ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဇန်နဝါရီ စာ. ၂၀-၂၅
  • အောက်မေ့ရာပွဲကို ဘာကြောင့် တက်သင့်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်မေ့ရာပွဲကို ဘာကြောင့် တက်သင့်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘိသိက်ခံတွေ ဘာကြောင့် တက်ကြသလဲ
  • တခြားသိုးတွေ ဘာကြောင့် တက်ကြသလဲ
  • ဘာကြောင့် အားလုံး တက်ရောက်ကြ
  • အောက်မေ့ရာပွဲ တက်ခြင်းကနေ အားလုံး အကျိုးရ
  • ဘုရားသခင်နဲ့ ခရစ်တော်ကို တခြားသိုးအဝင် လူအုပ်ကြီး ချီးမွမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • အောက်မေ့ရာပွဲ ကျင်းပဖို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေး
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • သခင့်ညစာစားပွဲကို ဘာကြောင့် ကျင်းပသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကြည်နူးစရာ စည်းလုံးမှုနဲ့ အောက်မေ့ရာပွဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဇန်နဝါရီ စာ. ၂၀-၂၅

လေ့လာရန် ဆောင်းပါး ၄

အောက်မေ့ရာပွဲကို ဘာကြောင့် တက်သင့်သလဲ

“ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲ လုပ်ကြပါ။”—လု. ၂၂:၁၉။

သီချင်း ၂၀ အချစ်ဆုံးသားကို ပေးခဲ့

အကြိုသုံးသပ်ချက်a

၁-၂။ (က) ဘယ်အချိန်မှာ သေဆုံးသွားတဲ့ ချစ်ရသူကို အထူး သတိရတတ်သလဲ။ (ခ) မသေဆုံးခင်ညမှာ ဘယ်ပွဲကို ယေရှု အစပြုကျင်းပခဲ့သလဲ။

ချစ်ရသူတစ်ယောက် သေဆုံးသွားတဲ့အခါ ဘယ်လောက်ပဲ ကြာကြာ ကျွန်တော်တို့ သတိရနေတုန်းပဲ။ သေဆုံးခဲ့တဲ့ နှစ်ပတ်လည်အချိန်ကို ရောက်ရင် ပိုသတိရတတ်တယ်။

၂ ကျွန်တော်တို့ သိပ်ချစ်ရတဲ့ ယေရှုခရစ်ရဲ့ သေခြင်း နှစ်ပတ်လည်ပွဲကို ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့ လူတွေနဲ့အတူ နှစ်တိုင်း တက်ကြတယ်။ (၁ ပေ. ၁:၈) ကျွန်တော်တို့ကို အပြစ်နဲ့ သေခြင်းကနေ လွတ်မြောက်စေဖို့ ရွေးဖိုးအဖြစ် အသက်ပေးခဲ့သူကို သတိရတဲ့အနေနဲ့ တက်ကြတာ။ (မ. ၂၀:၂၈) ယေရှုက မိမိရဲ့ သေခြင်းကို တပည့်တွေ သတိရစေချင်တယ်။ ဒါကြောင့် မသေဆုံးခင် အထူး ညစာစားပွဲကို အစပြုခဲ့ပြီး “ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲ လုပ်ကြပါ” လို့ မှာတယ်။—လု. ၂၂:၁၉။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

၃ ခရစ်တော်ရဲ့ သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်သူတွေထဲမှာ အနည်းစုပဲ ကောင်းကင်မျှော်လင့်ချက် ရှိကြတယ်။ အများစုက မြေကြီးမျှော်လင့်ချက် ရှိသူတွေ ဖြစ်တယ်။ ဒီဆောင်းပါးမှာ အုပ်စုနှစ်စုလုံး ဒီပွဲကို နှစ်တိုင်း ဘာကြောင့် တက်ကြကြောင်း၊ ဘယ်လို အကျိုးရကြောင်း ဆွေးနွေးကြပါမယ်။ ဦးဆုံး၊ ဒီပွဲကို ဘိသိက်ခံတွေ ဘာကြောင့် တက်ကြသလဲဆိုတာ ဆွေးနွေးပါမယ်။

