ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဩဂုတ် စာ. ၁၄-၁၉
  • ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖန်ဆင်းရှင်ကို လူများစွာ ဘာကြောင့် မယုံကြ
  • ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း တည်ဆောက်နိုင်ပုံ
  • ယုံကြည်ခြင်း ခိုင်မာနေစေပါ
  • “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယုံကြည်ခြင်း—ခွန်အားရှိစေတဲ့ အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ​လူငယ်တို့၊ သင်တို့ရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေကြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဩဂုတ် စာ. ၁၄-၁၉

လေ့လာရန် ဆောင်းပါး ၃၂

ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်ခံ့စေပါ

‘ယုံကြည်ခြင်းဆိုတာ ကိုယ်ယုံကြည်တဲ့အရာကို မမြင်ရပေမဲ့ အမှန်တကယ် ရှိတယ်လို့ စိတ်ချနေတာ ဖြစ်တယ်။’—ဟီ. ၁၁:၁။

သီချင်း ၁၁ ဖန်ဆင်းရာများက ဘုရားကို ချီးမွမ်း

အကြိုသုံးသပ်ချက်a

၁။ ယေဟောဝါအကြောင်း သင် ဘာသင်ယူထားသလဲ။

ယေဟောဝါသက်သေအဖြစ် သင် ကြီးပြင်းလာတယ်ဆိုရင် ငယ်ငယ်ကတည်းက ယေဟောဝါအကြောင်း သိပြီးဖြစ်မယ်။ ဖန်ဆင်းရှင် ဖြစ်ကြောင်း၊ အရည်အသွေးကောင်းတွေ ရှိကြောင်း၊ လူသားတွေအတွက် ရည်ရွယ်ချက်တစ်ခု ရှိကြောင်း သင်ယူခဲ့ရမယ်။—က. ၁:၁။ တ. ၁၇:၂၄-၂၇။

၂။ ဖန်ဆင်းရှင်ကို ယုံတဲ့သူတွေနဲ့ပတ်သက်ပြီး လူတချို့ ဘယ်လို ထင်ကြသလဲ။

၂ လူများစွာကတော့ ဖန်ဆင်းရှင်ကို ယုံဖို့ မပြောနဲ့ ဘုရား ရှိတယ်ဆိုတာတောင် မယုံကြဘူး။ အသက် မတော်တဆ ဖြစ်လာတယ်၊ ရိုးရှင်းတဲ့ သက်ရှိတွေကနေ ရှုပ်ထွေးတဲ့ သက်ရှိတွေ တဖြည်းဖြည်း ဆင့်ကဲဖြစ်ပေါ်လာတယ်လို့ ယုံကြတယ်။ အဲဒီလို ယုံတဲ့သူတချို့က တကယ့် ပညာတတ်ကြီးတွေ။ ကျမ်းစာ မှားကြောင်း၊ ဖန်ဆင်းရှင်ကို ယုံကြည်သူတွေဟာ ပညာမတတ်သူ၊ ရိုးအသူ၊ အယုံလွယ်သူတွေသာ ဖြစ်ကြောင်း သိပ္ပံပညာက ဖော်ထုတ်ပေးတယ်လို့ သူတို့ ပြောကြတယ်။

၃။ ယုံကြည်ခြင်း ခိုင်ခံ့အောင် တည်ဆောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၃ ပညာတတ်တချို့ရဲ့ အပြောကြောင့် ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်း အားနည်းသွားမလား။ အဖြေကတော့ ယေဟောဝါကို ဖန်ဆင်းရှင်အဖြစ် ဘာကြောင့် ယုံကြည်တယ်ဆိုတဲ့အပေါ် များစွာ မူတည်ပါလိမ့်မယ်။ သူများ ပြောလို့ ယုံကြည်တာလား၊ ဒါမှမဟုတ် အထောက်အထားတွေကို ကိုယ်တိုင် အချိန်ယူဆန်းစစ်ပြီးမှ ယုံကြည်တာလား။ (၁ ကော. ၃:၁၂-၁၅) ယေဟောဝါသက်သေ ဖြစ်လာတာ ဘယ်လောက်ပဲ ကြာနေပါစေ ယုံကြည်ခြင်း ခိုင်ခံ့အောင် တည်ဆောက်နေဖို့ လိုတယ်။ ဒါမှ ကျမ်းစာနဲ့ ဆန့်ကျင်တဲ့ “အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့” လှည့်ဖြားမခံရမှာ။ (ကော. ၂:၈။ ဟီ. ၁၁:၆) ဒီဆောင်းပါးမှာ (၁) ဖန်ဆင်းရှင်ကို လူများစွာ ဘာကြောင့် မယုံကြောင်း၊ (၂) ဖန်ဆင်းရှင် ယေဟောဝါအပေါ် ယုံကြည်ခြင်း ဘယ်လို တည်ဆောက်နိုင်ကြောင်း၊ (၃) ယုံကြည်ခြင်း ဆက်ခိုင်ခံ့နေအောင် ဘယ်လို လုပ်နိုင်ကြောင်း ဆွေးနွေးကြပါမယ်။

