ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ ဒီဇင်ဘာ စာ. ၁၈-၂၃
  • လူငယ် ညီအစ်မတို့၊ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသမီး ဖြစ်ဖို့ ကြိုးစားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူငယ် ညီအစ်မတို့၊ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသမီး ဖြစ်ဖို့ ကြိုးစားပါ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရည်အသွေးကောင်းတွေ ရှိအောင် ကြိုးစားပါ
  • လက်တွေ့ အသုံးချပညာ သင်ပါ
  • အနာဂတ် တာဝန်တွေအတွက် ကြိုတင်ပြင်ဆင်ပါ
  • လူငယ် ညီအစ်ကိုတို့၊ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသား ဖြစ်ဖို့ ကြိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခရစ်ယာန် အမျိုးသမီးတွေကို ထောက်မပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • တည်ကြည်သောခရစ်ယာန်အမျိုးသမီးများ –ဘုရားသခင်၏ အဖိုးထိုက်ဝတ်ပြုသူများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • အမျိုးသမီးတွေကို ယေဟောဝါ ဆက်ဆံသလို ဆက်ဆံနေသလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ ဒီဇင်ဘာ စာ. ၁၈-၂၃

လေ့လာရန် ဆောင်းပါး ၅၂

လူငယ် ညီအစ်မတို့၊ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသမီး ဖြစ်ဖို့ ကြိုးစားပါ

“အမျိုးသမီးတွေလည်း . . . ပြုမူပြောဆိုရာမှာ ထိန်းချုပ်နိုင်သူ၊ အရာရာမှာ သစ္စာရှိသူ ဖြစ်ရမယ်။”—၁ တိ. ၃:၁၁။

သီချင်း ၁၃၃ လူငယ်ဘဝမှာ ယေဟောဝါကို ကိုးကွယ်ကြ

အကြိုသုံးသပ်ချက်a

၁။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်ဖို့ ဘာလုပ်ရမလဲ။

ကလေးတွေ အကြီးမြန်တာ ကြည့်ပြီး အံ့ဩမိနိုင်တယ်။ နေရင်းထိုင်ရင်း ကြီးလာကြပုံပဲ။ ခရစ်ယာန် ရင့်ကျက်မှုကတော့ နေရင်းထိုင်ရင်း ရှိမလာဘူး။b (၁ ကော. ၁၃:၁၁။ ဟီ. ၆:၁) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်ဖို့ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိရမယ်။ အရည်အသွေးကောင်းတွေ ရှိအောင် ကြိုးစားရာမှာ၊ လက်တွေ့ အသုံးချပညာ သင်ရာမှာ၊ အနာဂတ် တာဝန်တွေအတွက် ကြိုတင်ပြင်ဆင်ရာမှာ သန့်ရှင်းသော စွမ်းအားတော် အကူအညီလည်း လိုတယ်။—ပညာ. ၁:၅။

၂။ ကမ္ဘာဦး ၁:၂၇ ကနေ ဘာသိရသလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။

၂ လူတွေကို အမျိုးသား၊ အမျိုးသမီးအဖြစ် ယေဟောဝါ ဖန်ဆင်းတယ်။ (ကမ္ဘာဦး ၁:၂၇ ကို ဖတ်ပါ။) အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာပိုင်းပဲ မတူတာ မဟုတ်ဘူး။ မတူတာတွေ အများကြီးပဲ။ ဥပမာ၊ ထမ်းရမယ့် တာဝန် ယေဟောဝါ သတ်သတ်စီ ပေးထားတယ်။ ကိုယ့်တာဝန်ကိုယ် ကျေနိုင်ဖို့ အရည်အသွေး၊ စွမ်းရည် ကိုယ်စီ လိုတယ်။ (က. ၂:၁၈) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်ဖို့ လူငယ် ညီအစ်မတွေ ဘာလုပ်နိုင်သလဲ ဒီဆောင်းပါးမှာ လေ့လာကြမယ်။ လူငယ် ညီအစ်ကိုတွေ ဘာလုပ်နိုင်သလဲ နောက်ဆောင်းပါးမှာ လေ့လာကြမယ်။