ဘိသိက်ခံတွေ ဘာကြောင့် တက်ကြသလဲ

၄။ အောက်မေ့ရာပွဲမှာ ဘိသိက်ခံတွေ မုန့်နဲ့ စပျစ်ဝိုင်ကို ဘာကြောင့် စားသုံးကြသလဲ။

၄ အောက်မေ့ရာပွဲကို တက်ရောက်တဲ့ ဘိသိက်ခံတွေဟာ မုန့်နဲ့ စပျစ်ဝိုင်ကို စားသုံးကြတယ်။ ဘာကြောင့်လဲ။ အဖြေရဖို့ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးညမှာ ဘာဖြစ်ခဲ့သလဲဆိုတာ သုံးသပ်ကြည့်ရအောင်။ ပသခါ ညစာစားပြီးနောက် သခင့်ညစာစားပွဲလို့ သိကြတဲ့ အစီအစဉ်ကို ယေရှု အစပြုခဲ့တယ်။ သစ္စာရှိ တမန်တော် ၁၁ ယောက်ကို မုန့်နဲ့ စပျစ်ဝိုင် ကမ်းပေးပြီး စားသောက်ဖို့ ပြောတယ်။ ပြီးနောက် ပဋိညာဉ်သစ်၊ နိုင်ငံတော် ပဋိညာဉ် ဖွဲ့တယ်။b (လု. ၂၂:၁၉၊ ၂၀၊ ၂၈-၃၀) အဲဒီပဋိညာဉ် နှစ်ခုအားဖြင့် တမန်တော်တွေနဲ့ ရွေးချယ်ထားသူတချို့ကို ကောင်းကင်မှာ ဘုရင်နဲ့ ပုရောဟိတ် ဖြစ်ခွင့် ရစေတယ်။ (ဗျာ. ၅:၁၀။ ၁၄:၁) ပဋိညာဉ် နှစ်ခုမှာ ပါဝင်တဲ့ ဘိသိက်ခံ အကြွင်းအကျန်တွေပဲc အောက်မေ့ရာပွဲမှာ မုန့်နဲ့ စပျစ်ဝိုင်ကို စားသုံးကြတယ်။

၅။ ဘိသိက်ခံတွေဟာ မိမိတို့ ရရှိထားတဲ့ အခွင့်ထူးနဲ့ပတ်သက်ပြီး ဘာကို သိထားကြသလဲ။

၅ အောက်မေ့ရာပွဲကို ဘိသိက်ခံတွေ တက်ချင်တဲ့ နောက်ထပ် အကြောင်းရင်း ရှိသေးတယ်။ မိမိတို့ရဲ့ မျှော်လင့်ချက်အကြောင်း စဉ်းစားဆင်ခြင်ခွင့် ရလို့ပဲ။ ကောင်းကင်မှာ မသေနိုင်၊ မပျက်စီးနိုင်တဲ့ အသက်တာ ရမယ်။ ယေရှုခရစ်၊ ရှင်ပြန်ထမြောက်ပြီး ဖြစ်တဲ့ ၁၄၄,၀၀၀ နဲ့အတူ အမှုဆောင်ခွင့် ရမယ်။ အကောင်းဆုံးကတော့ ယေဟောဝါရှေ့ ရှိနေခွင့် ရမယ်။ ယေဟောဝါ ပေးထားတဲ့ အံ့ဖွယ် မျှော်လင့်ချက်ပါပဲ။ (၁ ကော. ၁၅:၅၁-၅၃။ ၁ ယော. ၃:၂) အဲဒီအခွင့်ထူး ကမ်းလှမ်းခံရမှန်း၊ အဲဒီအခွင့်ထူး ရဖို့ သေတဲ့အထိ သစ္စာရှိဖို့ လိုမှန်း ဘိသိက်ခံတွေ သိထားကြတယ်။ (၂ တိ. ၄:၇၊ ၈) ကောင်းကင်မျှော်လင့်ချက်က သူတို့ကို သိပ်ပျော်ရွှင်စေတယ်။ (တိ. ၂:၁၃) “တခြားသိုး” တွေကော အောက်မေ့ရာပွဲကို ဘာကြောင့် တက်ကြသလဲ။—ယော. ၁၀:၁၆။