ဖန်ဆင်းရှင်ကို လူများစွာ ဘာကြောင့် မယုံကြ

၄။ ဟီဘရူး ၁၁:၁ အရ စစ်မှန်တဲ့ ယုံကြည်ခြင်းဟာ ဘယ်အပေါ် အခြေခံသလဲ။

၄ ယုံကြည်တယ်လို့ ပြောတဲ့အခါ အထောက်အထား မရှိဘဲ မျက်စိမှိတ် ယုံတာလို့ လူတချို့ ထင်ကြတယ်။ ဒါပေမဲ့ ကျမ်းစာအဆိုအရ အဲဒါ စစ်မှန်တဲ့ ယုံကြည်ခြင်း မဟုတ်ဘူး။ (ဟီဘရူး ၁၁:၁ ကို ဖတ်ပါ။) တစ်ခုခုကို ယုံကြည်စိတ်ချဖို့ဆိုရင် ခိုင်လုံတဲ့ အချက်အလက်တွေကို သိဖို့ လိုတယ်။ ယေဟောဝါ၊ ယေရှု၊ ကောင်းကင်နိုင်ငံ စတာတွေကို မမြင်ရပေမဲ့ အဲဒါတွေ တကယ် တည်ရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ အများကြီး ရှိတယ်။ (ဟီ. ၁၁:၃) ဇီဝဓာတု ပညာရှင် သက်သေခံတစ်ယောက်က “ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းဟာ သိပ္ပံအချက်အလက်တွေကို လျစ်လျူရှုပြီး မျက်စိမှိတ် ယုံတာ မဟုတ်ဘူး” လို့ ပြောတယ်။

၅။ ဖန်ဆင်းရှင် မရှိဘဲ အသက် စတင်လာတယ်လို့ လူများစွာ ဘာကြောင့် ယူဆကြသလဲ။

၅ ‘ဖန်ဆင်းရှင် ရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား ရှိတယ်ဆိုရင် ဖန်ဆင်းရှင် မရှိဘဲ အသက် စတင်လာတယ်လို့ လူများစွာ ဘာကြောင့် ယူဆနေကြတာလဲ’ ဆိုပြီး စဉ်းစားမိနိုင်တယ်။ အကြောင်းရင်းကတော့ အထောက်အထားတွေကို ကိုယ်တိုင် တစ်ခါမှ မဆန်းစစ်လို့ပဲ။ အခု ယေဟောဝါသက်သေ ဖြစ်နေတဲ့ ရောဘတ်က “ကျောင်းမှာ ဖန်ဆင်းခြင်းအကြောင်း တစ်ခါမှ မသင်ရတဲ့အတွက် ဖန်ဆင်းခြင်း မှားတယ်လို့ပဲ ထင်လာတာ။ အသက် ၂၀ လောက်မှာ ယေဟောဝါသက်သေတွေနဲ့ စကားပြောကြည့်တော့မှ အရာအားလုံးကို ဘုရား ဖန်ဆင်းတယ်ဆိုတဲ့ ယုတ္တိရှိတဲ့ ကျမ်းစာအကြောင်းရင်းတွေ သိလာတယ်” လို့ ပြောတယ်။b—“မိဘများထံ ပေးစာ” လေးထောင့်ကွက်ကို ကြည့်ပါ။

မိဘများထံ ပေးစာ

“သက်ရှိများရဲ့ မူလအစ—မေးသင့်မေးထိုက်တဲ့ မေးခွန်း ငါးခု” စာစောင်ကို သားနဲ့ အဖေ ဆွေးနွေးနေ။