အရည်အသွေးကောင်းတွေ ရှိအောင် ကြိုးစားပါ

ရုပ်ပုံ– ညီအစ်မငယ်တစ်ယောက် မှန်ကြည့်ရင်း ကျမ်းစာအခြေပြုစာပေမှာ ဖတ်ခဲ့တာကို တွေးနေ။ ရုပ်ပုံငယ်– ၁။ ကုလားအုတ် ရေသောက်ဖို့ ရေဗက္ကာ ရေဖြည့်နေ။ ၂။ မော်ဒကဲအတွက် ဧသတာ စားစရာ ပြင်ပေးနေ။ ၃။ မိမိနဲ့ အိမ်သားတွေရဲ့ အသက် ငဲ့ပေးဖို့ အဘိဂဲလ ဒူးထောက်တောင်းဆိုနေ။

ရေဗက္ကာ၊ ဧသတာ၊ အဘိဂဲလတို့လို သစ္စာရှိ အမျိုးသမီးတွေရဲ့ အရည်အသွေးတွေကို တုပတာက ရင့်ကျက်တဲ့ အမျိုးသမီး ဖြစ်လာစေနိုင် (စာပိုဒ် ၃-၄ ကို ကြည့်ပါ)

၃-၄။ စံထားထိုက်သူတွေ ဘယ်မှာ တွေ့နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၃ ယေဟောဝါဘုရားကို ချစ်ပြီး ဘုရားအမှု ဆောင်တဲ့ သစ္စာရှိ အမျိုးသမီးတွေ ကျမ်းစာမှာ ပါတယ်။ (“ကျမ်းစာပါ အမျိုးသမီးတွေဆီက ဘာသင်ယူနိုင်သလဲ” ဆောင်းပါးကို jw.org မှာ ကြည့်ပါ။) အဓိက ကျမ်းချက်မှာ ဖော်ပြသလို အဲဒီအမျိုးသမီးတွေဟာ “ပြုမူပြောဆိုရာမှာ ထိန်းချုပ်နိုင်သူ၊” “အရာရာမှာ သစ္စာရှိသူ” တွေပါ။ အသင်းတော်မှာလည်း စံထားထိုက်တဲ့ ရင့်ကျက်တဲ့ ညီအစ်မတွေ တွေ့နိုင်တယ်။

၄ လူငယ် ညီအစ်မတို့၊ ကိုယ် စံထားလို့ ရမယ့် ညီအစ်မ တွေ ရှာပါ။ သူတို့ရဲ့ အရည်အသွေးကောင်းတွေ သတိထားကြည့်ပါ။ အဲဒီအရည်အသွေးတွေကို သင် ဘယ်လို ပြနိုင်မလဲ စဉ်းစားပါ။ ရင့်ကျက်တဲ့ အမျိုးသမီး ဖြစ်ဖို့ လိုတဲ့ အရည်အသွေး သုံးခု နောက်စာပိုဒ်တွေမှာ လေ့လာကြမယ်။

၅။ နှိမ့်ချမှု ရှိဖို့ ဘာကြောင့် အရေးကြီးသလဲ။

၅ နှိမ့်ချမှု။ နှိမ့်ချမှု ရှိရင် ယေဟောဝါနဲ့ကော တခြားသူတွေနဲ့ပါ ဆက်ဆံရေး ကောင်းလာမယ်။ (ယာ. ၄:၆) ဥပမာ၊ ယေဟောဝါကို ချစ်တဲ့၊ နှိမ့်ချမှု ရှိတဲ့ အမျိုးသမီးဟာ ယေဟောဝါ ချမှတ်ထားတဲ့ ဦးစီးမှု အစီအစဉ်ကို လက်အောက်ခံမှာ ဖြစ်တယ်။ (၁ ကော. ၁၁:၃) အဲဒီဦးစီးမှု အစီအစဉ်ဟာ အသင်းတော်နဲ့ကော မိသားစုနဲ့ပါ ဆိုင်တယ်။c

၆။ နှိမ့်ချမှုနဲ့ပတ်သက်ပြီး ရေဗက္ကာဆီကနေ ညီအစ်မငယ်တွေ ဘာသင်ယူနိုင်သလဲ။

၆ ရေဗက္ကာအကြောင်း စဉ်းစားကြည့်ပါ။ ထက်တယ်။ ဆုံးဖြတ်ချက် ပြတ်သားတယ်။ အကင်းပါးတယ်။ (က. ၂၄:၅၈။ ၂၇:၅-၁၇) ဒါပေမဲ့ လေးစားမှု ရှိတယ်။ လက်အောက်ခံတယ်။ (က. ၂၄:၁၇၊ ၁၈၊ ၆၅) ရေဗက္ကာလိုပဲ ယေဟောဝါရဲ့ အစီအစဉ်ကို သင် နှိမ့်ချမှု ရှိရှိ လက်အောက်ခံတဲ့အခါ မိသားစုမှာကော အသင်းတော်မှာပါ စံနမူနာကောင်းသူ ဖြစ်လာမယ်။

