ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ ဖေဖော်ဝါရီ စာ. ၈-၁၃
  • ‘ဉာဏ်ပညာရှိသူ ပြောတဲ့ စကားတွေကို အသေအချာ နားထောင်ပါ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘ဉာဏ်ပညာရှိသူ ပြောတဲ့ စကားတွေကို အသေအချာ နားထောင်ပါ’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကြံပေးတာကို ငြင်းပယ်သူများ
  • အကြံပေးတာကို လက်ခံသူများ
  • အကြံဉာဏ်ကို လက်ခံဖို့ ဘာက ကူညီပေးနိုင်သလဲ
  • အကြံဉာဏ် တောင်းပါ၊ အကျိုးရယူပါ
  • သင့်ရဲ့ အကြံပေးစကားက “စိတ်ကို ရွှင်လန်းစေ” သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အကြံဉာဏ်ကို နားထောင်၍ ဆုံးမခြင်းကို ခံယူလော့
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • သင့်သွန်သင်ချက်ကိုအခြားသူများလက်ခံသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အကြံဉာဏ် ဘယ်လို ပေးသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ ဖေဖော်ဝါရီ စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၇

‘ဉာဏ်ပညာရှိသူ ပြောတဲ့ စကားတွေကို အသေအချာ နားထောင်ပါ’

“ဉာဏ်ပညာရှိသူ ပြောတဲ့ စကားတွေကို နားစွင့်ပြီး အသေအချာ နားထောင်ပါ။”—ပညာ. ၂၂:၁၇။

သီချင်း ၁၂၃ ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း

အကြိုသုံးသပ်ချက်a

၁။ ဘယ်လိုပုံစံတွေနဲ့ အကြံဉာဏ် ရနိုင်သလဲ။ ကျွန်တော်တို့အားလုံး ဘာကြောင့် လိုအပ်သလဲ။

ကျွန်တော်တို့အားလုံး မကြာခဏဆိုသလို အကြံဉာဏ် လိုတယ်။ တစ်ခါတလေ ကိုယ်လေးစားသူဆီမှာ အကြံဉာဏ် တောင်းကြတယ်။ တစ်ခါတလေမှာတော့ ညီအစ်ကို တစ်ယောက်က ကိုယ့်အတွက် စိုးရိမ်လို့ “ခြေလှမ်းမှား” တော့မယ်ဆိုတာ ထောက်ပြတာမျိုး ရှိနိုင်တယ်။ (ဂလ. ၆:၁) တစ်ခါတလေကျပြန်တော့ ကြီးလေးတဲ့ အမှား လုပ်မိပြီးမှ ဆုံးမမှု ပုံစံမျိုးနဲ့ အကြံဉာဏ် ရနိုင်တယ်။ ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ပါစေ အကြံဉာဏ်ကို နားထောင်သင့်တယ်။ ဒါဟာ ကိုယ့်အကျိုးအတွက်ပဲ ဖြစ်ပြီး အသက်ကယ်နိုင်တယ်။—ပညာ. ၆:၂၃။

၂။ ပညာအလိမ္မာ ၁၂:၁၅ အရ အကြံဉာဏ်ကို ဘာကြောင့် နားထောင်သင့်သလဲ။

၂ ဒီဆောင်းပါးရဲ့ အဓိက ကျမ်းချက်က ‘ဉာဏ်ပညာရှိသူ ပြောတဲ့ စကားတွေကို အသေအချာ နားထောင်’ ဖို့ အားပေးတယ်။ (ပညာ. ၂၂:၁၇) ဘာမဆို အကုန်သိတဲ့သူဆိုတာ မရှိဘူး။ ကိုယ့်ထက် ပိုသိသူ၊ ပိုအတွေ့အကြုံရှိသူ ရှိစမြဲပဲ။ (ပညာအလိမ္မာ ၁၂:၁၅ ကို ဖတ်ပါ။) ဒါကြောင့် အကြံဉာဏ်ကို နားထောင်တာဟာ နှိမ့်ချမှု ရှိကြောင်း ပြရာရောက်တယ်။ ကိုယ့်ကန့်သတ်ချက်တွေကို သိကြောင်း၊ ပန်းတိုင်ရောက်ဖို့ အကူအညီ လိုတယ်ဆိုတာ အသိအမှတ်ပြုကြောင်း ဖော်ပြရာရောက်တယ်။ ‘အကြံပေးသူ များရင် အောင်မြင်တတ်တယ်’ လို့ ပညာရှိ ဘုရင် ရှောလမုန် ရေးတယ်။—ပညာ. ၁၅:၂၂။