မိဘတို့၊ ကျောင်းမှာ ကိုယ့်ကလေး ဘာတွေ သင်ပေးခံနေရသလဲဆိုတာ သိဖို့ ကြိုးစားပါ။ ကျမ်းစာနဲ့ မညီတာတချို့ သင်ပေးခံနေရတယ်ဆိုရင်ကော။ အဖွဲ့အစည်းထုတ် စာပေတွေ သုံးပြီး ခိုင်လုံတဲ့ အထောက်အထားတွေကို သားသမီးတွေ နားလည်အောင် ကူညီပေးပါ။ တက္ကသိုလ်တွေမှာ ဘုရားကို မယုံသူ များစွာ ရှိတယ်။ ယုံတဲ့သူတွေကိုလည်း လှောင်ပြောင်ကြတယ်။ ဒါကြောင့် သားသမီးတွေကို တက္ကသိုလ် ပို့တာ အန္တရာယ် ရှိကြောင်း သတိရပါ။

၆။ ဖန်ဆင်းရှင်ကို တချို့ ဘာကြောင့် မယုံကြသလဲ။

၆ တချို့ကလည်း မြင်ရတဲ့အရာကိုပဲ ယုံတယ်လို့ ပြောပြီး ဖန်ဆင်းရှင်ကို မယုံကြဘူး။ ဒါပေမဲ့ ကမ္ဘာ့ဆွဲအားလိုမျိုး မမြင်ရတဲ့အရာတွေကိုတော့ အထောက်အထား ခိုင်လုံတဲ့အတွက် ခြွင်းချက်အနေနဲ့ လက်ခံကြတယ်။ ကျမ်းစာမှာ ပြောထားတဲ့ ယုံကြည်ခြင်းလည်း အဲဒီလိုပဲ။ မမြင်ရတဲ့ အရာတွေရဲ့ ခိုင်လုံတဲ့ အထောက်အထားကို အခြေခံတယ်။ (ဟီ. ၁၁:၁) အထောက်အထားတွေကို ကိုယ်တိုင် ဆန်းစစ်ဖို့ အချိန်နဲ့ ခွန်အား လိုတယ်။ ဒါပေမဲ့ လူများစွာက အချိန် မပေးချင်ကြဘူး။ ခွန်အား မစိုက်ထုတ်ချင်ကြဘူး။ အထောက်အထားတွေကို ကိုယ်တိုင် မဆန်းစစ်တဲ့အတွက် ဘုရား မရှိဘူးလို့ ကောက်ချက်ချနေကြတယ်။

၇။ စကြဝဠာကို ဘုရား ဖန်ဆင်းတယ်ဆိုတာ ပညာတတ်အားလုံး ငြင်းပယ်သလား။ ရှင်းပြပါ။

၇ အထောက်အထားတွေကို ဆန်းစစ်ပြီးနောက် စကြဝဠာကို ဘုရား ဖန်ဆင်းကြောင်း သိပ္ပံပညာရှင်တချို့ ယုံကြည်လာကြတယ်။c အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ရောဘတ်လိုပဲ တချို့က တက္ကသိုလ်မှာ ဖန်ဆင်းခြင်းအကြောင်း တစ်ခါမှ မသင်ရလို့ ဖန်ဆင်းရှင် မရှိဘူးလို့ ယူဆနေကြတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်များစွာ ယေဟောဝါကို သိပြီး ချစ်လာကြတယ်။ ပညာရေးနောက်ခံ ဘယ်လိုပဲ ရှိပါစေ အဲဒီသိပ္ပံပညာရှင်တွေလိုပဲ ကျွန်တော်တို့အားလုံး ဘုရားအပေါ် ယုံကြည်ခြင်း တည်ဆောက်နေရမယ်။ ကျွန်တော်တို့ကိုယ်စား ဘယ်သူမှ လုပ်ပေးလို့ မရဘူး။

ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း တည်ဆောက်နိုင်ပုံ

၈-၉။ (က) အခု ဘယ်မေးခွန်းကို ဆွေးနွေးကြမလဲ။ (ခ) ဖန်ဆင်းခြင်းအကြောင်း လေ့လာတာကနေ သင် ဘယ်လို အကျိုးရမလဲ။

၈ ဖန်ဆင်းရှင်အပေါ် သင့်ယုံကြည်ခြင်း ဘယ်လို တည်ဆောက်နိုင်သလဲ။ နည်းလေးနည်းကို ဆွေးနွေးကြည့်ကြစို့။