၇။ ကျိုးနွံမှုနဲ့ပတ်သက်ပြီး ဧသတာဆီကနေ ညီအစ်မငယ်တွေ ဘာသင်ယူနိုင်သလဲ။

၇ ကျိုးနွံမှု။ “ဉာဏ်ပညာကတော့ ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်” လို့ ကျမ်းစာ ဆိုတယ်။ (ပညာ. ၁၁:၂) ဧသတာဟာ ကျိုးနွံမှု ရှိတဲ့ သစ္စာရှိ အမျိုးသမီး ဖြစ်တယ်။ မိဖုရား ဖြစ်လာပေမဲ့ ဘဝင်မမြင့်ဘူး။ ဝမ်းကွဲ အစ်ကို မော်ဒကဲ အကြံပေးတာကို နားထောင်တယ်။ (ဧသ. ၂:၁၀၊ ၂၀၊ ၂၂) သင်လည်း တခြားသူတွေဆီက အကြံဉာဏ် တောင်းခြင်း၊ အကြံဉာဏ်ကောင်းတွေ လိုက်နာခြင်းအားဖြင့် ကျိုးနွံကြောင်း ပြနိုင်တယ်။—တိ. ၂:၃-၅။

၈။ ၁ တိမောသေ ၂:၉၊ ၁၀ အရ ဝတ်စားဖြီးလိမ်းပုံနဲ့ပတ်သက်ပြီး ပညာရှိရှိ ဆုံးဖြတ်နိုင်ဖို့ ကျိုးနွံမှုက ဘယ်လို ကူညီပေးသလဲ။

၈ ကျိုးနွံကြောင်း နောက်တစ်နည်းနဲ့လည်း ဧသတာ ပြတယ်။ “ရုပ်ချောပြီး ဆွဲဆောင်မှု ရှိ” ပေမဲ့ အာရုံစိုက်ခံရအောင် မနေဘူး။ (ဧသ. ၂:၇၊ ၁၅) ဘာအတုယူနိုင်သလဲ။ တစ်နည်းကို ၁ တိမောသေ ၂:၉၊ ၁၀ မှာ တွေ့နိုင်တယ်။ (ဖတ်ပါ။) အမျိုးသမီးတွေ ဣန္ဒြေရှိရှိ၊ ချင့်ချင့်ချိန်ချိန် ဝတ်စားဆင်ယင်ဖို့ တမန်တော် ပေါလု အကြံပေးတယ်။ ဒီမှာ သုံးထားတဲ့ ဂရိ စကားလုံးဟာ တခြားသူတွေ လေးစားချင်စရာ ကောင်းတဲ့ ပုံစံ၊ တခြားသူတွေကို လေးစားကြောင်း ပြတဲ့ ပုံစံမျိုးနဲ့ ဝတ်စားဆင်ယင်သင့်တယ်လို့ အဓိပ္ပာယ်ရတယ်။ ဣန္ဒြေရှိရှိ ဝတ်စားတဲ့ ညီအစ်မတွေအတွက် ကျွန်တော်တို့ တကယ် ဂုဏ်ယူတယ်။

၉။ အဘိဂဲလဆီကနေ ဘာသင်ယူနိုင်သလဲ။

၉ ပိုင်းခြားသိမြင်မှု။ ပိုင်းခြားသိမြင်မှုဆိုတာ ဘာလဲ။ အမှား၊ အမှန် ခွဲခြားနိုင်ပြီး မှန်ရာ လုပ်နိုင်စွမ်းပါ။ အဘိဂဲလအကြောင်း စဉ်းစားကြည့်ပါ။ ခင်ပွန်းရဲ့ ဆုံးဖြတ်ချက် အမှားကြောင့် တစ်အိမ်သားလုံး ဒုက္ခရောက်တော့မယ်။ အဘိဂဲလ ပိုင်းခြားသိမြင်မှု ရှိလို့၊ မြန်မြန်ဆန်ဆန် လှုပ်ရှားလို့သာ အသက်ဘေး လွတ်သွားကြတာ။ (၁ ရှ. ၂၅:၁၄-၂၃၊ ၃၂-၃၅) ပိုင်းခြားသိမြင်မှု ရှိရင် ဘယ်အချိန်မှာ စကားပြောရမလဲ၊ ဘယ်အချိန်မှာ နှုတ်ဆိတ်ရမလဲ သိမယ်။ သူတစ်ပါးကိစ္စ ဝင်စွက်ရာ မရောက်မယ့် နည်းနဲ့ စိတ်ဝင်စားကြောင်း ပြနိုင်မယ်။—၁ သက်. ၄:၁၁။

