ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ မတ် စာ. ၂၀-၂၅
  • မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး
  • ယုံကြည်သူချင်းတွေကို ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး
  • ရန်သူတွေကို ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး
  • အမုန်းခံရတဲ့အခါ ပျော်ရွှင်ပါ
  • အစဉ်တည်သော မေတ္တာကို ပြုစုပျိုးထောင်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက်ခံလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • သင့်ချစ်ခြင်းမေတ္တာသည် မည်မျှတာသွားသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • မေတ္တာ တိုးသည်ထက် တိုးစေပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ မတ် စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၁၂

မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး

“ဒီအကြောင်းတွေကို ကျွန်တော် မိန့်မှာရတာက ခင်ဗျားတို့ အချင်းချင်း ချစ်ကြဖို့ပါ။ ဒီလောကက ခင်ဗျားတို့ကို မုန်းရင် ခင်ဗျားတို့ကို မမုန်းခင်ကတည်းက ကျွန်တော့်ကို မုန်းတယ်ဆိုတာ သိမှတ်ကြပါ။” —ယော. ၁၅:၁၇၊ ၁၈။

သီချင်း ၁၂၉ ခံရပ်နေမယ်

အကြိုသုံးသပ်ချက်a

၁။ မဿဲ ၂၄:၉ အရ လောကရဲ့ မုန်းတီးမှု ခံရတဲ့အခါ ဘာကြောင့် မအံ့ဩသင့်သလဲ။

ချစ်ဖို့၊ အချစ်ခံရဖို့ ကျွန်တော်တို့ကို ယေဟောဝါ ပုံစံပြုထားတယ်။ ဒါကြောင့် ကျွန်တော်တို့ကို တစ်ယောက်ယောက် မုန်းတဲ့အခါ စိတ်ထိခိုက်ပြီး ကြောက်စိတ်တောင် ဝင်မိနိုင်တယ်။ ဥပမာ၊ ဥရောပမှာ နေတဲ့ ညီအစ်မ ဂျော်ဂျီယာနာ ဒီလိုပြောတယ်– “ယေဟောဝါကို ဝတ်ပြုလို့ ကျွန်မ အသက် ၁၄ နှစ်တုန်းက အမေ မုန်းတာ ခံခဲ့ရတယ်။ အပယ်ခံရတယ်လို့ ခံစားရပြီး ကိုယ်လုပ်နေတာတွေ မှန်ရဲ့လားလို့တောင် သံသယ ဝင်မိတယ်။”b ညီအစ်ကို ဒန်နီလိုလည်း ဒီလိုပြောတယ်– “ယေဟောဝါသက်သေ ဖြစ်နေလို့ စစ်သားတွေ ကျွန်တော့်ကို ရိုက်နှက်၊ ဆဲဆို၊ ခြိမ်းခြောက်တဲ့အခါ ကြောက်စိတ် ဝင်လာပြီး အရှက်ခွဲခံရတယ်လို့ ခံစားရတယ်။” အဲဒီလို မုန်းတီးမှုတွေကြောင့် ကျွန်တော်တို့ စိတ်ထိခိုက်ပေမဲ့ မအံ့ဩကြပါဘူး။ အမုန်းခံရမယ်လို့ ယေရှု ကြိုပြောထားလို့ပဲ။—မဿဲ ၂၄:၉ ကိုဖတ်ပါ။

၂-၃။ ယေရှုရဲ့ နောက်လိုက်တွေ ဘာကြောင့် အမုန်းခံရသလဲ။

၂ ယေရှုရဲ့ နောက်လိုက်တွေကို လောကက မုန်းတယ်။ ဘာကြောင့်လဲ။ ယေရှုလိုပဲ “ဒီလောကနဲ့ ဘာမှ မပတ်သက်” ကြလို့ပဲ။ (ယော. ၁၅:၁၇-၁၉) လူ့အစိုးရတွေကို ကျွန်တော်တို့ လေးစားပေမဲ့ သူတို့ကိုဖြစ်စေ၊ သူတို့ကို ကိုယ်စားပြုတဲ့ အထိမ်းအမှတ်တွေကိုဖြစ်စေ ဝတ်မပြုဘူး။ ယေဟောဝါကိုပဲ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်တယ်။ စာတန်နဲ့ စာတန့် “မျိုးနွယ်” သဲသဲမဲမဲ ဆန့်ကျင်နေတဲ့ ဘုရားရဲ့ အုပ်ချုပ်ပိုင်ခွင့်ကို ထောက်ခံတယ်။ (က. ၃:၁-၅၊ ၁၅) ဘုရားသခင့် နိုင်ငံတော်သာ လူသားတွေအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်တယ်၊ ဆန့်ကျင်သူအားလုံးကို မကြာခင် နိုင်ငံတော်က ဖျက်ဆီးတော့မယ်ဆိုတဲ့ သတင်းကို ကျွန်တော်တို့ ဟောပြောတယ်။ (ဒံ. ၂:၄၄။ ဗျာ. ၁၉:၁၉-၂၁) အဲဒီသတင်းဟာ စိတ်နူးညံ့သူတွေအတွက် သတင်းကောင်း ဖြစ်ပေမဲ့ လူဆိုးတွေအတွက်တော့ သတင်းဆိုး ဖြစ်တယ်။—ဆာ. ၃၇:၁၀၊ ၁၁။