၉ ဖန်ဆင်းခြင်းအကြောင်း လေ့လာပါ။ တိရစ္ဆာန်၊ သစ်ပင်၊ ကြယ်တွေကို ကြည့်ပြီး ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း တည်ဆောက်နိုင်တယ်။ (ဆာ. ၁၉:၁။ ဟေရှာ. ၄၀:၂၆) အဲဒါတွေအကြောင်း လေ့လာလေ ယေဟောဝါဟာ ဖန်ဆင်းရှင် ဖြစ်ကြောင်း ပိုယုံကြည်စိတ်ချလေ ဖြစ်ပါလိမ့်မယ်။ အဖွဲ့အစည်းထုတ် စာပေတွေမှာ ဖန်ဆင်းခြင်းအကြောင်း အသေးစိတ် ရှင်းပြထားတဲ့ ဆောင်းပါးတွေ ပါလေ့ရှိတယ်။ နားလည်ရ ခက်လို့ မဖတ်ဘဲ ကျော်သွားတာမျိုး မလုပ်ပါနဲ့။ နိုင်သလောက် လေ့လာမှတ်သားပါ။ မကြာသေးခင် နှစ်တွေတုန်းက ခရိုင်အစည်းအဝေးမှာ တင်ဆက်တဲ့ ဖန်ဆင်းခြင်း ဗီဒီယိုတွေကိုလည်း jw.org ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်နိုင်တယ်။

၁၀။ ဖန်ဆင်းရှင် ရှိတယ်ဆိုတာ ဖော်ပြတဲ့ ဥပမာတစ်ခု ပေးပါ။ (ရောမ ၁:၂၀)

၁၀ ဖန်ဆင်းခြင်းအကြောင်း လေ့လာတဲ့အခါ ဖန်ဆင်းရှင်အကြောင်း ဖော်ပြတဲ့ အချက်တွေကို အသေအချာ အာရုံစိုက်ပါ။ (ရောမ ၁:၂၀ ကို ဖတ်ပါ။) ဥပမာ၊ နေဟာ သက်ရှိတွေ လိုအပ်တဲ့ အပူနဲ့ အလင်းရောင်ကို ပေးပေမဲ့ အန္တရာယ် ရှိတဲ့ ခရမ်းလွန်ရောင်ခြည်တွေလည်း ထုတ်ပေးတယ်။ အဲဒီရောင်ခြည်တွေ မထိအောင် ကာကွယ်ဖို့ လိုတယ်။ တကယ်တော့ ကာကွယ် ခံရပြီးသားပါ။ ဘယ်လိုနည်းနဲ့လဲ။ ကမ္ဘာမှာ ရှိတဲ့ အိုဇုန်းလွှာက အန္တရာယ် ရှိတဲ့ ရောင်ခြည်တွေကို ကာပေးတယ်။ နေက ထုတ်တဲ့ ခရမ်းလွန်ရောင်ခြည် များလာလေ အိုဇုန်းဓာတ်ငွေ့ များလာလေပဲ။ ဒီဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်၊ အဲဒီတစ်ယောက်ဟာ မေတ္တာနဲ့ ဉာဏ်ပညာ ပြည့်ဝတဲ့ ဖန်ဆင်းရှင် ဖြစ်တယ်ဆိုတာ ဖော်ပြနေတယ် မဟုတ်လား။

၁၁။ ဖန်ဆင်းခြင်းအပေါ် ယုံကြည်ခြင်း ခိုင်မာစေတဲ့ အချက်အလက်တွေကို ဘယ်မှာ တွေ့နိုင်သလဲ။ (“ယုံကြည်ခြင်း ခိုင်မာအောင် ကူညီပေးတဲ့ အရာများ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၁ အဖွဲ့အစည်းထုတ် စာပေတွေနဲ့ jw.org ဝက်ဘ်ဆိုက်မှာ ဖန်ဆင်းခြင်းအပေါ် ယုံကြည်ခြင်း ခိုင်မာစေတဲ့ အချက်တွေ တွေ့နိုင်တယ်။ “အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆောင်းပါးတွဲနဲ့ ဗီဒီယိုတွေကို စလေ့လာနိုင်တယ်။ တိရစ္ဆာန်နဲ့ တခြား ဖန်ဆင်းရာတွေအကြောင်း အံ့ဖွယ်အချက်အလက်တွေကို လိုရင်းတိုရှင်း ဖော်ပြထားတယ်။ သဘာဝမှာ ရှိတာတွေကို သိပ္ပံပညာရှင်တွေ ဘယ်လို အတုခိုးကြကြောင်း နမူနာတွေလည်း ပါတယ်။