လက်တွေ့ အသုံးချပညာ သင်ပါ

“လူငယ်များအမေး မေးခွန်း ၁၀ ခုအတွက် အဖြေများ” စာစောင်ကို ညီအစ်မငယ်တစ်ယောက် ဖတ်နေ။ ဘေးမှာ ကျမ်းစာဖွင့်ထား။ မှတ်စု စာအုပ်နဲ့ ဘောပင် ချထား။

ရေးတတ်၊ ဖတ်တတ်အောင် သင်ထားလို့ ဘာအကျိုးတွေ ရသလဲ (စာပိုဒ် ၁၁ ကို ကြည့်ပါ)

၁၀-၁၁။ ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်ရင် ကိုယ်တိုင်နဲ့ တခြားသူတွေ ဘာအကျိုးရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၀ ညီအစ်မတွေ လက်တွေ့ အသုံးချပညာ တတ်ထားရမယ်။ ငယ်ရွယ်တုန်း သင်ထားတာတွေက ကြီးလာတဲ့အထိ အကျိုးရှိတတ်တယ်။ တတ်ထားသင့်တာတချို့ ကြည့်ရအောင်။

၁၁ ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်အောင် သင်ပါ။ ယဉ်ကျေးမှုတချို့မှာ အမျိုးသမီးတွေ ရေးတတ်၊ ဖတ်တတ်စရာ မလိုဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ခရစ်ယာန်ယောက်တိုင်း ရေးတတ်၊ ဖတ်တတ်ဖို့ အရေးကြီးတယ်။d (၁ တိ. ၄:၁၃) ဒါကြောင့် အခက်အခဲ ရှိရင်တောင် ကြိုးစားသင်ပါ။ ဘာအကျိုးရမလဲ။ အလုပ် ရဖို့၊ အလုပ် မြဲဖို့ လွယ်မယ်။ ကျမ်းစာ ကောင်းကောင်း လေ့လာနိုင်မယ်။ ပြန်သင်ပေးနိုင်မယ်။ ကျမ်းစာ ဖတ်ပြီး တွေးတောဆင်ခြင်နိုင်လို့ ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။—ယောရှု ၁:၈။ ၁ တိ. ၄:၁၅။

၁၂။ ဆက်ဆံရေး ပြေပြစ်ဖို့ ပညာအလိမ္မာ ၃၁:၂၆ က ဘယ်လို ကူညီပေးနိုင်သလဲ။

၁၂ ပြေပြေပြစ်ပြစ် ဆက်ဆံတတ်အောင် သင်ပါ။ ခရစ်ယာန်တွေ ဆက်ဆံရေး ပြေပြစ်ရမယ်။ “လူတိုင်းဟာ နားထောင်ဖို့ အမြဲ အသင့်ဖြစ်နေရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး” လို့ ယာကုပ် အကြံပေးတယ်။ (ယာ. ၁:၁၉) တခြားသူတွေ စကားပြောတဲ့အခါ သေသေချာချာ နားထောင်ပါ။ ဒါ “ကိုယ်ချင်းစာ” ကြောင်း ပြတာပဲ။ (၁ ပေ. ၃:၈) တခြားသူ ပြောတာ၊ ခံစားနေရတာ နားမလည်ဘူးဆိုရင် ရိုင်းရာ မကျမယ့် နည်းနဲ့ မေးပါ။ မပြောခင် စဉ်းစားပါ။ (ပညာ. ၁၅:၂၈) ‘ငါ ပြောမယ့်စကားက မှန်သလား။ အားပေးမှု ဖြစ်ရဲ့လား။ တစ်ဖက်သားကို မလေးစားရာ၊ ရိုင်းရာ ကျမလား’ လို့ စဉ်းစားပါ။ ဆက်ဆံရေး ပြေပြစ်တဲ့ ရင့်ကျက်တဲ့ ညီအစ်မတွေဆီကနေ သင်ယူပါ။ (ပညာအလိမ္မာ ၃၁:၂၆ ကို ဖတ်ပါ။) သူတို့ရဲ့ ပြောပုံဆိုပုံ သတိထားကြည့်ပါ။ ဆက်ဆံရေး ပြေပြစ်ရင် ပေါင်းရသင်းရ လွယ်သူ ဖြစ်လာမယ်။