၃ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်လို့လည်း ကျွန်တော်တို့ အမုန်းခံရတာ ဖြစ်တယ်။ အဲဒီစံနှုန်းတွေဟာ လောကရဲ့ ကျဆင်းနေတဲ့ စာရိတ္တစံနှုန်းတွေနဲ့ ဆန့်ကျင်ဘက်ပဲ။ ဥပမာ၊ လိင်အကျင့်ပျက်တာကို လူများစွာ လက်ခံလာကြပြီ။ ဒါပေမဲ့ အဲဒီလိင်အကျင့်ပျက်မှုကြောင့်ပဲ သောဒုံနဲ့ ဂေါမောရမြို့ကို ဘုရား ဖျက်ဆီးခဲ့တာ။ (ယု. ၇) ကျမ်းစာပါ စာရိတ္တစံနှုန်းတွေကို ထောက်ခံလို့ ကျွန်တော်တို့ လှောင်ပြောင်ခံရပြီး သဘောထားသေးသိမ်သူတွေလို့ အခေါ်ခံရတယ်။—၁ ပေ. ၄:၃၊ ၄။

၄။ လူတွေရဲ့ မုန်းတီးမှုကို ခံရပ်ဖို့ ဘယ်အရည်အသွေးတွေက ကူညီပေးသလဲ။

၄ လူတွေရဲ့ မုန်းတီး၊ စော်ကားမှုကို ခံရပ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ ယေဟောဝါ ကူညီပေးမယ်ဆိုတာ အခိုင်အမာ ယုံကြည်နေခြင်းပါပဲ။ ယုံကြည်ခြင်းဟာ ဒိုင်းလွှားလိုပဲ “ဆိုးညစ်သူ ပစ်ခတ်တဲ့ မီးမြားတွေကို ငြိမ်းသတ်နိုင်” တယ်။ (ဧ. ၆:၁၆) ဒါပေမဲ့ ယုံကြည်ခြင်းအပြင် မေတ္တာ ရှိဖို့လည်း လိုတယ်။ ဘာကြောင့်လဲ။ မေတ္တာဟာ “ဒေါသ မထွက်တတ်ဘူး။” အရာရာကို သည်းခံတတ်တယ်။ ထိခိုက်နာကျင်စေတဲ့ အရာမှန်သမျှကို ကြံ့ကြံ့ခံတတ်တယ်။ (၁ ကော. ၁၃:၄-၇၊ ၁၃) ယေဟောဝါ၊ ယုံကြည်သူချင်းတွေနဲ့ ရန်သူတွေကိုတောင် ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ဘယ်လို ကူညီပေးကြောင်း ဆွေးနွေးကြည့်ကြစို့။

ယေဟောဝါကို ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး

၅။ ဖခင်ကို ချစ်တဲ့ မေတ္တာက ယေရှုကို ဘယ်လို ကူညီပေးသလဲ။

၅ ယေရှု မသေဆုံးခင်ညမှာ “ကျွန်တော် အဖဘုရားကို ချစ်တယ်။ [ဒါကြောင့်] . . . အဖဘုရား မိန့်မှာတဲ့အတိုင်း လုပ်တယ်” လို့ သစ္စာရှိ နောက်လိုက်တွေကို ပြောတယ်။ (ယော. ၁၄:၃၁) ရှေ့မှာ ကြုံရမယ့် အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ယေဟောဝါကို ချစ်တဲ့ မေတ္တာက ယေရှုကို ကူညီပေးတယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို ချစ်ရင် အလားတူ ခံရပ်နိုင်ပါလိမ့်မယ်။

၆။ ရောမ ၅:၃-၅ အရ လောကရဲ့ မုန်းတီးမှု ခံရတာကို ယေဟောဝါရဲ့ ကျေးကျွန်တွေ ဘယ်လို သဘောထားသလဲ။

၆ ဘုရားကို ချစ်တဲ့ မေတ္တာက နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်ဖို့ ကျေးကျွန်တွေကို အမြဲ ကူညီပေးတယ်။ ဥပမာ၊ ဆက်မဟောဖို့ ဂျူးတရားရုံးချုပ် အမိန့်ပေးတဲ့အခါ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်” ဖို့ ဘုရားကို ချစ်တဲ့ မေတ္တာက တမန်တော်တွေကို လှုံ့ဆော်ပေးတယ်။ (တ. ၅:၂၉။ ၁ ယော. ၅:၃) ခိုင်မြဲတဲ့ အဲဒီမေတ္တာက ဒီနေ့ခေတ် ညီအစ်ကို/မတွေကိုလည်း ခွန်အားပေးနေတယ်။ ညီအစ်ကို/မများစွာဟာ ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရတွေရဲ့ ဆန့်ကျင်မှုကို ခံရပ်နေကြတယ်။ စိတ်ဓာတ်ကျသွားမယ့်အစား လောကရဲ့ မုန်းတီးမှု ခံရတာကို အခွင့်ထူးအနေနဲ့ သဘောထားကြတယ်။—တ. ၅:၄၁။ ရောမ ၅:၃-၅ ကိုဖတ်ပါ။