ယုံကြည်ခြင်း ခိုင်မာအောင် ကူညီပေးတဲ့ အရာများ

“သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော” စာအုပ်၊ “သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော၊” “သက်ရှိများရဲ့ မူလအစ—မေးသင့်မေးထိုက်တဲ့ မေးခွန်း ငါးခု” စာစောင်တွေနဲ့ တက်ဘလက် သုံးပြီး လူငယ်တစ်ယောက် ဖန်ဆင်းခြင်းအကြောင်း လေ့လာနေ။ ပုံ– ၁။ ဒီအန်အေ။ ၂။ ပုရွက်ဆိတ်။ ၃။ နေအဖွဲ့အစည်းထဲက ဂြိုဟ်များ။

ဘရိုရှာများ

သက်ရှိများသည် ဖန်ဆင်းခံရခြင်းလော

စာအုပ်များ

သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော

စာစောင်များ

“ဖန်ဆင်းရှင်တစ်ပါး ရှိသလော” ၂၀၀၆၊ စက်တင်ဘာ အထူးထုတ် နိုးလော့!

ဗီဒီယိုများ

အံ့ဖွယ်ဖန်ဆင်းရာများက ဘုရားသခင့် ဘုန်းတော် ထင်ရှားစေကြ

ဆောင်းပါးတွဲများ

နိုးလော့! နဲ့ jw.org ထဲက “အလိုလို ဖြစ်လာနိုင်ပါ့မလား” ဆောင်းပါးတွဲများ

၁၂။ ကျမ်းစာ လေ့လာတဲ့အခါ ဘယ်အချက်တွေကို လေ့လာမှတ်သားသင့်သလဲ။

၁၂ ကျမ်းစာကို လေ့လာပါ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဇီဝဓာတု ပညာရှင်ဟာ အစပိုင်းမှာ ဖန်ဆင်းရှင် ရှိတယ်ဆိုတာ လက်မခံဘူး။ နောက်ပိုင်းမှာတော့ ယုံကြည်လာတယ်။ “သိပ္ပံပညာကို လေ့လာရုံ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ကျမ်းစာကို သေသေချာချာ လေ့လာလို့လည်း ယုံကြည်ခြင်း ရှိလာတာ” လို့ ပြောတယ်။ သင့်မှာ တိကျမှန်ကန်တဲ့ ကျမ်းစာ အသိပညာ ရှိပြီးသား ဖြစ်မယ်။ ဒါပေမဲ့ ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်မာနေအောင် ကျမ်းစာ ဆက်လေ့လာဖို့ လိုတယ်။ (ယောရှု ၁:၈။ ဆာ. ၁၁၉:၉၇) ဥပမာ၊ ကျမ်းစာမှာ သမိုင်းဖြစ်ရပ်တွေကို ဘယ်လောက် တိတိကျကျ ဖော်ပြထားတယ်ဆိုတာ လေ့လာမှတ်သားပါ။ ပရောဖက်ပြုချက်တွေကို လေ့လာပါ။ ကျမ်းရေးသူတွေ မတူပေမဲ့ ရေးတဲ့ အကြောင်းအရာတွေ ကိုက်ညီမှု ရှိတယ်ဆိုတာလည်း မှတ်သားပါ။ ဒီနည်းအားဖြင့် မေတ္တာနဲ့ ဉာဏ်ပညာ ပြည့်ဝတဲ့ ဖန်ဆင်းရှင်က ကျွန်တော်တို့ကို ဖန်ဆင်းထားတယ်၊ ကျမ်းစာကို စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားစေတယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ယုံကြည်မှု ခိုင်မာလာပါလိမ့်မယ်။d—၂ တိ. ၃:၁၄။ ၂ ပေ. ၁:၂၁။