ပုံ– အကြံဉာဏ် ရနိုင်တဲ့ နည်းအမျိုးမျိုးကို ညီအစ်ကိုတစ်ယောက် စဉ်းစားနေ။ အပေါ်မှာ ဖွင့်ထားတဲ့ ကျမ်းစာက တိုက်ရိုက် အကြံဉာဏ်၊ သွယ်ဝိုက် အကြံဉာဏ် ရနိုင်တဲ့ နည်းတွေကို ဖော်ပြ။ ၁။ သွယ်ဝိုက် အကြံဉာဏ်– ညီအစ်ကို အသင်းတော် အစည်းအဝေး တက်နေ။ ကျမ်းစာ ဖတ်နေ။ JW ရုပ်သံ ကြည့်နေ။ ကျမ်းစာစာပေ လေ့လာနေ။ ၂။ တိုက်ရိုက် အကြံဉာဏ်– နောက်ညီအစ်ကိုတစ်ယောက် စကားပြောတာကို ညီအစ်ကို နားထောင်နေ။ အဲဒီညီအစ်ကိုက တက်ဘလက်ကနေ တစ်ခုခု ပြနေ။ ညီအစ်ကိုနှစ်ယောက် သူ့ကို သိုးထိန်းလည်ပတ်မှု လုပ်နေ။

ဘယ်အကြံဉာဏ်ကို သင် လက်ခံရခက်သလဲ (စာပိုဒ် ၃-၄ ကို ကြည့်ပါ)

၃။ ဘယ်နည်းတွေနဲ့ အကြံဉာဏ် ရနိုင်သလဲ။

၃ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အကြံဉာဏ် ရနိုင်တယ်။ သွယ်ဝိုက် အကြံဉာဏ်ဆိုတာ ဘာလဲ။ ကျမ်းစာ ဒါမှမဟုတ် ကျမ်းစာစာပေ တစ်ခုခုမှာ ဖတ်လိုက်ရတဲ့ အချက်တစ်ချက်က ကိုယ့်လမ်းစဉ်ကို ပြန်စဉ်းစားဖို့၊ ပြုပြင်ပြောင်းလဲဖို့ လှုံ့ဆော်ပေးနိုင်တယ်။ (ဟီ. ၄:၁၂) အဲဒါ သွယ်ဝိုက် အကြံဉာဏ်ပဲ။ တိုက်ရိုက် အကြံဉာဏ်ဆိုတာ ဘာလဲ။ ကိုယ်တိုးတက်ဖို့ လိုတဲ့ အပိုင်းကို အကြီးအကဲ ဒါမှမဟုတ် ရင့်ကျက်တဲ့ ညီအစ်ကို တစ်ယောက် ထောက်ပြလာနိုင်တယ်။ အဲဒါ တိုက်ရိုက် အကြံဉာဏ်ပဲ။ ကိုယ့်ကို ချစ်လို့ ကျမ်းစာ သုံးပြီး အကြံဉာဏ် ပေးတာ ဖြစ်တဲ့အတွက် သူ့အကြံဉာဏ်ကို နားထောင်၊ လိုက်လျှောက်ခြင်းအားဖြင့် ကျေးဇူးတင်လေးမြတ်ကြောင်း ပြသင့်တယ်။

၄။ ဒေသနာ ၇:၉ အရ အကြံပေးခံရတဲ့အခါ ဘယ်လို တုံ့ပြန်တာမျိုးကို ရှောင်သင့်သလဲ။

၄ တိုက်ရိုက် အကြံဉာဏ်ကို လက်ခံဖို့ ခက်နိုင်တယ်။ စိတ်တောင် ဆိုးမိနိုင်တယ်။ ဘာကြောင့်လဲ။ ကိုယ်မစုံလင်မှန်း အသိအမှတ်ပြုပေမဲ့ တစ်ယောက်ယောက်က ကိုယ့်အမှားကို ထောက်ပြပြီး အကြံဉာဏ် ပေးတဲ့အခါ လက်ခံရခက်နိုင်လို့ပဲ။ (ဒေသနာ ၇:၉ ကို ဖတ်ပါ။) ဆင်ခြေပေးမိနိုင်တယ်။ အကြံပေးသူရဲ့ စိတ်ရင်းကို သံသယဝင်မိနိုင်တယ်။ အကြံပေးတဲ့ ပုံစံကို စိတ်ဆိုးမိနိုင်တယ်။ အကြံပေးသူကို အပြစ်ရှာပြီး ‘သူက ဘာမို့လို့လဲ။ ဘယ်လောက်များ ကောင်းနေလို့လဲ’ လို့ တွေးမိနိုင်တယ်။ သူပေးတဲ့ အကြံဉာဏ်ကို မကြိုက်ဘူးဆိုရင် ဂရုမစိုက်ဘဲ နေမိနိုင်တယ်။ ကိုယ့်အကြိုက်အတိုင်း အကြံပေးမယ့်သူဆီ အကူအညီ တောင်းမိနိုင်တယ်။