တခြားသိုးတွေ ဘာကြောင့် တက်ကြသလဲ

၆။ တခြားသိုးတွေ အောက်မေ့ရာပွဲကို ဘာကြောင့် တက်ကြသလဲ။

၆ တခြားသိုးတွေဟာ အောက်မေ့ရာပွဲကို စားသုံးသူအနေနဲ့ မဟုတ်ဘဲ ကြည့်ရှုသူအဖြစ် တက်ရောက်ကြတယ်။ မြေကြီးမျှော်လင့်ချက် ရှိသူတွေ အောက်မေ့ရာပွဲ တက်ဖို့ ၁၉၃၈ မှာ ဦးဆုံးအနေနဲ့ အထူး ဖိတ်ခေါ်ခံရတယ်။ ၁၉၃၈၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) မှာ “[တခြားသိုး]တွေ အောက်မေ့ရာပွဲကို ကြည့်ရှုသူအဖြစ် တက်ရောက်တာဟာ မှန်ကန်သင့်တော်တယ်။ . . . အဲဒီအချိန်ဟာ သူတို့အတွက်လည်း ရွှင်လန်းစရာအချိန် ဖြစ်တယ်” လို့ ဖော်ပြထားတယ်။ မင်္ဂလာဆောင်ပွဲ တက်ဖို့ ဖိတ်ခေါ်ခံရတဲ့ ဧည့်သည်လိုပဲ တခြားသိုးတွေဟာ အောက်မေ့ရာပွဲ တက်ခွင့် ရလို့ ပျော်ရွှင်ကြတယ်။

၇။ အောက်မေ့ရာပွဲ ဟောပြောချက်ကို တခြားသိုးတွေ ဘာကြောင့် စောင့်မျှော်ကြသလဲ။

၇ တခြားသိုးတွေလည်း ကိုယ့်မျှော်လင့်ချက်အကြောင်း စဉ်းစားဆင်ခြင်တယ်။ အောက်မေ့ရာပွဲ ဟောပြောချက်ကို စောင့်မျှော်ကြတယ်။ ဟောပြောချက်မှာ အနှစ်တစ်ထောင် အုပ်ချုပ်ချိန်အတွင်း သစ္စာရှိသူတွေအတွက် ခရစ်တော်နဲ့ တွဲဖက်အုပ်ချုပ်သူ ၁၄၄,၀၀၀ ဘာလုပ်ပေးမလဲဆိုတဲ့အကြောင်း အဓိက တင်ဆက်ပေးလို့ပဲ။ ဘုရင် ယေရှုခရစ်ရဲ့ ဦးဆောင်မှုအောက် တွဲဖက်အုပ်ချုပ်သူတွေဟာ ကမ္ဘာမြေကို ပရဒိသု ဖြစ်စေပြီး နာခံမှု ရှိတဲ့ လူသားတွေ စုံလင်လာအောင် ကူညီပေးကြမယ်။ ဟေရှာယ ၃၅:၅၊ ၆။ ၆၅:၂၁-၂၃ နဲ့ ဗျာဒိတ် ၂၁:၃၊ ၄ လို အနာဂတ်မှာ ပြည့်စုံလာမယ့် ကျမ်းစာပရောဖက်ပြုချက်တွေကို မြင်ယောင်ရတာ အောက်မေ့ရာပွဲ တက်ရောက်သူတွေအတွက် စိတ်လှုပ်ရှားစရာပဲ။ ကမ္ဘာသစ်မှာ ချစ်ရသူတွေနဲ့အတူ ရှိနေတယ်လို့ မြင်ယောင်တဲ့အခါ မျှော်လင့်ချက် ပိုခိုင်မာလာမယ်။ ယေဟောဝါရဲ့ အမှုတော်မှာ အမြဲ ပါဝင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာပါလိမ့်မယ်။—မ. ၂၄:၁၃။ ဂလ. ၆:၉။

၈။ တခြားသိုးတွေ အောက်မေ့ရာပွဲ တက်ရတဲ့ နောက်ထပ် အကြောင်းရင်းက ဘာလဲ။

၈ တခြားသိုးတွေ အောက်မေ့ရာပွဲ တက်ရတဲ့ နောက်ထပ် အကြောင်းရင်းကို သုံးသပ်ကြည့်ပါ။ ဘိသိက်ခံတွေကို ချစ်ကြောင်း၊ ထောက်ခံကြောင်း ပြချင်လို့ ဖြစ်တယ်။ ဘိသိက်ခံတွေနဲ့ မြေကြီးမျှော်လင့်ချက် ရှိသူတွေ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမယ်လို့ ကျမ်းစာမှာ ကြိုပြောထားတယ်။ နမူနာတချို့ကို ဆွေးနွေးကြရအောင်။

၉။ ဇာခရိ ၈:၂၃ မှာ ပါတဲ့ ပရောဖက်ပြုချက်က ဘိသိက်ခံ ညီအစ်ကို/မတွေအပေါ် ထားတဲ့ တခြားသိုးတွေရဲ့ ခံစားချက်ကို ဘယ်လို ဖော်ပြသလဲ။