၇။ မိသားစုဝင်တွေ ဆန့်ကျင်တဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။

၇ မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှု ကြုံရတာဟာ ကျွန်တော်တို့အတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်နိုင်တယ်။ အမှန်တရားကို စိတ်ဝင်စားခါစမှာ ကျွန်တော်တို့ လှည့်စားခံရပြီလို့ မိသားစုဝင်တချို့ ထင်နိုင်တယ်။ စိတ်ဖောက်ပြန်သွားပြီလို့တောင် ထင်နိုင်တယ်။ (မာကု ၃:၂၁ နဲ့ နှိုင်းယှဉ်ပါ။) ကိုယ်ထိလက်ရောက် ဆန့်ကျင်တာတောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မအံ့ဩကြပါဘူး။ “ကိုယ့်အိမ်သူအိမ်သားတွေဟာ ကိုယ့်ရန်သူ ဖြစ်လိမ့်မယ်” လို့ ယေရှု ပြောထားလို့ပဲ။ (မ. ၁၀:၃၆) ဆွေမျိုးတွေ ဘယ်လိုပဲ မြင်နေပါစေ ကျွန်တော်တို့ကတော့ သူတို့ကို ရန်သူလို့ သဘောမထားဘူး။ ယေဟောဝါကို ပိုချစ်လာလေ လူတွေကိုလည်း ပိုချစ်လာလေပဲ။ (မ. ၂၂:၃၇-၃၉) ဒါပေမဲ့ တခြားတစ်ယောက် စိတ်ချမ်းသာဖို့အတွက် ကျမ်းစာပညတ်မူတွေကို အလျှော့ပေးလိုက်လျောတာမျိုးတော့ ဘယ်တော့မှ မလုပ်ဘူး။

ညီအစ်မ ဂျော်ဂျီယာနာအဖြစ် သရုပ်ဖော်ထားတဲ့ ညီအစ်မ ပြုံးပြုံးလေး ရပ်နေ။ ပုံ– ၁။ ကြမ်းပေါ်ထိုင်နေတဲ့ ညီအစ်မကို အမေ အော်ငေါက်နေ။ စာပေတွေကိုလည်း အမေ စုတ်ဖြဲပစ်။ ၂။ ညီအစ်မ ကျမ်းစာဖတ်နေ။ ၃။ ညီအစ်မက နောက်ညီအစ်မနဲ့ အတူကျမ်းလေ့လာနေ။ ၄။ နိုင်ငံတော်ခန်းမမှာ ညီအစ်ကို/မတွေနဲ့ ညီအစ်မ စကားပြောနေ။

အချိန်အတိုင်းအတာတစ်ခုအထိ ဆင်းရဲဒုက္ခ ခံရနိုင်ပေမဲ့ ကျွန်တော်တို့ဘေးမှာ နှစ်သိမ့်အားပေးဖို့ ယေဟောဝါ အမြဲ ရှိ (စာပိုဒ် ၈-၁၀ ကိုကြည့်ပါ)

၈-၉။ ပြင်းထန်တဲ့ ဆန့်ကျင်မှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ဖို့ ညီအစ်မတစ်ယောက်ကို ဘာက ကူညီပေးသလဲ။

၈ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဂျော်ဂျီယာနာဟာ မိခင်ရဲ့ အပြင်းအထန် ဆန့်ကျင်မှုကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တယ်။ “သက်သေခံတွေနဲ့ ကျွန်မတို့ သားအမိနှစ်ယောက် အတူ ကျမ်းစာ စလေ့လာကြတာ။ ဒါပေမဲ့ ခြောက်လကြာပြီးနောက် ကျွန်မ အစည်းအဝေးတွေ တက်မယ်လုပ်တော့ အမေ့သဘောထား လုံးဝ ပြောင်းသွားတယ်။ အမေနဲ့ စကားပြောကြည့်တော့ အယူဖောက်ပြန်သူတွေနဲ့ ဆက်သွယ်မိနေမှန်း၊ သူတို့ရဲ့ အလိမ်အညာတွေကို နားယောင်နေမှန်း ကျွန်မ သိလာတယ်။ ကျွန်မကိုလည်း ဆဲဆိုတယ်။ ဆံပင် ဆွဲ၊ လည်ပင်း ညှစ်ပြီး စာပေတွေကို လွှင့်ပစ်တဲ့အထိပဲ။ အသက် ၁၅ နှစ် ရောက်တော့ ကျွန်မ နှစ်ခြင်းခံတယ်။ ယေဟောဝါကို ဆက်ဝတ်မပြုတော့အောင်ဆိုပြီး ကျွန်မကို တခြား ဆယ်ကျော်သက် မိန်းကလေးတွေ ရှိတဲ့ ပြုပြင်ရေးဂေဟာကို အမေ ပို့လိုက်တယ်။ သူတို့ထဲက တချို့က ဆေးသမားတွေ၊ ရာဇဝတ်မှု ကျူးလွန်ထားသူတွေ။ ကိုယ့်ကို ချစ်ပြီး ဂရုစိုက်ရမယ့်သူဆီက ဆန့်ကျင်မှု ကြုံရတဲ့အခါ တကယ် ခံရခက်တယ်” လို့ ဂျော်ဂျီယာနာ ပြောတယ်။