၅။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။

၅ ဒီဆောင်းပါးမှာ အကြံပေးတာကို ငြင်းပယ်သူနဲ့ လက်ခံသူတွေရဲ့ ကျမ်းစာ ပုံနမူနာတွေကို ဆွေးနွေးကြပါမယ်။ အကြံဉာဏ်ကို လက်ခံဖို့၊ အဲဒီကနေ အကျိုးရဖို့ ဘာက ကူညီပေးမလဲဆိုတာကိုလည်း သုံးသပ်ကြပါမယ်။

အကြံပေးတာကို ငြင်းပယ်သူများ

၆။ အကြံဉာဏ်ကို ဘုရင် ရောဗောင် တုံ့ပြန်ပုံကနေ ဘာသင်ယူရသလဲ။

၆ ရောဗောင်ရဲ့ ပုံနမူနာကို စဉ်းစားကြည့်ပါ။ အစ္စရေးဘုရင် ဖြစ်လာချိန်မှာ ပြည်သူတွေ တစ်ခု တောင်းဆိုတယ်။ ခမည်းတော် ရှောလမုန် တင်ခဲ့တဲ့ လေးလံတဲ့ ထမ်းပိုးကို ပေါ့အောင် လုပ်ပေးဖို့ပါ။ လူတွေကို ဘာပြန်ပြောရမလဲဆိုတာ သိဖို့ အစ္စရေး အသက်ကြီးသူတွေနဲ့ တိုင်ပင်တာ ချီးမွမ်းစရာပါပဲ။ လူတွေ တောင်းဆိုတာကိုသာ လိုက်လျောရင် ရောဗောင်ဆီမှာ သူတို့ အမြဲ အမှုထမ်းကြမယ်လို့ အသက်ကြီးသူတွေ အကြံပေးတယ်။ (၁ ဘု. ၁၂:၃-၇) အဲဒီအကြံကို မကြိုက်လို့ ငယ်ပေါင်းကြီးဖော်တွေနဲ့ တိုင်ပင်တယ်။ သူတို့က အသက် ၄၀ ဝန်းကျင်လောက်ဆိုတော့ အတွေ့အကြုံ အတော်အတန် ရှိမှာပဲ။ (၂ ရာ. ၁၂:၁၃) ဒါပေမဲ့ လူတွေရဲ့ ဝန်ကို ပိုလေးအောင် လုပ်ဖို့ မကောင်းတဲ့ အကြံ ပေးကြတယ်။ (၁ ဘု. ၁၂:၈-၁၁) ရောဗောင်ဟာ အကြံဉာဏ် နှစ်ခု ရတဲ့အခါ ဘယ်အကြံအတိုင်း လိုက်သင့်သလဲ သိအောင် ယေဟောဝါဆီ ဆုတောင်းမေးလို့ ရတယ်။ ဒါပေမဲ့ ကိုယ့်အကြိုက်လိုက်ပြီး သက်တူရွယ်တူတွေရဲ့ စကားကို နားထောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် ရောဗောင်နဲ့ အစ္စရေးတွေ ဆိုးကျိုးတွေ ရင်ဆိုင်ရတယ်။ ကျွန်တော်တို့လည်း ကိုယ်ရတဲ့ အကြံဉာဏ်က အမြဲ ကိုယ့်အကြိုက် ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ ကျမ်းစာအခြေခံတဲ့ အကြံဉာဏ် ဖြစ်မယ်ဆိုရင် လက်ခံသင့်တယ်။