မိခင်နဲ့အတူ ညီအစ်မငယ်တစ်ယောက် ဈေးလိုက်သွား။ ဈေးသည်ကို ဈေးဆစ်နေ။

အိမ်မှုကိစ္စ နိုင်နင်းတဲ့ အမျိုးသမီးဟာ မိသားစုအတွက်ကော အသင်းတော်အတွက်ပါ ကောင်းချီး ဖြစ် (စာပိုဒ် ၁၃ ကို ကြည့်ပါ)

၁၃။ အိမ်မှုကိစ္စ နိုင်နင်းအောင် ဘယ်လို သင်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ အိမ်မှုကိစ္စ နိုင်နင်းအောင် သင်ပါ။ ဒေသ တော်တော်များများမှာ အိမ်အလုပ် အများစုကို အမျိုးသမီးတွေ လုပ်ရတယ်။ အိမ်မှုကိစ္စ နိုင်နင်းဖို့ မိခင် ဒါမှမဟုတ် ညီအစ်မတစ်ယောက်ယောက်ဆီက သင်နိုင်တယ်။ “အမေ သင်ပေးတာတစ်ခုကတော့ ကြိုးကြိုးစားစား လုပ်ရင် ပင်ပန်းရကျိုး နပ်တယ်ဆိုတာပဲ။ အချက်အပြုတ်၊ သန့်ရှင်းရေး၊ အချုပ်အလုပ်၊ ငွေ စိစိစစ်စစ် သုံးနည်းတွေ အမေ့ဆီက သင်ထားလို့ ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်တာ။ ဘုရားအတွက် အများကြီး ပေးဆပ်နိုင်တာ။ ဧည့်ဝတ်ကျေဖို့လည်း အမေ သင်ပေးတယ်။ ဧည့်ဝတ်ကျေတော့ စံနမူနာ ကောင်းတဲ့ ညီအစ်ကို/မ အများကြီးနဲ့ ဆုံခွင့် ရတယ်” လို့ ညီအစ်မ စင်ဒီ ပြောတယ်။ (ပညာ. ၃၁:၁၅၊ ၂၁၊ ၂၂) လုံ့လရှိတဲ့၊ ဧည့်ဝတ်ကျေတဲ့၊ အိမ်မှုကိစ္စ နိုင်နင်းတဲ့ အမျိုးသမီးဟာ မိသားစုအတွက်ကော အသင်းတော်အတွက်ပါ ကောင်းချီးပဲ။—ပညာ. ၃၁:၁၃၊ ၁၇၊ ၂၇။ တ. ၁၆:၁၅။

၁၄။ ခရစ္စတယ်ဆီကနေ ဘာသင်ယူနိုင်သလဲ။ ဘာဦးစားထားသင့်သလဲ။

၁၄ ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်အောင် ကြိုးစားပါ။ ခရစ်ယာန်အားလုံး ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်ရမယ်။ (၂ သက်. ၃:၇၊ ၈) “အထက်တန်းကျောင်းမှာ ကိုယ် သင်ချင်တဲ့ သက်မွေးပညာ ရွေးလို့ ရတယ်။ နောင် အသုံးဝင်မယ့် ပညာ ရွေးဖို့ မိဘတွေ အကြံပေးတယ်။ အဖေ့စကား နားထောင်ပြီး စာရင်းကိုင်ပညာ သင်လိုက်တာ တော်တော် မှန်သွားတယ်” လို့ ညီအစ်မ ခရစ္စတယ် ပြောတယ်။ ဝမ်းစာရှာပညာ တတ်ရုံနဲ့ မလုံလောက်ဘူး။ ငွေ စိစိစစ်စစ် သုံးတတ်ရမယ်။ (ပညာ. ၃၁:၁၆၊ ၁၈) ရှိတာလေးနဲ့ ရောင့်ရဲရင်၊ မလိုအပ်ဘဲ အကြွေးမယူရင် ဘုရားအမှုတော် ဦးစားထားနိုင်မယ်။—၁ တိ. ၆:၈။

အနာဂတ် တာဝန်တွေအတွက် ကြိုတင်ပြင်ဆင်ပါ

၁၅-၁၆။ အသင်းတော်မှာ တစ်ကိုယ်ရေ ညီအစ်မတွေ ရှိတာ ဘာကြောင့် ကောင်းချီး ဖြစ်သလဲ။ (မာကု ၁၀:၂၉၊ ၃၀)