၉ ဇာခရိ ၈:၂၃ ကို ဖတ်ပါ။ ဒီပရောဖက်ပြုချက်က ဘိသိက်ခံတွေအပေါ် ထားတဲ့ တခြားသိုးတွေရဲ့ ခံစားချက်ကို လှလှပပ ပုံဖော်ပြတာပဲ။ “ဂျူးလူမျိုးတစ်ယောက်” နဲ့ “ခင်ဗျားတို့” ဆိုတာ ဘိသိက်ခံ အကြွင်းအကျန်ကို ရည်ညွှန်းတယ်။ (ရော. ၂:၂၈၊ ၂၉) “ဘာသာစကား အမျိုးမျိုး ပြောတဲ့ လူမျိုးတွေထဲက လူဆယ်ယောက်” ဆိုတာ တခြားသိုးကို ကိုယ်စားပြုတယ်။ ဘိသိက်ခံတွေနဲ့အတူ စင်ကြယ်တဲ့ ဝတ်ပြုရေးမှာ ပါဝင်ခြင်းအားဖြင့် သူတို့ဝတ်ရုံကို “မြဲမြဲ ကိုင်” ထားကြတယ်။ တစ်နည်းအားဖြင့် သူတို့ကို သစ္စာရှိရှိ ထောက်မပေးကြတယ်။ အောက်မေ့ရာပွဲ တက်ရောက်ခြင်းအားဖြင့် အဲဒီလို ထောက်မကြောင်း ဖော်ပြကြတယ်။

၁၀။ ယေဇကျေလ ၃၇:၁၅-၁၉၊ ၂၄၊ ၂၅ ပါ ကြိုဟောချက်ကို ယေဟောဝါ ဘယ်လို ပြည့်စုံစေသလဲ။

၁၀ ယေဇကျေလ ၃၇:၁၅-၁၉၊ ၂၄၊ ၂၅ ကို ဖတ်ပါ။ ဘိသိက်ခံတွေနဲ့ တခြားသိုးတွေ စည်းစည်းလုံးလုံး လုပ်ဆောင်နိုင်အောင် ယေဟောဝါ ကူညီပေးခြင်းအားဖြင့် ဒီကြိုဟောချက်ကို ပြည့်စုံစေတယ်။ ကြိုဟောချက်မှာ တုတ်နှစ်ချောင်းအကြောင်း ဖော်ပြတယ်။ ကောင်းကင်မျှော်လင့်ချက် ရှိသူတွေက “ယုဒရဲ့ တုတ်ချောင်း” နဲ့ တူတယ်။ ယုဒဟာ အစ္စရေးဘုရင်တွေ ဆင်းသက်လာတဲ့ အနွယ် ဖြစ်တယ်။ မြေကြီးမျှော်လင့်ချက် ရှိသူတွေက “ဧဖရိမ်ရဲ့ တုတ်ချောင်း” နဲ့ တူတယ်။d ယေဟောဝါက ဒီအုပ်စု နှစ်စုကို စည်းလုံးစေတဲ့အတွက် “တုတ်တစ်ချောင်းတည်း” ဖြစ်လာတယ်။ ဘုရင် ယေရှုခရစ်ရဲ့ လက်အောက်မှာ စည်းလုံးစွာ အမှုဆောင်ကြတာကို ဆိုလိုတယ်။ ဘိသိက်ခံတွေနဲ့ တခြားသိုးတွေဟာ အုပ်စု နှစ်စုအနေနဲ့ မဟုတ်ဘဲ “သိုးထိန်းတစ်ယောက်” အောက်မှာ “သိုးတစ်အုပ်” အဖြစ် နှစ်တိုင်း အောက်မေ့ရာပွဲကို တက်ရောက်ကြတယ်။—ယော. ၁၀:၁၆။

၁၁။ မဿဲ ၂၅:၃၁-၃၆၊ ၄၀ မှာ ဖော်ပြထားတဲ့ “သိုး” တွေဟာ ခရစ်တော်ရဲ့ ညီတွေကို ဘယ်လို ထောက်မနေကြသလဲ။

၁၁ မဿဲ ၂၅:၃၁-၃၆၊ ၄၀ ကို ဖတ်ပါ။ ယေရှု ပြောတဲ့ ပုံဥပမာထဲက “သိုး” ဆိုတာ နောက်ဆုံးကာလအတွင်း ဖြောင့်မတ်သူ၊ မြေကြီးမျှော်လင့်ချက် ရှိသူ တခြားသိုးတွေ ဖြစ်တယ်။ သူတို့ဟာ ကမ္ဘာချီ ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်း ပြီးမြောက်အောင် ကူညီပေးခြင်းအားဖြင့် ခရစ်တော်ရဲ့ ဘိသိက်ခံညီ အကြွင်းအကျန်ကို သစ္စာရှိရှိ ထောက်မပေးနေကြတယ်။—မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀။