၇။ ဘုရင် ဩဇိရဲ့ ပုံနမူနာက ဘာသင်ပေးသလဲ။

၇ ဘုရင် ဩဇိလည်း အကြံဉာဏ်ကို ငြင်းပယ်တယ်။ ယေဟောဝါရဲ့ ဗိမာန်တော်ထဲက ပုရောဟိတ်တွေပဲ ဝင်ခွင့်ရှိတဲ့ အခန်းထဲ ဝင်ပြီး နံ့သာပေါင်း ပူဇော်ဖို့ ကြိုးစားတယ်။ “ဩဇိမင်း၊ မင်းကြီးက ယေဟောဝါဘုရားဆီ နံ့သာပေါင်း မီးမရှို့သင့်ဘူး။ . . . ပုရောဟိတ်တွေပဲ နံ့သာပေါင်း မီးရှို့ခွင့် ရှိတာ” လို့ ပုရောဟိတ်တွေ ဝိုင်းပြောကြတယ်။ ဩဇိ ဘယ်လို တုံ့ပြန်သလဲ။ အကြံဉာဏ်ကိုသာ နှိမ့်ချစွာ လက်ခံပြီး ဗိမာန်တော်ထဲကနေ ချက်ချင်း ထွက်သွားရင် ယေဟောဝါ ခွင့်လွှတ်ကောင်း ခွင့်လွှတ်လိမ့်မယ်။ အဲဒီအစား “ဩဇိက အကြီးအကျယ် ဒေါသထွက်တယ်။” အကြံဉာဏ်ကို ဘာကြောင့် ငြင်းပယ်တာလဲ။ ဘုရင်ဆိုတော့ ကိုယ်ကြိုက်တာ ဘာမဆို လုပ်ခွင့် ရှိတယ်လို့ ထင်နေပုံရတယ်။ ဒါပေမဲ့ ယေဟောဝါကတော့ အဲဒီလို မရှုမြင်ဘူး။ ဩဇိရဲ့ ရောင့်တက်တဲ့ လုပ်ရပ်ကြောင့် အနာကြီးရောဂါနဲ့ ဒဏ်ခတ်ခံရပြီး “သေတဲ့အထိ အနာကြီးရောဂါစွဲ” သွားတယ်။ (၂ ရာ. ၂၆:၁၆-၂၁) ကျွန်တော်တို့ ဘယ်သူပဲ ဖြစ်ပါစေ ကျမ်းစာအခြေပြု အကြံဉာဏ်ကို ငြင်းပယ်ရင် ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးမယ်ဆိုတာ ဩဇိရဲ့ ပုံနမူနာက သင်ပေးတယ်။

အကြံပေးတာကို လက်ခံသူများ

၈။ အကြံဉာဏ်ကို ယောဘ ဘယ်လို တုံ့ပြန်သလဲ။

၈ ဆွေးနွေးခဲ့တဲ့ သတိပေး ပုံနမူနာတွေနဲ့ မတူဘဲ အကြံဉာဏ်ကို လက်ခံလို့ ကောင်းချီးရတဲ့ ကျမ်းစာ ပုံနမူနာကောင်းတွေလည်း ရှိတယ်။ ယောဘအကြောင်း စဉ်းစားကြည့်ပါ။ ဘုရားကို ကြောက်ရွံ့သူ ဖြစ်ပေမဲ့ ပြည့်ဝစုံလင်သူတော့ မဟုတ်ဘူး။ ပြင်းထန်တဲ့ ဖိစီးမှုတွေ ကြုံရချိန်မှာ အမြင်မှားခဲ့တာတွေ ရှိတယ်။ ဒါကြောင့် ဧလိဟုကော ယေဟောဝါပါ တဲ့တိုး အကြံပေးတယ်။ ယောဘ ဘယ်လို တုံ့ပြန်သလဲ။ အကြံဉာဏ်ကို နှိမ့်ချစွာ လက်ခံတယ်။ “ဘာမှ နားမလည်ဘဲ ကျွန်တော် ပြောမိပါပြီ။ . . . ပြောခဲ့တဲ့ စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။ မြေမှုန့်နဲ့ ပြာထဲမှာ ထိုင်ပြီး နောင်တရပါပြီ” လို့ ပြောတယ်။ ယောဘရဲ့ နှိမ့်ချမှုကြောင့် ယေဟောဝါ ကောင်းချီးပေးခဲ့တယ်။—ယောဘ ၄၂:၃-၆၊ ၁၂-၁၇။

