ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ ဩဂုတ် စာ. ၂၆-၃၀
  • အရှက်အကြောက် ကြီးပေမဲ့ သာသနာပြု ဖြစ်လာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အရှက်အကြောက် ကြီးပေမဲ့ သာသနာပြု ဖြစ်လာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အချိန်ပြည့် စအမှုဆောင်
  • သာသနာပြု ဖြစ်ချင်လာ
  • စစ်ဘေးသင့်နိုင်ငံမှာ အမှုဆောင်ခြင်း
  • တာဝန်သစ်
  • ကျန်းမာရေး ပြဿနာတွေ ကြုံခဲ့ရ
  • ယေဟောဝါရဲ့ ထောက်မပေးမှုအတွက် ကျေးဇူးတင်ပါတယ်
  • ဘူလ်ဂေးရီးယား အထူးကင်ပိန်း အောင်မြင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အပြင်ပန်းအသွင်အပြင်သာ သင်ကြည့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ယေဟောဝါက ‘ကျွန်တော့်ရဲ့ လမ်းခရီးတွေကို ဖြောင့်ဖြူးစေ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ယေဟောဝါ၏အမှုတော်ထမ်းရန် သန္နိဋ္ဌာန်ချခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ ဩဂုတ် စာ. ၂၆-၃၀
မာရီယားနား ဗက်ထော့ဇ်။

ဘဝအတ္ထုပ္ပတ္တိ

အရှက်အကြောက် ကြီးပေမဲ့ သာသနာပြု ဖြစ်လာ

မာရီယားနား ဗက်ထော့ဇ် ပြောပြတယ်

ကျွန်မ ငယ်ငယ်တုန်းက အရမ်းရှက်တတ်တယ်၊ လူကြောက်တယ်။ ဒါပေမဲ့ ယေဟောဝါဘုရား ကူညီပေးလို့ လူတွေကို ချစ်တတ်တဲ့ သာသနာပြု ဖြစ်လာတယ်။ ဦးဆုံးအနေနဲ့ အဖေ့ရဲ့ လမ်းပြသွန်သင်မှုကတစ်ဆင့်၊ အဲဒီနောက် ၁၆ နှစ်အရွယ် ညီအစ်မတစ်ယောက်ရဲ့ စံနမူနာကတစ်ဆင့်၊ နောက်တော့ ကျွန်မခင်ပွန်းရဲ့ စိတ်ရှည်ကြင်နာမှု ရှိတဲ့ စကားတွေကတစ်ဆင့် ယေဟောဝါ ကူညီပေးခဲ့တာပါ။ အသေးစိတ် ရှင်းပြပါရစေ။

၁၉၅၁ ခုနှစ်၊ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့က ကက်သလစ်မိသားစုမှာ ကျွန်မ မွေးလာတယ်။ တအားရှက်တတ်လို့ တခြားသူတွေကို ကိုယ့်အကြောင်း မပြောဖြစ်ပေမဲ့ ဘုရားသခင်ကိုတော့ ဆုတောင်းပြောပြဖြစ်တယ်။ ကျွန်မ အသက် ၉ နှစ်မှာ ယေဟောဝါသက်သေတွေနဲ့ အဖေ ကျမ်းစာ စလေ့လာတယ်။ နောက်တော့ အမေလည်း အတူတူ လေ့လာတယ်။

ညီမလေး အဲလိဇဘက်နဲ့အတူ (အနောက်)

သိပ်မကြာခင်မှာပဲ ဗီယင်နာမြို့၊ ဒူဘလင်းအသင်းတော်နဲ့ ကျွန်မတို့ ပူးပေါင်းတယ်။ ကျွန်မတို့မိသားစုက ဘာလုပ်လုပ် အတူတူပဲ။ ကျမ်းစာဖတ်ကြတယ်။ အသင်းတော်အစည်းအဝေးတွေ တက်ကြတယ်။ တိုက်နယ်အစည်းအဝေးတွေမှာ လုပ်အားပေးကြတယ်။ ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်တတ်လာဖို့ ကျွန်မကို အဖေ အစွမ်းကုန် သွန်သင်ပေးတဲ့အချိန်ပေါ့။ ကျွန်မနဲ့ ညီမလေး ရှေ့ဆောင်ဖြစ်လာဖို့ အဖေ အမြဲ ဆုတောင်းတယ်။ အဖေကသာ ဆုတောင်းတာ ကျွန်မ ရှေ့ဆောင်မလုပ်ချင်ဘူး။