၁၂-၁၃။ တခြားသိုးတွေဟာ ခရစ်တော်ရဲ့ ညီတွေကို ထောက်မနေကြောင်း နောက်ထပ် ဘယ်နည်းတွေနဲ့ ပြနေကြသလဲ။

၁၂ တခြားသိုးတွေဟာ နှစ်တိုင်း အောက်မေ့ရာပွဲ ဖိတ်ခေါ်တဲ့ ကမ္ဘာချီ ကင်ပိန်းမှာ ပါဝင်ခြင်းအားဖြင့် ခရစ်တော်ရဲ့ ညီတွေကို ထက်ထက်သန်သန် ထောက်မကြတယ်။ (“အောက်မေ့ရာပွဲအတွက် ကြိုတင် ပြင်ဆင်ထားပြီလား” လေးထောင့်ကွက်ကို ကြည့်ပါ။) အသင်းတော်မှာ စားသုံးတဲ့သူ မရှိရင်တောင် အောက်မေ့ရာပွဲ ကျင်းပနိုင်ဖို့ လိုအပ်သလို ကူညီပေးကြတယ်။ ဘိသိက်ခံတွေကို အဲဒီလို ကူညီပေးတာဟာ ယေရှုကို တိုက်ရိုက် ကူညီပေးရာ ရောက်မှန်း သိကြတယ်။—မ. ၂၅:၃၇-၄၀။

၁၃ ကျွန်တော်တို့အားလုံး ဘယ်လို မျှော်လင့်ချက်ပဲ ရှိပါစေ နောက်ထပ် ဘယ်အကြောင်းရင်းတွေကြောင့် အောက်မေ့ရာပွဲ တက်ရောက်ကြသလဲ။

သခင့်ညစာစားပွဲအတွင်း ယေရှုနဲ့ သစ္စာရှိ တမန်တော်တွေ စားပွဲမှာ လျောင်းထိုင်နေ။

အောက်မေ့ရာပွဲအတွက် ကြိုတင် ပြင်ဆင်ထားပြီလား

အောက်မေ့ရာပွဲ မတိုင်ခင်

  • ဒီအရေးကြီး ဖြစ်ရပ်ကို တက်ရောက်ဖို့ တခြားသူတွေကို ဖိတ်ခေါ်တဲ့ ကင်ပိန်းမှာ အတတ်နိုင်ဆုံး အပြည့်အဝ ပါဝင်ပါ။ ဖိတ်ခေါ်ချင်သူတွေကို စာရင်းလုပ်ထားပါ။

  • အောက်မေ့ရာပွဲ ကာလအတွင်း အရန်ရှေ့ဆောင် လုပ်နိုင်မလားဆိုတာ အသေအချာ ဆုတောင်း စဉ်းစားပါ။

  • အောက်မေ့ရာပွဲ၊ ရွေးဖိုး၊ ယေဟောဝါဘုရားနဲ့ ယေရှု ပြတဲ့ မေတ္တာကို ပိုတန်ဖိုးထားလေးမြတ်စေမယ့် ဆောင်းပါးတွေ၊ အကြောင်းအရာတွေကို သုံးသပ်ပါ။ ဥပမာ၊ ချဉ်းကပ်လော့ စာအုပ်၊ အခန်း ၁၄ နဲ့ ၂၃၊ “လာ၍ ငါ့နောက်သို့ လိုက်လော့” စာအုပ်၊ အခန်း ၁၇ တို့ကို လေ့လာနိုင်တယ်။

  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ မှာ ပါတဲ့ အောက်မေ့ရာပွဲ ကျမ်းစာဖတ်ရှုခြင်း ဇယားအတိုင်း လိုက်ဖတ်ပါ။ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးနေ့တွေအကြောင်း၊ ယေရှုရဲ့ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာမှတ်တမ်းတွေကို အချိန်ယူပြီး တွေးတောဆင်ခြင်ပါ။

အောက်မေ့ရာပွဲ ညနေခင်းမှာ

  • တက်ရောက်လာတဲ့ ဧည့်သည်တွေ၊ မလှုပ်မရှား ဖြစ်နေသူတွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ စောစော ရောက်နေပါ။