၉။ အကြံဉာဏ်ကို လက်ခံတာနဲ့ပတ်သက်ပြီး မောရှေ ဘယ်လို ပုံသက်သေကောင်း ပြသလဲ။

၉ ကြီးလေးတဲ့ အမှား လုပ်မိပြီးနောက် ဆုံးမမှုကို လက်ခံတဲ့ ပုံနမူနာရှင် နောက်တစ်ယောက်ကတော့ မောရှေပဲ။ တစ်ကြိမ်မှာ ဒေါသထွက်ပြီး ယေဟောဝါကို ဂုဏ်မတင်ခဲ့ဘူး။ ဒါကြောင့် ကတိထားရာပြည်ထဲ ဝင်ခွင့် ဆုံးရှုံးသွားတယ်။ (တော. ၂၀:၁-၁၃) ဒီဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ပြောတော့ “တော်ပြီ။ ဒီအကြောင်း ထပ်မပြောနဲ့တော့” လို့ ယေဟောဝါ ပြောတယ်။ (တရား. ၃:၂၃-၂၇) ဒါပေမဲ့ မောရှေ စိတ်မနာကြည်းဘူး။ ယေဟောဝါရဲ့ ဆုံးဖြတ်ချက်ကို လက်ခံတယ်။ ဒါကြောင့် အစ္စရေးလူမျိုးကို ဦးဆောင်ဖို့ မောရှေကို ယေဟောဝါ ဆက်အသုံးပြုတယ်။ (တရား. ၄:၁) အကြံဉာဏ်ကို လက်ခံတာနဲ့ပတ်သက်ပြီး ယောဘနဲ့ မောရှေဟာ ကျွန်တော်တို့ တုပစရာ ပုံသက်သေကောင်းပါပဲ။ ယောဘဟာ ကိုယ့်အမြင်ကို ပြုပြင်ပြောင်းလဲတယ်။ ဆင်ခြေမပေးဘူး။ မောရှေဟာ ကိုယ်တန်ဖိုးထားရတဲ့ အခွင့်ထူး ဆုံးရှုံးသွားတာတောင် ဆက်သစ္စာရှိခြင်းအားဖြင့် ယေဟောဝါရဲ့ အကြံဉာဏ်ကို လက်ခံကြောင်း ပြခဲ့တယ်။

၁၀။ (က) အကြံဉာဏ် လက်ခံခြင်းရဲ့ အကျိုးတွေကို ပညာအလိမ္မာ ၄:၁၀-၁၃ က ဘယ်လို ဖော်ပြသလဲ။ (ခ) အကြံရတဲ့အခါ တချို့ ဘယ်လို သဘောထားမှန် ပြခဲ့ကြသလဲ။

၁၀ ယောဘနဲ့ မောရှေလို သစ္စာရှိသူတွေရဲ့ ပုံသက်သေကို လိုက်လျှောက်တဲ့အခါ ကျွန်တော်တို့ အကျိုးရတယ်။ (ပညာအလိမ္မာ ၄:၁၀-၁၃ ကို ဖတ်ပါ။) ညီအစ်ကို/မများစွာလည်း အဲဒီလို လိုက်လျှောက်နေကြတယ်။ ကွန်ဂိုမှာ နေတဲ့ ညီအစ်ကို အီမယ်နူယယ်က သူရတဲ့ သတိပေးချက်အကြောင်း ဒီလိုပြောတယ်– “အသင်းတော်မှာ ရှိတဲ့ ရင့်ကျက်တဲ့ ညီအစ်ကိုတွေက ကျွန်တော် ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းနေတာကို သတိထားမိပြီး ကူညီပေးဖို့ ကြိုးစားကြတယ်။ သူတို့ရဲ့ အကြံဉာဏ်အတိုင်း လိုက်လျှောက်လို့ ပြဿနာများစွာကို ရှောင်နိုင်ခဲ့တယ်။”b ကနေဒါမှာ နေတဲ့ ရှေ့ဆောင် ညီအစ်မ မေဂန်က “အကြံပေးစကားဟာ ကိုယ့်အကြိုက်အတိုင်း အမြဲ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ အဲဒါကို လိုအပ်တယ်” လို့ ပြောတယ်။ ခရိုအေးရှားနိုင်ငံက ညီအစ်ကို မာကိုက “အသင်းတော်မှာ အခွင့်ထူးတစ်ခု ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တော့ ကိုယ်ရတဲ့ အကြံဉာဏ်ကြောင့်သာ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာတာ” လို့ ပြောတယ်။