၉ ဒီအခက်အခဲကို ဂျော်ဂျီယာနာ ဘယ်လို ခံရပ်နိုင်ခဲ့သလဲ။ “အမေ ကျွန်မကို စပြီး ဆန့်ကျင်တဲ့နေ့က ကျွန်မ ကျမ်းစာတစ်အုပ်လုံး ဖတ်ပြီးတဲ့ နေ့ပဲ။ ဒါကြောင့် အမှန်တရား တွေ့ပြီဆိုတာ ပိုယုံကြည်စိတ်ချလာပြီး ယေဟောဝါနဲ့လည်း ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်။ မကြာမကြာ ဆုတောင်းတယ်။ ဘုရားလည်း နားထောင်ပေးတယ်။ ပြုပြင်ရေးဂေဟာမှာ ရှိနေတုန်းက ညီအစ်မတစ်ယောက် ဖိတ်လို့ သူ့အိမ် သွားပြီး ကျမ်းစာ အတူလေ့လာဖြစ်ကြတယ်။ အဲဒီအချိန် တစ်လျှောက်လုံး အသင်းတော်က ညီအစ်ကို/မတွေရဲ့ အားပေးမှု ရခဲ့တယ်။ မိသားစုဝင်လို ကျွန်မကို သဘောထားပေးကြတယ်။ ဆန့်ကျင်သူတွေဟာ ဘယ်သူပဲဖြစ်ဖြစ် သူတို့ထက် ယေဟောဝါ ပိုတန်ခိုးကြီးမှန်း ကျွန်မ ကိုယ်တွေ့ ခံစားခဲ့ရတယ်” လို့ ဂျော်ဂျီယာနာ ပြောတယ်။

၁၀။ ယေဟောဝါ ဘုရားနဲ့ပတ်သက်ပြီး ဘာယုံကြည်စိတ်ချနိုင်သလဲ။

၁၀ ‘သခင် ခရစ်တော်ယေရှုကတစ်ဆင့် ဘုရားသခင် ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာကမှ မတားဆီးနိုင်ဘူး’ လို့ တမန်တော် ပေါလု ပြောတယ်။ (ရော. ၈:၃၈၊ ၃၉) အချိန်အတိုင်းအတာ တစ်ခုအထိ ဆင်းရဲဒုက္ခ ခံရနိုင်ပေမဲ့ ကျွန်တော်တို့ဘေးမှာ နှစ်သိမ့်အားပေးဖို့ ယေဟောဝါ အမြဲ ရှိနေပါလိမ့်မယ်။ ဂျော်ဂျီယာနာရဲ့ အဖြစ်က ဖော်ပြတဲ့အတိုင်း အသင်းတော်မှာ ရှိတဲ့ ညီအစ်ကို/မတွေကတစ်ဆင့်လည်း ကူညီပေးပါလိမ့်မယ်။

ယုံကြည်သူချင်းတွေကို ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး

၁၁။ ယောဟန် ၁၅:၁၂၊ ၁၃ မှာ ယေရှု ပြောခဲ့တဲ့ မေတ္တာက တပည့်တွေကို ဘယ်လို ကူညီပေးသလဲ။ ဥပမာ ပေးပါ။