၁၅ အရည်အသွေးကောင်းတွေ ရှိရင်၊ သက်မွေးပညာ တတ်ထားရင် အနာဂတ် တာဝန်တွေအတွက် အသင့်ဖြစ်နေမယ်။ ပြင်ဆင်ထားနိုင်တဲ့ ကဏ္ဍတချို့ကို လေ့လာကြည့်ရအောင်။

၁၆ အချိန်အတိုင်းအတာတစ်ခုအထိ တစ်ကိုယ်ရေဘဝနဲ့ နေနိုင်တယ်။ အိမ်ထောင်ပြုဖို့ အားပေးတဲ့ ယဉ်ကျေးမှုမှာတောင် တချို့က ယေရှုစကားအတိုင်း တစ်ကိုယ်ရေ နေဖို့ ရွေးချယ်ကြတယ်။ (မ. ၁၉:၁၀-၁၂) တချို့ကျတော့ အခြေအနေ အမျိုးမျိုးကြောင့် တစ်ကိုယ်ရေ နေကြရတယ်။ တစ်ယောက်တည်းသမားမို့လို့ ယေဟောဝါနဲ့ ယေရှုရှေ့ တန်ဖိုး လျော့မသွားပါဘူး။ ကမ္ဘာတစ်ဝန်းက အသင်းတော်တွေမှာ တစ်ကိုယ်ရေ ညီအစ်မတွေ ရှိတာ ကောင်းချီးပဲ။ တခြားသူတွေကို ချစ်ပြီး ဂရုစိုက်ပေးတတ်လို့ ညီအစ်ကို/မတွေအတွက် အစ်မလို၊ အမေလို ဖြစ်လာကြတယ်။—မာကု ၁၀:၂၉၊ ၃၀ ကို ဖတ်ပါ။ ၁ တိ. ၅:၂။

၁၇။ အချိန်ပြည့် အမှုဆောင်နိုင်အောင် အခုကတည်းက ညီအစ်မငယ်တွေ ဘယ်လို ပြင်ဆင်ထားနိုင်သလဲ။

၁၇ အချိန်ပြည့် အမှုထမ်း ဖြစ်လာနိုင်တယ်။ ကမ္ဘာတစ်ဝန်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေသူ အများစုဟာ ညီအစ်မတွေပါ။ (ဆာ. ၆၈:၁၁) အချိန်ပြည့် အမှုဆောင်ဖို့ အခုကတည်းက စီစဉ်နိုင်မလား။ ရှေ့ဆောင်၊ ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း၊ ဗေသလ အိမ်သားအဖြစ် အမှုဆောင်နိုင်တယ်။ သင့်ပန်းတိုင်ကို ဘုရားဆီ ပြောပြပါ။ အချိန်ပြည့် အမှုဆောင်နေသူတွေဆီက အကြံတောင်းပါ။ ပန်းတိုင် ရောက်ဖို့ အစီအစဉ် ဆွဲပါ။ အချိန်ပြည့် အမှုဆောင်ရင် ထပ်ဆင့် အမှုဆောင် အခွင့်အလမ်းတွေ ပွင့်လာမယ်။

ညီအစ်မတွေ အုပ်စုလိုက် စကားပြောနေ။ နိုင်ငံတော်ခန်းမ သန့်ရှင်းရေး လုပ်နေတဲ့ ညီအစ်ကိုကို ညီအစ်မတစ်ယောက် သတိထားမိ။

အိမ်ထောင်ပြုဖို့ စိတ်ကူးရှိရင် အိမ်ထောင်ဖက် သေသေချာချာ ရွေးပါ (စာပိုဒ် ၁၈ ကို ကြည့်ပါ)