၁၁။ အကြံဉာဏ် လက်ခံတာနဲ့ပတ်သက်ပြီး ညီအစ်ကို ကားလ် ကလိန်း ဘာပြောသလဲ။

၁၁ အကြံဉာဏ်ကို လက်ခံလို့ အကျိုးရခဲ့သူ နောက်တစ်ယောက်ကတော့ အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် အမှုဆောင်ခဲ့တဲ့ ညီအစ်ကို ကားလ် ကလိန်းပါပဲ။ သူ့ရဲ့ ဘဝအတ္ထုပ္ပတ္တိမှာ မိတ်ဆွေရင်း ဖြစ်သူ ညီအစ်ကို ဂျိုးဇက် ရပ်သဖော့ဆီက ပြင်းထန်တဲ့ အကြံပေးစကား ရခဲ့ချိန်အကြောင်း ပြောပြတယ်။ အစပိုင်းမှာတော့ စိတ်ဆိုးမိတယ်လို့ ဝန်ခံတယ်။ “နောက်တစ်ခေါက် ကျွန်တော့်ကို [ညီအစ်ကို ရပ်သဖော့] တွေ့တော့ ‘ဟေ့ ကားလ်’ လို့ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်တယ်။ စိတ်ဆိုးနေတုန်းပဲမို့ စိတ်မပါ့တပါပဲ ပြန်နှုတ်ဆက်လိုက်တယ်။ ဒါနဲ့ သူက ‘သတိထားပါ။ ခင်ဗျားကို မာရ်နတ် ချောင်းနေတယ်’ လို့ ပြောတယ်။ ကျွန်တော်လည်း အနေရခက်သွားပြီး ‘ကျွန်တော် ဘာမှ မဖြစ်ပါဘူး’ လို့ ပြောလိုက်ပေမဲ့ အဖြစ်မှန်ကို ကောင်းကောင်း ရိပ်စားမိတဲ့ ညီအစ်ကို ရပ်သဖော့က ‘ရပါတယ်။ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ သတိတော့ထားပါ။ ခင်ဗျားကို မာရ်နတ် ချောင်းနေတယ်’ လို့ ထပ်သတိပေးတယ်။ သူပြောတာ မှန်လိုက်တာ။ ညီအစ်ကို တစ်ယောက်ကို စိတ်ခုနေတာ၊ အထူးသဖြင့် သူပြောပိုင်ခွင့် ရှိတာကို ပြောလိုက်လို့ စိတ်ခုနေတာဟာ ကျွန်တော်တို့ကို ထောင်ဖမ်းဖို့ မာရ်နတ်ကို အခွင့်အရေး ပေးလိုက်တာပဲ” လို့ ညီအစ်ကို ကလိန်း ပြောတယ်။c (ဧ. ၄:၂၅-၂၇) ညီအစ်ကို ရပ်သဖော့ရဲ့ အကြံဉာဏ်ကို ညီအစ်ကို ကလိန်း လက်ခံပြီး ရင်းနှီးတဲ့ မိတ်ဆွေတွေ ဆက်ဖြစ်သွားကြတယ်။

အကြံဉာဏ်ကို လက်ခံဖို့ ဘာက ကူညီပေးနိုင်သလဲ

၁၂။ အကြံဉာဏ်ကို လက်ခံဖို့ နှိမ့်ချမှုက ဘယ်လို ကူညီပေးနိုင်သလဲ။ (ဆာလံ ၁၄၁:၅)

၁၂ အကြံဉာဏ်ကို လက်ခံဖို့ ဘာက ကူညီပေးနိုင်သလဲ။ ကျွန်တော်တို့ မစုံလင်ကြောင်း၊ တစ်ခါတလေ ရူးရူးမိုက်မိုက် လုပ်တတ်ကြောင်း သတိရပြီး နှိမ့်ချနေဖို့ လိုတယ်။ အထက်မှာ ဆွေးနွေးခဲ့သလို ယောဘရဲ့ အမြင် မှားခဲ့တယ်။ နောက်ပိုင်း၊ ပြုပြင်ပြောင်းလဲတယ်။ ယေဟောဝါ ကောင်းချီးပေးတယ်။ ဘာကြောင့်လဲ။ ယောဘ နှိမ့်ချလို့ပဲ။ ကိုယ့်ထက် အသက် အများကြီး ငယ်တဲ့ ဧလိဟု အကြံပေးတာကို လက်ခံခြင်းအားဖြင့် ယောဘ နှိမ့်ချကြောင်း ပြတယ်။ (ယောဘ ၃၂:၆၊ ၇) ကိုယ့်ကို အကြံမပေးထိုက်ဘူးလို့ ထင်ရင်တောင်၊ အကြံပေးသူက ကိုယ့်ထက် အသက်ငယ်ရင်တောင် အကြံဉာဏ်ကို လိုက်နာကျင့်သုံးဖို့လည်း နှိမ့်ချမှုက ကူညီပေးပါလိမ့်မယ်။ “ကိုယ့်လိုအပ်ချက်ကို ကိုယ့်ဟာကိုယ် မြင်ဖို့ ခက်တဲ့အတွက် ဘယ်သူမှ မကြံမပေးရင် ဘယ်လို တိုးတက်မလဲ” လို့ ကနေဒါနိုင်ငံက အကြီးအကဲ တစ်ယောက် ပြောတယ်။ စွမ်းအားတော် အရည်အသွေးတွေ မွေးမြူရာမှာ၊ အမှုဆောင်လုပ်ငန်း လုပ်ဆောင်ရာမှာ တိုးတက်ဖို့ မလိုတဲ့သူ ဘယ်သူ ရှိလို့လဲ။—ဆာလံ ၁၄၁:၅ ကို ဖတ်ပါ။