၁၁ အချင်းချင်း ချစ်ဖို့ နောက်လိုက်တွေကို ယေရှု မသေဆုံးခင်ညမှာ မှာခဲ့တယ်။ (ယောဟန် ၁၅:၁၂၊ ၁၃ ကိုဖတ်ပါ။) ကိုယ်ကျိုးစွန့်မေတ္တာက စည်းလုံးနေဖို့၊ လောကရဲ့ မုန်းတီးမှုကို ခံရပ်နိုင်ဖို့ တပည့်တွေကို ကူညီပေးမယ်ဆိုတာ ယေရှု သိတယ်။ သက်သာလောနိတ် အသင်းတော်အကြောင်း စဉ်းစားကြည့်ပါ။ အသင်းတော် စတည်ထောင်ကတည်းက ညီအစ်ကို/မတွေဟာ နှိပ်စက်ညှဉ်းပန်းခံရတယ်။ ဒါပေမဲ့ သစ္စာရှိရှိ ခံရပ်ပြီး မေတ္တာပြခြင်းအားဖြင့် ပုံသက်သေကောင်း ပြကြတယ်။ (၁ သက်. ၁:၃၊ ၆၊ ၇) ဒါတောင် “ဒီထက်မက” မေတ္တာ ဆက်ပြဖို့ ပေါလု တိုက်တွန်းတယ်။ (၁ သက်. ၄:၉၊ ၁၀) စိတ်ဓာတ်ကျနေသူတွေကို ကြင်ကြင်နာနာ ပြောဖို့၊ အားနည်းသူတွေကို ထောက်မပေးဖို့ မေတ္တာက လှုံ့ဆော်ပေးပါလိမ့်မယ်။ (၁ သက်. ၅:၁၄) ပေါလုရဲ့ ညွှန်ကြားချက်ကို သူတို့ လိုက်နာတယ်။ နောက်နှစ်မှာ ဒုတိယစာကို ပေါလု ရေးတဲ့အခါ “အချင်းချင်းအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာ တိုးပွားနေ” တယ်လို့ ပြောနိုင်ခဲ့လို့ပဲ။ (၂ သက်. ၁:၃-၅) အခက်အခဲတွေ၊ နှိပ်စက်ညှဉ်းပန်းမှုတွေ ခံရပ်ဖို့ မေတ္တာက သူတို့ကို ကူညီပေးတယ်။

ဒန်နီလိုနဲ့ ဇနီးအဖြစ် သရုပ်ဖော်ထားတဲ့ မောင်နှံ ပြုံးပြုံးလေး ရပ်နေ။ ပုံ- ၁။ လက်ကို နောက်ပြန် ကြိုးတုပ်ခံရပြီး ဒူးထောက်ထိုင်နေတဲ့ ညီအစ်ကိုရဲ့ ခေါင်းကို စစ်သားတွေ သေနတ်နဲ့ ချိန်ထား။ ၂။ အဲဒီညီအစ်ကိုနဲ့ ဇနီး ရထားဘူတာမှာ ညီအစ်ကို/မတွေကို လက်ပြနှုတ်ဆက်နေ။ ၃။ ညီအစ်ကိုနဲ့ ညီအစ်မတစ်ယောက် အစားအစာနဲ့ တခြား လိုအပ်ရာတွေ ထည့်ထားတဲ့ အိတ်တွေ ယူလာပေးနေ။

ခရစ်ယာန်မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေးနိုင် (စာပိုဒ် ၁၂ ကိုကြည့်ပါ)c

၁၂။ နိုင်ငံတစ်ခုမှာ ပြည်တွင်းစစ်အတွင်း ညီအစ်ကို/မ အချင်းချင်း ဘယ်လို မေတ္တာ ပြခဲ့သလဲ။

၁၂ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်ကို ဒန်နီလိုနဲ့ ဇနီးအကြောင်း စဉ်းစားကြည့်ပါ။ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် သူတို့မြို့အထိ ရောက်လာပေမဲ့ အစည်းအဝေးတွေ ဆက်တက်တယ်။ အတတ်နိုင်ဆုံး ဆက်ဟောပြောတယ်။ ကိုယ့်မှာ ရှိတဲ့ အစားအစာကို ညီအစ်ကို/မတွေနဲ့ ဝေမျှစားသောက်ကြတယ်။ တစ်နေ့၊ စစ်သားတွေ ဒန်နီလိုရဲ့ အိမ်ကို ရောက်လာတယ်။ “ကျွန်တော့်ယုံကြည်ချက်ကို သူတို့ အတင်းစွန့်လွှတ်ခိုင်းတယ်။ မစွန့်နိုင်ဘူးလို့ ပြောတော့ ကျွန်တော့်ကို ရိုက်တယ်။ သေနတ်နဲ့ ချိန်ပြီး ခေါင်းပေါ်ကနေ ကျော်ပစ်တယ်။ ကျွန်တော့်ဇနီးကို အဓမ္မကျင့်ဖို့ ပြန်လာမယ်လို့တောင် အိမ်က ထွက်မသွားခင် ခြိမ်းခြောက်သွားသေးတယ်။ ညီအစ်ကိုတွေက ချက်ချင်းပဲ ကျွန်တော်တို့ကို ရထားပေါ် တင်ပြီး တခြားမြို့ဆီ ပို့ပေးကြတယ်။ ညီအစ်ကိုတွေရဲ့ မေတ္တာကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး။ အဲဒီမြို့ကို ရောက်တော့ ဒေသခံ ညီအစ်ကိုတွေက စားစရာတွေ ပေးပြီး အလုပ်နဲ့ အိမ် ကူရှာပေးကြတယ်။ ဒါကြောင့် နောက်ပိုင်းမှာ စစ်ဘေးရှောင်လာတဲ့ တခြား ညီအစ်ကို/မတွေကိုတောင် နေစရာ ပေးနိုင်ခဲ့တယ်” လို့ ဒန်နီလို ပြောတယ်။ မုန်းတီးမှုကို ခံရပ်ဖို့ ခရစ်ယာန်မေတ္တာက ကူညီပေးကြောင်း အဲဒီလို တွေ့ကြုံမှုတွေကနေ သိရတယ်။