၁၃။ ကျမ်းစာ အကြံဉာဏ်တွေ ပညာရှိကြောင်း ဖော်ပြတဲ့ ဥပမာတစ်ခု ပေးပါ။

၁၃ ကျမ်းစာအကြံဉာဏ်တွေ ဘယ်လောက် ပညာရှိကြောင်းလည်း လေ့လာပါ။ ဥပမာ၊ ငွေတပ်မက်ခြင်းဟာ အန္တရာယ် ရှိတယ်၊ “ဝေဒနာများစွာ” ရစေတယ်လို့ ကျမ်းစာမှာ ကြိုသတိပေးထားတယ်။ (၁ တိ. ၆:၉၊ ၁၀။ ပညာ. ၂၈:၂၀။ မ. ၆:၂၄) အဲဒီသတိပေးချက် လက်တွေ့ကျသေးလား။ စာအုပ်တစ်အုပ် (The Narcissism Epidemic) မှာ “ပစ္စည်းဥစ္စာ တပ်မက်သူတွေဟာ သိပ်မပျော်ကြဘူး။ ဖိစီးမှု ပိုများတယ်။ ချမ်းသာချင်သူတွေဟာ စိတ်ကျန်းမာရေးရော ခန္ဓာကိုယ် ကျန်းမာရေးပါ ထိခိုက်လေ့ရှိတယ်” လို့ ဆိုတယ်။ ငွေတပ်မက်ခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာ သတိပေးချက် သိပ်ပညာရှိပါတယ်။ အကျိုးပြုတဲ့ တခြားကျမ်းစာမူတွေကိုရော စဉ်းစားမိသလား။ ကျမ်းစာ အကြံဉာဏ်တွေကို ပိုတန်ဖိုးထားလေ မေတ္တာပြည့်ဝတဲ့ ဖန်ဆင်းရှင်ရဲ့ ဉာဏ်ပညာကို အမြဲ အားကိုးလေ ဖြစ်လာမယ်။ (ယာ. ၁:၅) ရလဒ်အနေနဲ့ ဘဝမှာ ပိုပျော်ရွှင်လာမယ်။—ဟေရှာ. ၄၈:၁၇၊ ၁၈။

၁၄။ ကျမ်းစာ လေ့လာတဲ့အခါ ယေဟောဝါအကြောင်း ဘာတွေ သိလာရသလဲ။

၁၄ ကျမ်းစာ လေ့လာတဲ့အခါ စိတ်ရင်းမှန်ရမယ်။ ယေဟောဝါအကြောင်း သိဖို့ ဖြစ်ရမယ်။ (ယော. ၁၇:၃) ကျမ်းစာကနေ သိလာရတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေဟာ ဖန်ဆင်းခြင်းအကြောင်း လေ့လာတဲ့အခါ သိလာရတဲ့ အရည်အသွေးတွေနဲ့ အတူတူပဲဆိုတာ သတိပြုမိပါလိမ့်မယ်။ အဲဒီအရည်အသွေးတွေအကြောင်း လေ့လာတာက ယေဟောဝါဟာ တကယ်ရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ကြောင်း ပိုယုံကြည်စိတ်ချစေတယ်။ (ထွ. ၃၄:၆၊ ၇။ ဆာ. ၁၄၅:၈၊ ၉) ယေဟောဝါအကြောင်း ပိုသိလေ ဘုရားကို ပိုယုံကြည်လေ၊ ပိုချစ်လေ၊ ပိုရင်းနှီးလေ ဖြစ်လာလိမ့်မယ်။

၁၅။ ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ ဘယ်လို အကျိုးရမလဲ။

၁၅ ကိုယ့်ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြပါ။ ဒါဆိုရင် ယုံကြည်ခြင်း ပိုခိုင်မာလာမယ်။ တစ်ယောက်ယောက်က ဘုရား ရှိသလားဆိုပြီး မေးခွန်းထုတ်လာလို့ ဘယ်လို ပြန်ဖြေရမလဲဆိုတာ မသေမချာ ဖြစ်နေရင် အဖွဲ့အစည်းထုတ် စာပေတွေမှာ ရှင်းပြထားတဲ့ ကျမ်းစာအဖြေကို ရှာပြီး ပြန်ပြောပြပါ။ (၁ ပေ. ၃:၁၅) တခြား ညီအစ်ကို/မတွေဆီမှာလည်း အကူအညီ တောင်းနိုင်တယ်။ ကျမ်းစာအဖြေကို အဲဒီလူ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ရှာဖွေလေ့လာမှုကနေ သင် အကျိုးရပါလိမ့်မယ်။ သင့်ယုံကြည်ခြင်း ပိုခိုင်မာလာမယ်။ ဖန်ဆင်းရှင် မရှိဘူးလို့ ပြောတဲ့ ပညာတတ်တွေရဲ့ စွပ်စွဲချက်အမှားတွေကို နားယောင်မိမှာ မဟုတ်တော့ဘူး။