၁၃။ ရလာတဲ့ အကြံဉာဏ်ကို ဘယ်လို ရှုမြင်သင့်သလဲ။

၁၃ အကြံဉာဏ်ကို ဘုရားမေတ္တာအဖြစ် ရှုမြင်ပါ။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးအကျိုးကို ယေဟောဝါ လိုလားတယ်။ (ပညာ. ၄:၂၀-၂၂) ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေ၊ ရင့်ကျက်တဲ့ ယုံကြည်သူချင်းကတစ်ဆင့် ယေဟောဝါ အကြံပေးတာဟာ ကျွန်တော်တို့ကို မေတ္တာ ပြနေတာ ဖြစ်တယ်။ အဲဒါ “ကျွန်တော်တို့ အကျိုးအတွက်” လို့ ဟီဘရူး ၁၂:၉၊ ၁၀ မှာ ပြောတယ်။

၁၄။ အကြံပေးခံရတဲ့အခါ ဘာကို အာရုံစိုက်သင့်သလဲ။

၁၄ အကြံဉာဏ်ကိုပဲ အာရုံစိုက်ပါ။ ဘယ်လိုပုံစံနဲ့ အကြံပေးတယ်ဆိုတာ အာရုံမစိုက်ပါနဲ့။ တစ်ခါတလေ အကောင်းဆုံးနည်းနဲ့ အကြံမပေးဘူးလို့ ခံစားရနိုင်တယ်။ လက်ခံရ အလွယ်ဆုံး ဖြစ်စေမယ့်နည်းနဲ့ အကြံပေးသင့်တာ မှန်ပါတယ်။d (ဂလ. ၆:၁) ဒါပေမဲ့ အဲဒီလို ထင်ရင်တောင် ပေးလာတဲ့ အကြံဉာဏ်ကိုပဲ အာရုံစိုက်ပါ။ ‘သူ့ပြောပုံ ပြောနည်းကို မကြိုက်ရင်တောင် သူ့စကားကနေ ငါ ဘာသင်ယူနိုင်သလဲ။ သူ့မစုံလင်မှုကို ဘေးဖယ်ပြီး အကြံဉာဏ်ကနေ အကျိုးရယူနိုင်မလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ရလာတဲ့ ဘယ်အကြံဉာဏ်ကနေမဆို အကျိုးရယူဖို့ နည်းလမ်းရှာတာဟာ ပညာရှိရာရောက်တယ်။—ပညာ. ၁၅:၃၁။

အကြံဉာဏ် တောင်းပါ၊ အကျိုးရယူပါ

၁၅။ ဘာကြောင့် အကြံဉာဏ် တောင်းသင့်သလဲ။

၁၅ အကြံဉာဏ် တောင်းဖို့ ကျမ်းစာမှာ အားပေးတယ်။ ‘အကြံဉာဏ် တောင်းခံသူတွေဆီမှာ ဉာဏ်ပညာရှိတယ်’ လို့ ပညာအလိမ္မာ ၁၃:၁၀ မှာ ပြောတယ်။ အဲဒါ သိပ်မှန်တယ်။ ကိုယ့်ဆီ တစ်ယောက်ယောက် လာပြီး အကြံပေးတာကို စောင့်မယ့်အစား ကိုယ့်ဘက်ကစပြီး အကြံဉာဏ် တောင်းသူဟာ မတောင်းသူထက် ဘုရားရေးရာဘက် တိုးတက်မှု မြန်ဆန်လေ့ရှိတယ်။ ဒါကြောင့် ကိုယ့်ဘက်က အစပြုပြီး အကြံဉာဏ် တောင်းပါ။

ပုံ– ၁။ ညီအစ်မငယ်တစ်ယောက် အွန်လိုင်းစနစ်နဲ့ ဈေးဝယ်နေ။ မလုံမလဲဖြစ်စေမယ့် အင်္ကျီနဲ့ ကျပ်ထုပ်နေတဲ့ ဘောင်းဘီကို ကြည့်နေ။ ၂။ သူ ဝယ်ချင်တဲ့ အဝတ်အစားတွေကို ရင့်ကျက်တဲ့ ညီအစ်မကို ပြနေ။

အသက်ငယ်တဲ့ ညီအစ်မက ရင့်ကျက်တဲ့ ညီအစ်မဆီ ဘာကြောင့် အကြံဉာဏ် တောင်းနေသလဲ (စာပိုဒ် ၁၆ ကို ကြည့်ပါ)

