်။ အိမ်ပြင်မထွက်တာ ဆယ်နှစ်နီးပါး ရှိပြီ ဖြစ်ပေမဲ့ အစည်းအဝေး သွားတက်ချင်တယ်။ ဂရန်ဗီက ကျွန်တော့်အိမ်အထိ လာခေါ်ပေးတယ်။ ဘီးတပ်ကုလားထိုင်ပေါ် တင်ပြီး နိုင်ငံတော်ခန်းမအထိ တွန်းသွားပေးတယ်။

နောက်ပိုင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှာ ပါဝင်ဖို့ ကျွန်တော့်ကို ဂရန်ဗီ အားပေးတယ်။ “မသန်စွမ်းပေမဲ့ စကားပြောနိုင်တာပဲ။ တစ်နေ့ကျရင် လူထုဟောပြောချက်တောင် ပေးလာနိုင်မှာ” လို့ ပြောတယ်။ သူ့အားပေးစကားက ကျွန်တော့်ကို ယုံကြည်စိတ်ချမှု ရှိလာစေတယ်။

စာပေ လက်တွန်းစင် ဘေးက ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ပြီး အမျိုးသားတစ်ယောက်ကို မာ့ခ် ဟာမန် ဟောပြောနေ။

ဂရန်ဗီနဲ့အတူ ကျွန်တော် စဟောတယ်။ ဒါပေမဲ့ ရွာထဲမှာ လမ်းတွေက ချိုင့်ခွက်ပေါတော့ ဘီးတပ်ကုလားထိုင်နဲ့ အဆင်မပြေဘူး။ ဒါကြောင့် ကျွန်တော့်ကို တွန်းလှည်းပေါ် တင်ပြီး ခေါ်သွားပေးဖို့ ဂရန်ဗီကို အကူအညီ တောင်းခဲ့တယ်။ အဲဒါ အလုပ်ဖြစ်တယ်။ ၂၀၀၅၊ ဧပြီမှာ ကျွန်တော် နှစ်ခြင်းခံတယ်။ သိပ်မကြာခင်မှာ ညီအစ်ကိုတွေက ကျွန်တော့်ကို အသင်းတော် စာအုပ်စာတမ်း တာဝန်နဲ့ နိုင်ငံတော်ခန်းမ အသံပိုင်းဆိုင်ရာ တာဝန်တွေအတွက် လေ့ကျင့်ပေးတယ်။

၂၀၀၇ မှာ အဖေ လှေပေါ်က ပြုတ်ကျပြီး ဆုံးသွားတယ်။ တစ်မိသားစုလုံး ယူကျုံးမရ ဖြစ်ခဲ့ရတယ်။ ဂရန်ဗီက အတူဆုတောင်းပေးပြီး နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်တွေ ဖတ်ပြတယ်။ နှစ်နှစ်ကြာတော့ ကျွန်တော်တို့ နောက်ထပ် အဖြစ်ဆိုး ကြုံရပြန်တယ်။ ဂရန်ဗီ လှေမှောက်ပြီး ဆုံးသွားတယ်။

ကျွန်တော်တို့ အသင်းတော်လေးမှာ အကြီးအကဲ မရှိတော့ဘူး။ အသင်းတော် အမှုထမ်း တစ်ယောက်ပဲ ရှိတော့တယ်။ ဂရန်ဗီ ဆုံးသွားလို့ တကယ် စိတ်ထိခိုက်ရတယ်။ သူက ကျွန်တော့်အတွက် မိတ်ဆွေကောင်းပါ။ ဘုရားရေးရာပိုင်းနဲ့ ကာယပိုင်းမှာ အများကြီး ကူညီပေးခဲ့တာ။ သူ ဆုံးပြီး နောက်တစ်ပတ် အစည်းအဝေးမှာ ကင်းမျှော်စင် စာပိုဒ် ဖတ်ဖို့ ကျွန်တော် တာဝန် ရတယ်။ ပထမ နှစ်ပိုဒ်အထိတော့ ဖတ်နိုင်သေးတယ်။ ဒါပေမဲ့ မျက်ရည်မထိန်းနိုင်လို့ ဆက်မဖတ်နိုင်တော့ဘဲ စင်ပေါ်ကနေ ဆင်းခဲ့ရတယ်။

တခြားအသင်းတော်က ညီအစ်ကိုတွေ အိုရီလာကို လာကူညီလို့ စိတ်သက်သာခဲ့ရတယ်။ ကိုဂျိုလို့ ခေါ်တဲ့ အထူးရှေ့ဆောင်တစ်ယောက်ကိုလည်း ဌာနခွဲက ပို့ပေးတယ်။ အမေနဲ့ ညီလေး ကျမ်းစာ စလေ့လာပြီး နှစ်ခြင်းခံခဲ့လို့ ဝမ်းသာလိုက်တာ။ ၂၀၁၅၊ မတ်လမှာ အသင်းတော် အမှုထမ်းအဖြစ် ကျွန်တော် ခန့်အပ်ခံရတယ်။ သိပ်မကြာခင်မှာ ဦးဆုံးအကြိမ် လူထုဟောပြောချက် ပေးခွင့်ရတယ်။ “တစ်နေ့ကျရင် လူထုဟောပြောချက်တောင် ပေးလာနိုင်မှာ” လို့ ဂရန်ဗီ ပြောဖူးတာ သတိရပြီး ငိုငိုရယ်ရယ် ဖြစ်ရသေးတယ်။

မသန်စွမ်းပေမဲ့ အောင်မြင်ပျော်ရွှင်နေတဲ့ ဘဝတူ သက်သေခံတွေအကြောင်း JW ရုပ်သံထုတ်လွှင့်မှု® အစီအစဉ်ကတစ်ဆင့် သိလာတယ်။ ကျွန်တော်လည်း လုပ်နိုင်တာတွေ ရှိပါတယ်။ ယေဟောဝါကို ကိုယ်စွမ်း ရှိသမျှ ပေးဆက်ချင်တဲ့ ဆန္ဒကြောင့် မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ ၂၀၁၉၊ စက်တင်ဘာမှာ မမျှော်လင့်ထားတဲ့ သတင်း ရောက်လာတယ်။ ကြေညာသူ ၄၀ လောက် ရှိတဲ့ ကျွန်တော်တို့ရဲ့ အသင်းတော်မှာ အကြီးအကဲအဖြစ် အမှုဆောင်ဖို့ အဲဒီလမှာ ခန့်အပ်ခံရတယ်။

ကျမ်းစာသင်ပေးခဲ့သူတွေ၊ အမှုဆောင်လုပ်ငန်းမှာ ကူညီပေးသူတွေကို သိပ်ကျေးဇူးတင်တယ်။ ကျွန်တော့်ကို မေ့မထားတဲ့ ယေဟောဝါကိုတော့ ကျေးဇူးအတင်ဆုံးပါပဲ။

a ယေဟောဝါသက်သေတွေ ထုတ်ဝေပေမဲ့ အခု ပုံမနှိပ်တော့ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