ရန်သူတွေကို ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေး

၁၃။ လူတွေ မုန်းရင်တောင် ခံနိုင်ရည် ရှိရှိ ဆက်အမှုဆောင်ဖို့ သန့်ရှင်းသော စွမ်းအားတော်က ဘယ်လို ကူညီပေးသလဲ။

၁၃ ရန်သူတွေကို ချစ်ဖို့ နောက်လိုက်တွေကို ယေရှု မိန့်မှာတယ်။ (မ. ၅:၄၄၊ ၄၅) အဲဒီလို ချစ်ဖို့ လွယ်သလား။ လုံးဝ မလွယ်ပါဘူး။ ဒါပေမဲ့ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် အကူအညီနဲ့ ချစ်နိုင်ပါတယ်။ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေထဲမှာ ချစ်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းတွေ ပါတယ်။ (ဂလ. ၅:၂၂၊ ၂၃) အဲဒီအရည်အသွေးတွေက မုန်းတီးမှုကို ခံရပ်ဖို့ ကူညီပေးတယ်။ အဲဒီအရည်အသွေးတွေကို ယုံကြည်သူ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ အိမ်နီးချင်းတွေ ပြလို့ ဆန့်ကျင်သူတွေ သဘောထား ပြောင်းလာတာ၊ ညီအစ်ကို/မ ဖြစ်လာတာတောင် ရှိတယ်။ ဒါကြောင့် ယေဟောဝါကို ဝတ်ပြုလို့ ကိုယ့်ကို မုန်းနေသူတွေကို ချစ်ဖို့ ခက်နေတယ်ဆိုရင် သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဆုတောင်းပါ။ (လု. ၁၁:၁၃) ဘုရားရဲ့ လမ်းစဉ်ဟာ အမြဲ အကောင်းဆုံး ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်စိတ်ချပါ။—ပညာ. ၃:၅-၇။

၁၄-၁၅။ ခင်ပွန်း ဆန့်ကျင်ပေမဲ့ မေတ္တာ ဆက်ပြဖို့ ရောမ ၁၂:၁၇-၂၁ က ဘယ်လို ကူညီပေးသလဲ။

၁၄ အရှေ့အလယ်ပိုင်းမှာ နေတဲ့ ညီအစ်မ ယက်စမင်အကြောင်း စဉ်းစားကြည့်ပါ။ ယက်စမင် ယေဟောဝါသက်သေ ဖြစ်လာတော့ လှည့်စားခံနေရပြီလို့ ခင်ပွန်း ထင်ပြီး တားဖို့ ကြိုးစားတယ်။ ရိုက်နှက်တယ်။ ယက်စမင်ကို ခြိမ်းခြောက်ဖို့၊ မိသားစု ပြိုကွဲအောင် လုပ်သူလို့ စွပ်စွဲဖို့ ဆွေမျိုးတွေ၊ ဘာသာရေးခေါင်းဆောင်နဲ့ မှော်ဆရာကို ပြောတယ်။ အစည်းအဝေး တစ်ခုမှာ ညီအစ်ကိုတွေကို အော်ဆဲသွားတယ်။ မကြင်မနာ ဆက်ဆံခံရလို့ ယက်စမင် အမြဲလိုလို ငိုရတယ်။

၁၅ နိုင်ငံတော်ခန်းမမှာ ညီအစ်ကို/မတွေက ယက်စမင်ကို နှစ်သိမ့်အားပေးကြတယ်။ ရောမ ၁၂:၁၇-၂၁ (ဖတ်ပါ) မှာပါတဲ့ စကားတွေကို လက်တွေ့ကျင့်ဖို့ အကြီးအကဲတွေ အားပေးတယ်။ “လက်တွေ့ကျင့်ဖို့ သိပ်ခက်တယ်။ ဒါပေမဲ့ ယေဟောဝါဆီ အကူအညီ တောင်းတယ်။ ကျမ်းစာမှာ ပြောတဲ့အတိုင်း လိုက်နာဖို့ အတတ်နိုင်ဆုံး ကြိုးစားတယ်။ ခင်ပွန်း မီးဖိုချောင်မှာ မွစာကျဲအောင် တမင် ဖွထားတဲ့အခါ အမြဲ ရှင်းပေးတယ်။ သူ အော်ဆဲရင်လည်း ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောတယ်။ နေမကောင်း ဖြစ်တဲ့အခါ ပြုစုပေးတယ်” လို့ ယက်စမင် ပြောတယ်။