  • ဟောပြောချက်ကို အာရုံစိုက် နားထောင်ပါ။ ဟောပြောသူ ကျမ်းချက် ဖတ်တဲ့အခါ၊ ကျမ်းချက်တွေကို ရှင်းပြတဲ့အခါ ကိုယ့်ကျမ်းစာကနေ လိုက်ကြည့်ပါ။

  • အစီအစဉ် ပြီးနောက် ဧည့်သည်တွေနဲ့ စကားပြောပါ။ သူတို့ မေးတာတွေကို ဖြေပေးပါ။ စိတ်ဝင်စားတယ်ဆိုရင် ကိုယ်တိုင်ဖြစ်စေ၊ တခြားတစ်ယောက်ဖြစ်စေ ဆက်လိုက်နိုင်ဖို့ အသေအချာ စီစဉ်ပါ။

အောက်မေ့ရာပွဲ ပြီးနောက်

စိတ်ဝင်စားမှု ပြသူတိုင်းဆီ လည်ပတ်ပြီး ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်နဲ့ သင်အံမှု ကမ်းလှမ်းပါ။

အိမ်တစ်အိမ်မှာ အမျိုးသားကို မောင်နှံတစ်စုံ “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင် ဝေငှနေ။

ဘာကြောင့် အားလုံး တက်ရောက်ကြ

၁၄။ ကျွန်တော်တို့အတွက် ကြီးမားတဲ့ မေတ္တာကို ယေဟောဝါနဲ့ ယေရှု ဘယ်လို ပြခဲ့သလဲ။

၁၄ ယေဟောဝါနဲ့ ယေရှု ပြခဲ့တဲ့ မေတ္တာကို ကျေးဇူးတင်လို့ ဖြစ်တယ်။ ကျွန်တော်တို့ကို ချစ်ကြောင်း ယေဟောဝါ နည်းလမ်းမျိုးစုံနဲ့ ပြတယ်။ အထူးခြားဆုံး နည်းကတော့ အချစ်ဆုံးသားကို ကျွန်တော်တို့အတွက် အသေခံစေခြင်းပါပဲ။ (ယော. ၃:၁၆) ယေရှုလည်း ကျွန်တော်တို့အတွက် သူ့အသက်ကို လိုလိုလားလား ပေးဆက်ပြီး ကြီးမားတဲ့ မေတ္တာ ပြခဲ့တယ်။ (ယော. ၁၅:၁၃) ယေဟောဝါနဲ့ ယေရှု ပြတဲ့ မေတ္တာကို ကျွန်တော်တို့ ဘယ်တော့မှ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ပုံအားဖြင့် ကျေးဇူးတင်ကြောင်း ပြနိုင်တယ်။ (ကော. ၃:၁၅) အောက်မေ့ရာပွဲ တက်ခြင်းအားဖြင့် သူတို့ရဲ့ မေတ္တာကို ပြန်အမှတ်ရနိုင်သလို သူတို့ကို ချစ်ကြောင်းလည်း ပြနိုင်တယ်။

၁၅။ ရွေးဖိုးလက်ဆောင်ကို ဘိသိက်ခံရော တခြားသိုးတွေပါ ဘာကြောင့် တန်ဖိုးထားကြသလဲ။

၁၅ ရွေးဖိုးလက်ဆောင်ကို သိပ်တန်ဖိုးထားလေးမြတ်လို့ ဖြစ်တယ်။ (မ. ၂၀:၂၈) ဘိသိက်ခံတွေဟာ ရွေးဖိုးကြောင့် အံ့ဖွယ် မျှော်လင့်ချက် ရရှိကြတယ်။ ယေရှုရဲ့ ပူဇော်သက္ကာကို ယုံကြည်တဲ့အတွက် သူတို့ကို ဖြောင့်မတ်သူလို့ ယေဟောဝါ သတ်မှတ်ပြီး သားတွေအဖြစ် မွေးစားတယ်။ (ရော. ၅:၁။ ၈:၁၅-၁၇၊ ၂၃) တခြားသိုးတွေလည်း ခရစ်တော်ရဲ့ ရွေးဖိုးပူဇော်သက္ကာကို သိပ်ကျေးဇူးတင်ကြတယ်။ အဲဒါကို ယုံကြည်တဲ့အတွက် ဘုရားသခင်ရှေ့ သန့်ရှင်းတဲ့ အနေအထား ရတယ်။ အမှုတော်မြတ်မှာ ပါဝင်ခွင့် ရတယ်။ “ကြီးစွာသောဒုက္ခ” ကနေ လွတ်မြောက်ဖို့ မျှော်လင့်ချက် ရကြတယ်။ (ဗျာ. ၇:၁၃-၁၅) ဘိသိက်ခံရော တခြားသိုးတွေပါ ရွေးဖိုးကို ကျေးဇူးတင်ကြောင်း ပြတဲ့ တစ်နည်းကတော့ အောက်မေ့ရာပွဲကို နှစ်တိုင်း တက်ရောက်ခြင်းပါပဲ။