ယုံကြည်ခြင်း ခိုင်မာနေစေပါ

၁၆။ ယုံကြည်ခြင်း ခိုင်မာအောင် ဆက်မတည်ဆောက်ရင် ဘာဖြစ်နိုင်သလဲ။

၁၆ ယေဟောဝါကို ဝတ်ပြုလာတာ ဘယ်လောက်ပဲ ကြာနေပါစေ ဘုရားအပေါ် ယုံကြည်ခြင်း ခိုင်မာအောင် ဆက်တည်ဆောက်နေရမယ်။ ဘာကြောင့်လဲ။ သတိမထားဘူးဆိုရင် ယုံကြည်ခြင်း အားနည်းသွားနိုင်လို့ပဲ။ ယုံကြည်ခြင်းဆိုတာ မမြင်ရပေမဲ့ တကယ်ရှိတဲ့အရာတွေရဲ့ ခိုင်လုံတဲ့ အထောက်အထားအပေါ် အခြေခံကြောင်း သတိရပါ။ မမြင်ရတဲ့အရာကို လွယ်လွယ် မေ့သွားနိုင်တယ်။ ယုံကြည်ခြင်း ကင်းမဲ့တာကို “အလွယ်တကူ ကျော့မိစေတဲ့ အပြစ်” လို့ ပေါလု ပြောတယ်။ (ဟီ. ၁၂:၁) အဲဒီကျော့ကွင်းကို ဘယ်လို ရှောင်နိုင်မလဲ။—၂ သက်. ၁:၃။

၁၇။ ယုံကြည်ခြင်း တည်ဆောက်နိုင်ဖို့ ဘာအကူအညီ လိုသလဲ။

၁၇ ပထမ၊ ယေဟောဝါဆီ မကြာခဏ သန့်ရှင်းသောစွမ်းအားတော် တောင်းပါ။ ဘာကြောင့်လဲ။ ယုံကြည်ခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတစ်ခု ဖြစ်လို့ပဲ။ (ဂလ. ၅:၂၂၊ ၂၃) သန့်ရှင်းသော စွမ်းအားတော် အကူအညီ မပါဘဲ ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း မတည်ဆောက်နိုင်ဘူး။ စွမ်းအားတော် တောင်းခံမယ်ဆိုရင် ယေဟောဝါ ပေးမယ်။ (လု. ၁၁:၁၃) “ယုံကြည်ခြင်း တိုးများအောင် လုပ်ပေးပါ” လို့ ကျွန်တော်တို့ ဆုတောင်းနိုင်တယ်။—လု. ၁၇:၅။

၁၈။ ဆာလံ ၁:၂၊ ၃ အရ ကျွန်တော်တို့ ဘယ်အခွင့်ထူး ရထားသလဲ။

၁၈ ကိုယ်ပိုင် ကျမ်းစာလေ့လာမှု ပုံမှန် လုပ်ပါ။ (ဆာလံ ၁:၂၊ ၃ ကို ဖတ်ပါ။) အဲဒီဆာလံကျမ်းကို ရေးသားတုန်းက အစ္စရေး အနည်းငယ်မှာပဲ ကူးရေးထားတဲ့ ဘုရားပညတ် အပြည့်အစုံ ရှိတယ်။ ဘုရင်နဲ့ ပုရောဟိတ်တွေပဲ အဲဒီပညတ်မိတ္တူတွေ ရနိုင်တယ်။ “ယောက်ျား၊ မိန်းမ၊ ကလေး” နဲ့ အစ္စရေးပြည်မှာ နေထိုင်တဲ့ တိုင်းတစ်ပါးသားတွေဟာ ခုနစ်နှစ်တစ်ခါ ပညတ်ကျမ်း ဖတ်ပြတာကို နားထောင်ရတယ်။ (တရား. ၃၁:၁၀-၁၂) ယေရှုခေတ်မှာ တရားဇရပ်တွေနဲ့ လူအနည်းငယ်မှာပဲ ကျမ်းလိပ်တွေ ရှိတယ်။ ဒီနေ့ လူအများစုမှာတော့ ကိုယ်ပိုင်ကျမ်းစာတွေ ရှိတယ်။ တကယ့် အခွင့်ထူးပါပဲ။ အဲဒီအခွင့်ထူးကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၉။ ယုံကြည်ခြင်း ဆက်ခိုင်မာနေဖို့ ဘာလုပ်ရမလဲ။