ညီအစ်မ ဂျော်ဂျီယာနာအဖြစ် သရုပ်ဖော်ထားတဲ့ ညီအစ်မ ပြုံးပြုံးလေး ရပ်နေ။ ပုံ– ၁။ ကြမ်းပေါ်ထိုင်နေတဲ့ ညီအစ်မကို အမေ အော်ငေါက်နေ။ စာပေတွေကိုလည်း အမေ စုတ်ဖြဲပစ်။ ၂။ ညီအစ်မ ကျမ်းစာဖတ်နေ။ ၃။ ညီအစ်မက နောက်ညီအစ်မနဲ့ အတူကျမ်းလေ့လာနေ။ ၄။ နိုင်ငံတော်ခန်းမမှာ ညီအစ်ကို/မတွေနဲ့ ညီအစ်မ စကားပြောနေ။

နှိပ်စက်ညှဉ်းပန်းသူတွေကို မေတ္တာပြမယ်ဆိုရင် သူတို့ သဘောထား ပြောင်းလဲလာနိုင် (စာပိုဒ် ၁၆-၁၇ ကိုကြည့်ပါ)d

၁၆-၁၇။ ညီအစ်မ ယက်စမင်ဆီကနေ ဘာသင်ယူရသလဲ။

၁၆ ခင်ပွန်းကို ဆက်မေတ္တာပြလို့ ယက်စမင် ကောင်းချီး ခံစားရတယ်။ “ကျွန်မ အမြဲ အမှန်အတိုင်း ပြောမှန်း သိလို့ ခင်ပွန်း ပိုယုံလာတယ်။ ဘာသာရေးအကြောင်း ပြောတဲ့အခါ လေးလေးစားစား နားထောင်လာတယ်။ အိမ်မှာ ပြဿနာ သိပ်မလုပ်တော့ဘူး။ အစည်းအဝေးတွေ တက်ခွင့်ပေးလာတယ်။ အခုဆို မိသားစုဘဝ တိုးတက်ကောင်းမွန်ပြီး အေးချမ်းနေပြီ။ အမှန်တရားကို သူ တစ်နေ့နေ့မှာ လက်ခံပြီး ယေဟောဝါကို အတူတူ ဝတ်ပြုခွင့် ရဖို့ ကျွန်မ မျှော်လင့်နေပါတယ်” လို့ ယက်စမင် ပြောတယ်။

၁၇ “မေတ္တာဟာ အရာရာကို သည်းခံတတ်တယ်။ . . . အရာရာကို မျှော်လင့်တတ်တယ်။ အရာရာကို ကြံ့ကြံ့ခံတတ်တယ်” ဆိုတာ ယက်စမင်ရဲ့ အတွေ့အကြုံက ဖော်ပြတယ်။ (၁ ကော. ၁၃:၄၊ ၇) မုန်းတီးမှုက အားကြီးတယ်။ ဒါပေမဲ့ မေတ္တာက မုန်းတီးမှုထက် ပိုအားကြီးတယ်။ လူတွေရဲ့ စိတ်ကို ပြောင်းလဲစေနိုင်တယ်။ ယေဟောဝါရဲ့ စိတ်ကို ရွှင်လန်းစေနိုင်တယ်။ ဆန့်ကျင်သူတွေ ဆက်မုန်းနေရင်တောင် ကျွန်တော်တို့ ပျော်ရွှင်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။

အမုန်းခံရတဲ့အခါ ပျော်ရွှင်ပါ

၁၈။ အမုန်းခံရတဲ့အခါ ဘာကြောင့် ပျော်ရွှင်နိုင်သလဲ။

၁၈ ‘အမုန်းခံရတဲ့အခါတိုင်း ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်’ လို့ ယေရှု ပြောတယ်။ (လု. ၆:၂၂) ကျွန်တော်တို့ အမုန်း မခံချင်ပါဘူး။ ယုံကြည်ချက်ကြောင့် နှိပ်စက်ခံရတာကိုလည်း ပျော်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အမုန်းခံရတဲ့အခါ ကျွန်တော်တို့ ပျော်ရတဲ့ အကြောင်းရင်း သုံးခု ရှိတယ်။ ပထမ၊ မုန်းတီးမှုကို ခံရပ်တဲ့အခါ ဘုရားရဲ့ နှစ်သက်လက်ခံမှု ရတယ်။ (၁ ပေ. ၄:၁၃၊ ၁၄) ဒုတိယ၊ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ (၁ ပေ. ၁:၇) တတိယ၊ တန်ဖိုး မဖြတ်နိုင်တဲ့ ထာဝရအသက် ဆုကျေးဇူး ရမယ်။—ရော. ၂:၆၊ ၇။