၁၆။ အောက်မေ့ရာပွဲ တက်ရတဲ့ နောက်အကြောင်းရင်းက ဘာလဲ။

၁၆ အောက်မေ့ရာပွဲ တက်ရတဲ့ နောက်အကြောင်းရင်းက ယေရှုစကားကို နာခံချင်လို့ ဖြစ်တယ်။ အောက်မေ့ရာပွဲ အစပြုတဲ့ညမှာ “ကျွန်တော့်ကို အောက်မေ့တဲ့အနေနဲ့ ဒီလို အမြဲ လုပ်ပါ” လို့ ယေရှု မိန့်မှာတယ်။ ကျွန်တော်တို့ ဘယ်လို မျှော်လင့်ချက်ပဲ ရှိပါစေ အဲဒီမိန့်မှာချက်ကို နာခံကြတယ်။—၁ ကော. ၁၁:၂၃၊ ၂၄။

အောက်မေ့ရာပွဲ တက်ခြင်းကနေ အားလုံး အကျိုးရ

၁၇။ အောက်မေ့ရာပွဲက ယေဟောဝါနဲ့ ဘယ်လို ပိုရင်းနှီးစေသလဲ။

၁၇ ယေဟောဝါနဲ့ ပိုရင်းနှီးစေတယ်။ (ယာ. ၄:၈) အောက်မေ့ရာပွဲ တက်တာက ယေဟောဝါ ပေးတဲ့ မျှော်လင့်ချက်အကြောင်း၊ ဘုရား ပြခဲ့တဲ့ ကြီးမားတဲ့ မေတ္တာအကြောင်း ပြန်စဉ်းစားဖို့ အခွင့်အရေး ရစေတယ်။ (ယေ. ၂၉:၁၁။ ၁ ယော. ၄:၈-၁၀) အနာဂတ် မျှော်လင့်ချက်အကြောင်း၊ ယေဟောဝါဘုရားရဲ့ အစဉ်တည်တဲ့ မေတ္တာအကြောင်း စဉ်းစားတဲ့အခါ ဘုရားကို ပိုချစ်လာပြီး ပိုရင်းနှီးလာမယ်။—ရော. ၈:၃၈၊ ၃၉။

၁၈။ ယေရှုရဲ့ ပုံသက်သေကို တွေးတောဆင်ခြင်တာက ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။

၁၈ ယေရှုရဲ့ ပုံသက်သေကို တုပဖို့ လှုံ့ဆော်ခံရတယ်။ (၁ ပေ. ၂:၂၁) အောက်မေ့ရာပွဲ မတိုင်ခင် ရက်တွေမှာ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးနေ့တွေအကြောင်း၊ ယေရှုရဲ့ သေခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျမ်းစာမှတ်တမ်းတွေကို ကျွန်တော်တို့ တွေးတောဆင်ခြင်ကြတယ်။ အောက်မေ့ရာပွဲ ဟောပြောချက်က ယေရှု ပြခဲ့တဲ့ မေတ္တာကို အမှတ်ရစေတယ်။ (ဧ. ၅:၂။ ၁ ယော. ၃:၁၆) ယေရှုရဲ့ ကိုယ်ကျိုးစွန့်မေတ္တာအကြောင်း ဖတ်ပြီး တွေးတောတဲ့အခါ ယေရှု “လျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း အမြဲ လျှောက်လှမ်း” ဖို့ လှုံ့ဆော်ခံရကြတယ်။—၁ ယော. ၂:၆။