အချိန်ပြည့် စအမှုဆောင်

၁၉၆၅ ခုနှစ်၊ ကျွန်မ အသက် ၁၄ နှစ်မှာ နှစ်ခြင်းခံလိုက်တယ်။ ဒါပေမဲ့ သူစိမ်းတွေကို ဟောပြောရတာ သိပ်ခက်တာပဲ။ ပြီးတော့ ကျွန်မက သိမ်ငယ်တတ်တယ်။ ရွယ်တူတွေကြားမှာ လူဝင်ဆံ့ချင်မိတယ်။ ဒါနဲ့ နှစ်ခြင်းခံပြီး သိပ်မကြာခင်မှာပဲ ယေဟောဝါကို ဝတ်မပြုသူတွေနဲ့ အချိန်အများကြီး ပေးပြီး ပေါင်းသင်းလာတယ်။ ပျော်သလိုလို ရှိပေမဲ့ သိစိတ်က မကြည်၊ တစ်ဖက်မှာ အပေါင်းအသင်းတွေကို ဖြတ်ကလည်း မဖြတ်နိုင်နဲ့။

မာရီယားနားနဲ့ ဒေါ်ရသီ။

ဒေါ်ရသီဆီကနေ အများကြီး သင်ယူခဲ့ရ (ဘယ်ဘက်)

အဲဒီအချိန်လောက်မှာပဲ ဒေါ်ရသီလို့ ခေါ်တဲ့ ၁၆ နှစ်အရွယ် ကောင်မလေးတစ်ယောက် ကျွန်မတို့အသင်းတော်မှာ ကြေညာသူ ဖြစ်လာတယ်။ တစ်အိမ်တက်ဆင်း အမှုဆောင်လုပ်ငန်းမှာ သူ တက်ကြွတာကို ကြည့်ပြီး အံ့ဩမိတယ်။ သူ့ထက် ကျွန်မ မဆိုစလောက် အသက်ပိုကြီးတယ်။ ဒါပေမဲ့ အမှုဆောင်မှာ သူ့လောက် မတက်ကြွဘူး ဖြစ်နေတယ်။ ‘ငါ့မှာက အဖေကော အမေကော သက်သေခံ။ ဒေါ်ရသီကျတော့ တစ်ယောက်တည်း သက်သေခံ ဖြစ်လာတာ။ ပြီးတော့ မကျန်းမာတဲ့ အမေကို ပြုစုနေရတာ။ ဒါတောင် အမြဲ အမှုဆောင်ထွက်ပါလား’ လို့ စဉ်းစားမိတယ်။ သူ့စံနမူနာကြောင့်ပဲ အမှုတော်မှာ ကျွန်မ ပိုပါဝင်ချင်သွားတာ။ သိပ်မကြာခင်မှာ ဒေါ်ရသီနဲ့ ကျွန်မ အတွဲမိသွားပြီး အတူတူ အရန်ရှေ့ဆောင်လုပ်ကြတယ်။ နောက်တော့ မှန်မှန်ရှေ့ဆောင်လုပ်ကြတယ်။ ဒေါ်ရသီရဲ့ ထက်သန်မှုက ကျွန်မဆီ ကူးစက်လာတယ်။ ပထမဆုံး သင်အံမှု စနိုင်ဖို့လည်း သူပဲ ကူညီပေးတာ။ ဒီလိုနဲ့ အိမ်တံခါးဝဖြစ်ဖြစ်၊ လမ်းပေါ်ဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကျွန်မ တဖြည်းဖြည်း ဟောပြောရဲလာတယ်။