၁၉။ ရိုက်နှက်ခံရတာတောင် တမန်တော်တွေ ဘာကြောင့် ပျော်နိုင်ကြသလဲ။

၁၉ ယေရှု ထမြောက်ပြီး မကြာခင်မှာ တမန်တော်တွေဟာ ယေရှု ပြောခဲ့တဲ့ ပျော်ရွှင်ချမ်းမြေ့မှု ခံစားခဲ့ရတယ်။ ရိုက်နှက်ခံရပြီး ဆက်မဟောဖို့ အမိန့်ပေးခံရတာတောင် ပျော်ပျော်ပဲ။ ဘာကြောင့်လဲ။ “ယေရှုရဲ့ နာမည်ကြောင့် အရှက်ခွဲခံရတာကို ဂုဏ်ယူစရာအဖြစ် ယူမှတ်” ကြလို့ပဲ။ (တ. ၅:၄၀-၄၂) သခင်ကို ချစ်တဲ့ မေတ္တာက ရန်သူတွေ မုန်းမှာကို ကြောက်တဲ့စိတ်ထက် ပိုအားကြီးတယ်။ “နေ့စဉ်မပြတ်” သတင်းကောင်း ဆက်ဟောခြင်းအားဖြင့် အဲဒီမေတ္တာကို ပြကြတယ်။ ဒီနေ့ခေတ်မှာလည်း ညီအစ်ကို/မများစွာဟာ အခက်အခဲတွေကြား သစ္စာရှိရှိ ဆက်အမှုဆောင်နေကြတယ်။ သူတို့ရဲ့ လုပ်ရပ်ကို၊ နာမတော်အတွက် ပြတဲ့ မေတ္တာကို ယေဟောဝါ ဘယ်တော့မှ မမေ့ဘူးဆိုတာ သိထားကြတယ်။—ဟီ. ၆:၁၀။

၂၀။ နောက်ဆောင်းပါးမှာ ဘာအကြောင်း သိရမလဲ။

၂၀ ဒီစနစ်ဆိုး တည်ရှိနေသရွေ့ လောကက ကျွန်တော်တို့ကို မုန်းနေမှာပဲ။ (ယော. ၁၅:၁၉) ဒါပေမဲ့ ကျွန်တော်တို့ ကြောက်ဖို့ မလိုပါဘူး။ သစ္စာရှိသူတွေကို ယေဟောဝါ “ခိုင်ခံ့မြဲမြံစေပြီး . . . ကာကွယ်ပေး” မယ်ဆိုတာ နောက်ဆောင်းပါးမှာ သိလာရပါမယ်။ (၂ သက်. ၃:၃) ဒါကြောင့် ယေဟောဝါ၊ ညီအစ်ကို/မတွေနဲ့ ရန်သူတွေကိုတောင် ဆက်ချစ်ကြပါစို့။ ဒီအကြံပြုချက်ကို လိုက်နာမယ်ဆိုရင် ကျွန်တော်တို့ ဆက်စည်းလုံးနေမယ်။ ယုံကြည်ခြင်း ခိုင်မာနေမယ်။ ယေဟောဝါရဲ့ ဘုန်းထင်ရှားမယ်။ မေတ္တာဟာ မုန်းတီးမှုထက် ပိုအင်အားကြီးကြောင်း သက်သေပြနိုင်ပါလိမ့်မယ်။

သင် ဘယ်လို ဖြေမလဲ

  • ယေဟောဝါကို ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ဘယ်လို ကူညီပေးသလဲ။

  • ညီအစ်ကို/မတွေကို ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ဘယ်လို ကူညီပေးသလဲ။

  • ရန်သူတွေကို ချစ်တဲ့ မေတ္တာက မုန်းတီးမှုကို ခံရပ်ဖို့ ဘယ်လို ကူညီပေးသလဲ။

သီချင်း ၁၀၆ မေတ္တာတရားကို ပျိုးထောင်ခြင်း

a ယေဟောဝါ၊ ယုံကြည်သူချင်းတွေနဲ့ ရန်သူတွေကိုတောင် ချစ်တဲ့ မေတ္တာက လောကရဲ့ မုန်းတီးမှုကို ခံရပ်ဖို့ ဘယ်လို ကူညီပေးကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ အမုန်းခံရချိန်မှာ ပျော်ရွှင်နိုင်တယ်လို့ ယေရှု ဘာကြောင့် ပြောခဲ့ကြောင်းလည်း သိလာရပါမယ်။

b အမည်လွှဲများ။

c ပုံအညွှန်း– ဒန်နီလိုကို စစ်သားတွေ ခြိမ်းခြောက်ပြီးနောက် သူတို့ဇနီးမောင်နှံ တခြားမြို့ကို ပြောင်းဖို့ ညီအစ်ကိုတွေ ကူညီပေး။ အဲဒီမြို့ကို ရောက်တဲ့အခါ ညီအစ်ကိုတွေ နွေးနွေးထွေးထွေး ကြိုဆိုနေ။

d ပုံအညွှန်း– ယက်စမင်ရဲ့ ခင်ပွန်း ဆန့်ကျင်နေ။ အကြီးအကဲတွေ အကြံဉာဏ်ကောင်း ပေးနေ။ ယက်စမင်ဟာ ဇနီးကောင်း ဖြစ်ကြောင်း ဆက်ပြပြီး နေမကောင်း ဖြစ်နေတဲ့ ခင်ပွန်းကို ပြုစုပေးနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