၁၉ ကျမ်းစာ ပုံမှန် ဖတ်ရှုခြင်းအားဖြင့် ကျမ်းစာ ရထားတဲ့ အခွင့်ထူးကို ကျေးဇူးတင်လေးမြတ်ကြောင်း ပြနိုင်တယ်။ ကြုံကြိုက်မှ၊ အချိန်ရှိမှ ကိုယ်ပိုင်လေ့လာမှု လုပ်တာမျိုး မဖြစ်ရဘူး။ ပုံမှန်ဇယားအတိုင်း လေ့လာမှ ယုံကြည်ခြင်း ဆက်ခိုင်မာနိုင်မယ်။

၂၀။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်သင့်သလဲ။

၂၀ လောက “ဉာဏ်ကြီးရှင်တွေ၊ ပညာတတ်တွေ” လို မဟုတ်ဘဲ ကျွန်တော်တို့မှာ ကျမ်းစာ အခြေပြု ခိုင်မာတဲ့ ယုံကြည်ခြင်း ရှိတယ်။ (မ. ၁၁:၂၅၊ ၂၆) ကျမ်းစာ လေ့လာတဲ့အတွက် ကမ္ဘာ့အခြေအနေတွေ ဘာကြောင့် ပိုဆိုးလာသလဲ၊ ယေဟောဝါ ဘာလုပ်ပေးတော့မလဲ ဆိုတာတွေ သိလာတယ်။ ဒါကြောင့် ယုံကြည်ခြင်း ခိုင်မာအောင် လုပ်ဖို့၊ ဖန်ဆင်းရှင်ကို ယုံကြည်လာအောင် လူများနိုင်သမျှ များများကို ကူညီပေးဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ (၁ တိ. ၂:၃၊ ၄) ‘ယေဟောဝါဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ ဒါကြောင့် ဂုဏ်တင်မှုကို ကိုယ်တော် ရထိုက်ပါတယ်’ ဆိုတဲ့ ဗျာဒိတ် ၄:၁၁ ပါ စကားတွေကို မြေကြီးသားအားလုံး ပြောမယ့်အချိန်ကို ဆက်စောင့်မျှော်ကြပါစို့။

သင် ဘယ်လို ဖြေမလဲ

  • ယုံကြည်ခြင်းဆိုတာ ဘာလဲ။ ဘာကို ဆိုလိုတာ မဟုတ်ဘူးလဲ။

  • ဖန်ဆင်းရှင်အပေါ် ယုံကြည်ခြင်း ခိုင်မာလာအောင် လုပ်နိုင်တဲ့ နည်းတချို့က ဘာတွေလဲ။

  • ယုံကြည်ခြင်း ခိုင်မာအောင် ဘယ်လို လုပ်နိုင်သလဲ။

သီချင်း ၂ နာမတော် ယေဟောဝါ

a ယေဟောဝါဘုရားဟာ ဖန်ဆင်းရှင် ဖြစ်တယ်လို့ ကျမ်းစာ သွန်သင်တယ်။ ဒါပေမဲ့ လူများစွာ မယုံကြည်ကြဘူး။ အသက် သူ့အလိုလို ဖြစ်လာတယ်လို့ပဲ ယုံကြည်နေကြတယ်။ ဘုရားနဲ့ ကျမ်းစာပေါ် ယုံကြည်ခြင်း ခိုင်ခံ့အောင် မလုပ်ထားဘူးဆိုရင် သူတို့ရဲ့ အပြောတွေကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှု အားနည်းသွားနိုင်တယ်။ ယုံကြည်ခြင်း ခိုင်ခံ့အောင် ဘယ်လို လုပ်နိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ဘုရား ဖန်ဆင်းလို့ ကျွန်တော်တို့ တည်ရှိလာတယ်ဆိုတဲ့အကြောင်း ကျောင်းတွေမှာ မသင်ပေးကြဘူး။ အဲဒီလို သင်ပေးရင် ကျောင်းသားတွေရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို နှောင့်ယှက်ရာရောက်တယ်လို့ ဆရာတချို့ ပြောကြတယ်။

c ဖန်ဆင်းခြင်းကို ယုံတဲ့ ပညာတတ်တချို့ရဲ့ မှတ်ချက်တွေကို ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန် စာအုပ် “သိပ္ပံနဲ့ နည်းပညာ၊” “‘တွေ့ဆုံမေးမြန်းခန်း’ (နိုးလော့! ဆောင်းပါးတွဲများ)” ခေါင်းစဉ်ငယ်အောက်မှာ ကြည့်ပါ။

d ၂၀၀၈၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် “ယေဟောဝါ ကြို၍ မိန့်တော်မူရာ ပြည့်စုံလာ” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