ကျွန်မ မှန်မှန်ရှေ့ဆောင်လုပ်တဲ့ ပထမနှစ်မှာပဲ အသင်းတော်ကို အထူးရှေ့ဆောင်တာဝန်နဲ့ ဟိုင့်ဇ်လို့ ခေါ်တဲ့ ညီအစ်ကို ရောက်လာတယ်။ ကနေဒါနိုင်ငံက သက်သေခံအစ်ကိုဆီ သွားလည်ရင်း အမှန်တရား သိလာတာတဲ့။ မြင်မြင်ချင်းပဲ သူ့ကို ကျွန်မ သဘောကျသွားတယ်။ ဒါပေမဲ့ သူက သာသနာပြု ဖြစ်ချင်တဲ့သူဆိုတော့ ကျွန်မခံစားချက်တွေ ဖုံးဖိလိုက်တယ်။ သာသနာပြုလုပ်ဖို့ ကျွန်မ စိတ်ကူး လုံးဝမရှိလို့လေ။ နောက်တော့လည်း နှစ်ယောက်သား ကြိုက်သွားတာပါပဲ။ လက်ထပ်လိုက်ပြီး ဩစတြီးယားမှာပဲ အတူတူ ရှေ့ဆောင်လုပ်ကြတယ်။

သာသနာပြု ဖြစ်ချင်လာ

သာသနာပြု ဖြစ်ချင်တဲ့အကြောင်း ဟိုင့်ဇ် ခဏခဏ ပြောတယ်။ တစ်ခါမှတော့ ကျွန်မကို ဖိအားမပေးဘူး။ ဒါပေမဲ့ “ကိုတို့မှာ သားသမီး မရှိဘူးဆိုတော့ ယေဟောဝါအတွက် ဒီ့ထက်ပိုပြီး အမှုဆောင်နိုင်မယ်လို့ မထင်ဘူးလား” ဆိုပြီး မေးတတ်တယ်။ ရှက်တတ်တဲ့ ကျွန်မစရိုက်ကြောင့် သာသနာပြုလုပ်ရမှာ ကြောက်နေတာ။ ရှက်တတ်တဲ့ကြားကပဲ ရှေ့ဆောင်လုပ်နေပြီ ဆိုပေမဲ့ သာသနာပြုကျတော့ မတူဘူးလေ။ ဒါပေမဲ့ ပန်းတိုင် ရှိလာဖို့ ဟိုင့်ဇ် စိတ်ရှည်ရှည် ကူညီပေးတယ်။ လူကြောက်တာကို အရမ်းအာရုံမစိုက်ဘဲ သူတို့ကို ဘယ်လို ကူညီပေးရမလဲဆိုတာ ပိုအာရုံစိုက်ဖို့ အားပေးတယ်။ တကယ် လက်တွေ့ကျတဲ့ အကြံပါပဲ။

၁၉၇၄ ခုနှစ်၊ ဩစတြီးယားနိုင်ငံ၊ ဆော့ဇ်ဘာ့ဂ်မြို့က ဆာဘို-ခရိုအေးရှားစကားပြော အသင်းတော်မှာ ဟိုင့်ဇ် ကင်းမျှော်စင် သင်တန်း ကိုင်နေ

ကျွန်မ သာသနာပြု ဖြစ်ချင်စိတ် တစ်စတစ်စ တိုးများလာတာနဲ့ ဂိလဒ်သင်တန်း လျှောက်ကြတယ်။ အင်္ဂလိပ်စကားပြော တိုးတက်လာအောင် အရင်ကြိုးစားပါဆိုပြီး ကျွန်မကို ဌာနခွဲအမှုထမ်းက အကြံပေးတယ်။ အင်္ဂလိပ်စကားပြော တိုးတက်လာအောင် သုံးနှစ်လောက်လည်း ကြိုးစားပြီးရော ဩစတြီးယား၊ ဆော့ဇ်ဘာ့ဂ်မြို့က ဆာဘို-ခရိုအေးရှား စကားပြောအသင်းတော်မှာ အမှုဆောင်ရမယ်ဆိုလို့ တော်တော်အံ့ဩသွားတယ်။ ဆာဘို-ခရိုအေးရှား စကားပြောလယ်ကွင်းမှာ ကျွန်မတို့ ၇ နှစ် အမှုဆောင်ကြတယ်။ ၁ နှစ်က တိုက်နယ်လုပ်ငန်းမှာ။ ဆာဘို-ခရိုအေးရှားစကားက တော်တော်ခက်တယ်။ ဒါပေမဲ့ ကျမ်းစာသင်အံမှုတွေ ရလာတာမှ အများကြီးပဲ။