၁၈။ ဘာကြောင့် အိမ်ထောင်ဖက် သေသေချာချာ ရွေးသင့်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၈ အိမ်ထောင်ပြုဖို့ ရွေးချယ်နိုင်တယ်။ ရှေ့စာပိုဒ်တွေမှာ ဆွေးနွေးခဲ့တဲ့ အရည်အသွေးတွေက အိမ်ထောင်ရှင်မကောင်း ဖြစ်ဖို့ ကူညီပေးမယ်။ အိမ်ထောင်ပြုဖို့ စိတ်ကူးရှိတယ်ဆိုရင် အိမ်ထောင်ဖက် သေသေချာချာ ရွေးပါ။ အရေးကြီး ဆုံးဖြတ်ချက် ဖြစ်လို့ပဲ။ အိမ်ထောင်ပြုရင် ခင်ပွန်း ဦးစီးမှု လက်အောက်ခံရတော့မှာ။ (ရော. ၇:၂။ ဧ. ၅:၂၃၊ ၃၃) ‘သူဟာ ရင့်ကျက်တဲ့ ခရစ်ယာန်လား။ ဘဝမှာ ယေဟောဝါကို ဦးစားထားသလား။ ဆုံးဖြတ်ချက်ကောင်း ချနိုင်သလား။ ကိုယ့်အမှားကိုယ် ဝန်ခံရဲသလား။ အမျိုးသမီးတွေကို လေးစားသလား။ ငါနဲ့ ဘုရား ဆက်ဆံရေး ခိုင်မြဲအောင် ကူညီပေးနိုင်မလား။ ငါ့ကို လုပ်ကျွေးနိုင်မလား။ အဖော်အဖက်ကောင်း ဖြစ်မယ့်ပုံ ပေါ်သလား။ အသင်းတော်မှာ ဘာတာဝန်တွေ ရထားသလဲ။ တာဝန် ကောင်းကောင်း ယူနိုင်သလား’ လို့ စဉ်းစားကြည့်ပါ။ (လု. ၁၆:၁၀။ ၁ တိ. ၅:၈) ခင်ပွန်းကောင်း လိုချင်ရင် ကိုယ်တိုင် ဇနီးကောင်း ဖြစ်အောင် ကြိုးစားရမယ်။

၁၉။ ခင်ပွန်းအတွက် “ကူညီမယ့်သူ” ဖြစ်ရတာ ဇနီးတွေ ဘာကြောင့် ဂုဏ်ရှိသလဲ။

၁၉ ဇနီးကောင်းဟာ ခင်ပွန်းကို “ကူညီမယ့်သူ၊” ခင်ပွန်းနဲ့ “တွဲဖက်ညီသူ” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (က. ၂:၁၈) ဒီလိုဖော်ပြတာ အမျိုးသမီးတွေကို နှိမ်တဲ့ သဘောလား။ မဟုတ်ဘူး။ ဂုဏ်တင်နေတာ။ ယေဟောဝါကို “ကူညီမစရှင်” လို့ ကျမ်းစာမှာ ခေါ်တယ်။ (ဆာ. ၅၄:၄။ ဟီ. ၁၃:၆) ဇနီးဖြစ်သူအနေနဲ့ မိသားစုအတွက် ခင်ပွန်း ဆုံးဖြတ်ချက်တွေ ချနိုင်အောင်၊ ခင်ပွန်းရဲ့ ဆုံးဖြတ်ချက် အရာထင်အောင် ထောက်မပေးတာ၊ ခင်ပွန်း မျက်နှာပန်း လှအောင် နေတာဟာ ကူညီနေတာပဲ။ (ပညာ. ၃၁:၁၁၊ ၁၂။ ၁ တိ. ၃:၁၁) ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးစေခြင်း၊ မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေကို ကူညီပေးခြင်းအားဖြင့် ဇနီးတာဝန်အတွက် အခုကတည်းက ပြင်ဆင်နိုင်တယ်။

၂၀။ မိသားစုမှာ မိခင်ရဲ့ ကဏ္ဍ ဘယ်လောက် အရေးပါသလဲ။

၂၀ မိခင် ဖြစ်လာနိုင်တယ်။ အိမ်ထောင်ပြုပြီးနောက် သားသမီး ရလာနိုင်တယ်။ (ဆာ. ၁၂၇:၃) ဒါကြောင့် မိခင်ကောင်း ဖြစ်ဖို့ ဘာလိုသလဲ ကြိုစဉ်းစားထားပါ။ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ အရည်အသွေးတွေ၊ အတတ်ပညာတွေက ဇနီးကောင်း၊ မိခင်ကောင်း ဖြစ်ဖို့ ကူညီပေးနိုင်တယ်။ မေတ္တာ၊ ကြင်နာမှု၊ စိတ်ရှည်မှုသာ ရှိရင် သင့်မိသားစုဟာ လုံခြုံပြီး မေတ္တာ လွှမ်းခြုံတဲ့ ရိပ်မြုံလေး ဖြစ်လာမယ်။—ပညာ. ၂၄:၃။