၁၆။ ဘယ်အခြေအနေတွေမှာ အကြံဉာဏ် တောင်းသင့်သလဲ။

၁၆ ယုံကြည်သူချင်းတွေဆီကနေ ဘယ်အချိန်မှာ အကြံဉာဏ် တောင်းနိုင်သလဲ။ အခြေအနေတချို့ကို သုံးသပ်ကြည့်ပါ– (၁) ညီအစ်မတစ်ယောက်က သင်အံမှုမှာ ပါဝင်ပေးဖို့ ရင့်ကျက်တဲ့ ကြေညာသူကို ဖိတ်ခေါ်တယ်။ နောက်ပိုင်း၊ သွန်သင်ခြင်း နည်းလမ်း ပိုတိုးတက်ဖို့ အကြံဉာဏ် တောင်းတယ်။ (၂) အဝတ်အစား ဝယ်ချင်တဲ့ တစ်ကိုယ်ရေ ညီအစ်မတစ်ယောက် သူ ရွေးထားတာကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပေးဖို့ ရင့်ကျက်တဲ့ ညီအစ်မဆီ အကြံဉာဏ် တောင်းတယ်။ (၃) ဦးဆုံးအကြိမ် လူထုဟောပြောချက် ပေးဖို့ ညီအစ်ကိုတစ်ယောက် တာဝန်ရတယ်။ ဟောပြောချက်ကို နားထောင်ပေးဖို့၊ တိုးတက်နိုင်မယ့် နည်းတွေ အကြံပေးဖို့ အတွေ့အကြုံရှိ ဟောပြောသူဆီ အကြံဉာဏ် တောင်းတယ်။ နှစ်ပေါင်းများစွာ ဟောပြောချက် ပေးလာတဲ့ ညီအစ်ကို ဖြစ်ရင်တောင် အတွေ့အကြုံရှိ ဟောပြောသူတွေဆီ အကြံဉာဏ် တောင်းပြီး လိုက်လျှောက်သင့်တယ်။

၁၇။ အကြံဉာဏ်ကနေ ဘယ်လို အကျိုးရနိုင်သလဲ။

၁၇ လာမယ့် သီတင်းပတ်တွေ၊ လတွေမှာ ကျွန်တော်တို့အားလုံး တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အကြံဉာဏ် ရကြပါလိမ့်မယ်။ အဲဒီအခါ အခု ဆွေးနွေးခဲ့တဲ့ အချက်တွေကို ပြန်အမှတ်ရပါ။ နှိမ့်ချနေပါ။ အကြံဉာဏ်ကိုပဲ အာရုံစိုက်ပါ။ ဘယ်လိုပုံစံနဲ့ အကြံပေးတယ်ဆိုတာ အာရုံမစိုက်ပါနဲ့။ ရလာတဲ့ အကြံဉာဏ်ကို လက်တွေ့ကျင့်သုံးပါ။ မွေးကတည်းက ပညာရှိသူ တစ်ယောက်မှ မရှိဘူး။ ဒါပေမဲ့ ‘အကြံပေးတာကို နားထောင်ပြီး ဆုံးမတာကို လက်ခံမယ်’ ဆိုရင် “ဉာဏ်ပညာ ရှိလာမယ်” လို့ ကျမ်းစာမှာ ကတိပေးထားပါတယ်။—ပညာ. ၁၉:၂၀။

သင် ဘယ်လို ဖြေမလဲ

  • အကြံဉာဏ်ကို ငြင်းပယ်တဲ့ ကျမ်းစာပုံနမူနာတွေကနေ ဘာသင်ယူနိုင်သလဲ။

  • အကြံဉာဏ်ကို လက်ခံတဲ့ ကျမ်းစာပုံနမူနာတွေကနေ ဘာသင်ယူနိုင်သလဲ။

  • အကြံဉာဏ်ကို လက်ခံဖို့ ဘာက ကူညီပေးမလဲ။

သီချင်း ၁၂၄ သစ္စာမြဲပါ

a ယေဟောဝါရဲ့ လူမျိုးဟာ ကျမ်းစာအခြေပြု အကြံဉာဏ်ကို နာခံတာ အကျိုးရှိကြောင်း သိတယ်။ ဒါပေမဲ့ အဲဒီလို နာခံဖို့ အမြဲတော့ မလွယ်ဘူး။ ဘာကြောင့်လဲ။ ကိုယ်ရတဲ့ အကြံဉာဏ်ကနေ အကျိုးရဖို့ ဘာက ကူညီပေးနိုင်သလဲ။

b အမည်လွှဲများ။

c ၁၉၈၄၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) စာ. ၂၁-၂၈ ကို ကြည့်ပါ။

d နောက်ဆောင်းပါးမှာ အကြံပေးသူတွေအနေနဲ့ ဘယ်လို ပါးပါးနပ်နပ် အကြံပေးနိုင်မလဲဆိုတာ ဆွေးနွေးပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