၁၉။ ဘုရားမေတ္တာ အမြဲ ခံစားရအောင် ဘာလုပ်နိုင်သလဲ။

၁၉ ဘုရားမေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲ လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ပိုခိုင်မာလာတယ်။ (ယု. ၂၀၊ ၂၁) အတတ်နိုင်ဆုံး ဘုရားကို နာခံခြင်း၊ နာမတော် သန့်ရှင်းမြင့်မြတ်စေခြင်း၊ စိတ်တော် ပျော်ရွှင်စေခြင်းအားဖြင့် ဘုရားမေတ္တာ ဆက်ခံစားနိုင်တယ်။ (ပညာ. ၂၇:၁၁။ မ. ၆:၉။ ၁ ယော. ၅:၃) ‘ဘုရားမေတ္တာ အမြဲ ခံစားချင်ပါတယ်’ လို့ ပြောရာရောက်မယ့် နည်းနဲ့ နေ့တိုင်း အသက်ရှင်ဖို့ အောက်မေ့ရာပွဲက လှုံ့ဆော်ပေးတယ်။

၂၀။ အောက်မေ့ရာပွဲ တက်ဖို့ ဘာအကြောင်းကောင်းတွေ ရှိသလဲ။

၂၀ ကျွန်တော်တို့မှာ ကောင်းကင်မျှော်လင့်ချက်ပဲ ရှိရှိ၊ မြေကြီးမျှော်လင့်ချက်ပဲ ရှိရှိ အောက်မေ့ရာပွဲ တက်ဖို့ အကြောင်းကောင်းတွေ ရှိပါတယ်။ နှစ်တိုင်း ကျွန်တော်တို့ ချစ်ရတဲ့ ယေရှုခရစ်ရဲ့ သေခြင်းကို အောက်မေ့ဖို့ အဲဒီနေ့မှာ အတူစုဝေးကြတယ်။ အရေးကြီးဆုံးကတော့ သားတော်ကို ရွေးဖိုးအဖြစ် ပေးခဲ့တဲ့ ယေဟောဝါရဲ့ အကြီးမားဆုံး မေတ္တာကို အောက်မေ့ဖို့ပါ။ ဒီနှစ် အောက်မေ့ရာပွဲကို ၂၀၂၂၊ ဧပြီ ၁၅၊ သောကြာနေ့မှာ ကျင်းပပါမယ်။ ယေဟောဝါနဲ့ သားတော်ကို ကျွန်တော်တို့ သိပ်ချစ်တယ်။ အောက်မေ့ရာပွဲ တက်တာထက် အရေးကြီးတာ ဘာမှ မရှိဘူး။ ဒါကြောင့် မဖြစ်မနေ တက်ရောက်ကြပါစို့။

သင် ဘယ်လို ဖြေမလဲ

  • အောက်မေ့ရာပွဲကို ဘိသိက်ခံတွေ ဘာကြောင့် တက်ကြသလဲ။

  • အောက်မေ့ရာပွဲကို တခြားသိုးတွေ ဘာကြောင့် တက်ကြသလဲ။

  • အောက်မေ့ရာပွဲ တက်ခြင်းကနေ ကျွန်တော်တို့အားလုံး ဘယ်လို အကျိုးရသလဲ။

သီချင်း ၁၆ ဘိသိက်ခံ သားတော်အတွက် ယေဟောဝါကို ချီးမွမ်းကြ

a ကျွန်တော်တို့မှာ ကောင်းကင်မျှော်လင့်ချက်ပဲ ရှိရှိ၊ မြေကြီးမျှော်လင့်ချက်ပဲ ရှိရှိ နှစ်တိုင်း အောက်မေ့ရာပွဲကို တက်ကြတယ်။ အောက်မေ့ရာပွဲကို ဘာကြောင့် တက်သင့်ကြောင်း၊ ဘယ်လို အကျိုးရနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေး ကြပါမယ်။

b ပဋိညာဉ်သစ်နဲ့ နိုင်ငံတော် ပဋိညာဉ်အကြောင်း ထပ်သိချင်ရင် ၂၀၁၄၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၀-၁၃ “မင်းတို့ဟာ ‘ယဇ်ပုရောဟိတ်နိုင်ငံ’ ဖြစ်လာလိမ့်မယ်” ဆောင်းပါးကို ကြည့်ပါ။

c စကားလုံး ရှင်းလင်းချက်– ဘိသိက်ခံ အကြွင်းအကျန် ဆိုတာ မြေကြီးပေါ် သက်ရှိထင်ရှား ရှိနေသေးတဲ့ ဘိသိက်ခံတွေကို ဆိုလိုတယ်။

d ယေဇကျေလ အခန်းကြီး ၃၇ မှာပါတဲ့ တုတ်နှစ်ချောင်းနဲ့ပတ်သက်တဲ့ ကြိုဟောချက်အကြောင်း ထပ်သိချင်ရင် ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ စာအုပ်၊ စာ. ၁၃၀-၁၃၅၊ စာပိုဒ် ၃-၁၇ ကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