ရုပ်ပုံ– အစောပိုင်းမှာ ပါတဲ့ ညီအစ်မငယ်တွေ ဘုရားရေးရာ လုပ်ဆောင်မှုတွေမှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်နေကြ။ ၁။ တွေးတောဆင်ခြင်တဲ့ ညီအစ်မ ကျမ်းစာ ကိုင်ရင်း ယုံကြည်စိတ်ချမှုရှိရှိ ပြုံးနေ။ ၂။ ဈေးသည်ကို ဈေးဆစ်တဲ့ ညီအစ်မ ဗေသလ ထမင်းစားပွဲ ပြင်နေ။ ၃။ စာစောင် ဖတ်တဲ့ ညီအစ်မ အမှုဆောင်မှာ ကျမ်းစာ ဖတ်ပြနေ။ ၄။ နိုင်ငံတော် ခန်းမမှာ တစ်ကိုယ်ရေ ညီအစ်ကိုကို သတိထားမိတဲ့ ညီအစ်မ သက်ကြီးညီအစ်မနဲ့အတူ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေ။

ကျမ်းစာကနေ သင်ယူတဲ့၊ သိလာတာတွေ လက်တွေ့ကျင့်တဲ့ အမျိုးသမီးငယ်များစွာ ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်လာ (စာပိုဒ် ၂၁ ကို ကြည့်ပါ)

၂၁။ ညီအစ်မတွေနဲ့ပတ်သက်ပြီး သင် ဘယ်လို ခံစားရသလဲ။ ဘာကြောင့်လဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၂၁ လူငယ် ညီအစ်မတို့၊ သင်တို့ဟာ ကိုယ်တိုင်နဲ့ တခြားသူတွေကို အကျိုးပြုမယ့် အရည်အသွေးတွေ၊ အတတ်ပညာတွေ သင်နေကြတယ်။ အနာဂတ်မှာ ရလာနိုင်တဲ့ တာဝန်တွေအတွက် ပြင်ဆင်နေကြတယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေအတွက် သင်တို့ လုပ်သမျှ ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ (ဟီ. ၆:၁၀) သင်တို့ဟာ ယေဟောဝါရဲ့ အဖွဲ့အစည်းအတွက် တကယ့် အဖိုးတန် ရတနာတွေပါပဲ။

သင် ဘယ်လို ဖြေမလဲ

  • ၁ တိမောသေ ၂:၉၊ ၁၀ ကနေ ဘာသိရသလဲ။

  • ပညာအလိမ္မာ ၃၁:၂၆ ကနေ ဘာသိရသလဲ။

  • မာကု ၁၀:၂၉၊ ၃၀ ကနေ ဘာသိရသလဲ။

သီချင်း ၁၃၇ သစ္စာရှိ အမျိုးသမီးများ

a ညီအစ်မငယ်တို့၊ သင်တို့ဟာ အသင်းတော်အတွက် သိပ်အဖိုးတန်တယ်။ အရည်အသွေးကောင်းတွေ ရှိအောင် ကြိုးစားခြင်း၊ လက်တွေ့ အသုံးချပညာ သင်ခြင်း၊ အနာဂတ် တာဝန်တွေအတွက် ပြင်ဆင်ခြင်းအားဖြင့် ရင့်ကျက်တဲ့ ခရစ်ယာန်တွေ ဖြစ်လာနိုင်တယ်။ ရင့်ကျက်လာတာနဲ့အမျှ ဘုရားအမှုတော်မှာ ကောင်းချီး အလျှံပယ် ခံစားရမယ်။

b စကားလုံး ရှင်းလင်းချက်။ ရင့်ကျက်တဲ့ ခရစ်ယာန်ဟာ လောက အတွေးအခေါ် မဟုတ်ဘဲ ဘုရားစွမ်းအားတော် လမ်းညွှန်တဲ့အတိုင်း လုပ်တယ်။ ယေရှု စံနမူနာကို အတုယူတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မြဲအောင် ကြိုးစားတယ်။ တခြားသူတွေကို ကိုယ်ကျိုးစွန့် မေတ္တာ ပြတယ်။

c ၂၀၂၁၊ ဖေဖော်ဝါရီလ ကင်းမျှော်စင် စာ. ၁၄-၁၉ ကို ကြည့်ပါ။

d စာဖတ်တတ်ဖို့ ဘာကြောင့် အရေးကြီးကြောင်း ထပ်သိချင်ရင် jw.org မှာ တင်ထားတဲ့ “ကလေးတွေ စာဖတ်ဖို့ ဘာကြောင့် အရေးကြီးသလဲ—အပိုင်း ၁။ ဖတ်မလား၊ ကြည့်မလား” ဆောင်းပါးကို ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