၁၉၇၉ ခုနှစ်မှာ “အလည်အပတ်” လို့ ခေါင်းစဉ်တပ်ပြီး ဘူလ်ဂေးရီးယားနိုင်ငံ သွားဖို့ ကျွန်မတို့ တာဝန်ရတယ်။ အဖွဲ့အစည်းလုပ်ငန်း ပိတ်ပင်ခံထားရလို့ ဒီခရီးစဉ်မှာ လုံးဝ မဟောပြောဖို့ ညီအစ်ကိုတွေ မှာလိုက်ကြတယ်။ ပြီးတော့ အရွယ်အစား သေးသေးလေး ဖြစ်အောင် လုပ်ထားတဲ့ ကျမ်းစာစာပေတွေကို မြို့တော်ဆိုဖီယာမှာ နေတဲ့ ညီအစ်မငါးယောက်အတွက် လျှို့ဝှက်ယူသွားခိုင်းတယ်။ ကြောက်တော့ ကြောက်ပေမဲ့ ယေဟောဝါ ကူညီပေးလို့ အဆင်ပြေသွားပါတယ်။ အချိန်မရွေး ထောင်ချခံရနိုင်ပေမဲ့ အဲဒီညီအစ်မတွေ သတ္တိရှိနေတာ၊ ပျော်နေတာကို ကြည့်ပြီး ကျွန်မလည်း အဖွဲ့အစည်းက ဘာတာဝန်ပဲ ပေးပေး အကောင်းဆုံး လုပ်ဖို့ သတ္တိရှိလာတယ်။

အဲဒီအတောအတွင်း ကျွန်မတို့ ဂိလဒ်သင်တန်း ထပ်လျှောက်တယ်။ ဒီတစ်ခါတော့ ဖိတ်ခေါ်ခံရတယ်။ အမေရိကန်ပြည်ထောင်စုမှာ အင်္ဂလိပ်လို ကျင်းပတဲ့ သင်တန်း တက်ရမယ် ထင်နေတာ။ ဒါပေမဲ့ ၁၉၈၁၊ နိုဝင်ဘာလမှာ အဖွဲ့အစည်းက ဂျာမနီနိုင်ငံမှာလည်း ဂိလဒ်သင်တန်း စကျင်းပတယ်။ ဗီးစ်ဘာဒန်မြို့က ဌာနခွဲမှာ ဂျာမန်စကားနဲ့ တက်ရတော့ ကျွန်မအတွက် ပိုအဆင်ပြေသွားတာပေါ့။ ဘယ်မှာ တာဝန်ကျမှာပါလိမ့်။

စစ်ဘေးသင့်နိုင်ငံမှာ အမှုဆောင်ခြင်း

ကျွန်မတို့ ကင်ညာနိုင်ငံမှာ တာဝန်ကျတယ်။ ဒါပေမဲ့ အိမ်နီးချင်း ယူဂန္ဓာနိုင်ငံမှာ အမှုဆောင်နိုင်မလားလို့ ကင်ညာဌာနခွဲရုံးက မေးလာတယ်။ ယူဂန္ဓာမှာ ဗိုလ်ချုပ် အီဒီအာမင်း အာဏာသိမ်းထားတာ ဆယ်နှစ်ကျော်ပြီ။ အီဒီအာမင်းရဲ့ အာဏာရှင်စနစ်အောက်မှာ လူထောင်သောင်းချီ အသတ်ခံရတယ်။ လူသန်းချီ ဘဝပျက်သွားတယ်။ နောက်တော့ ၁၉၇၉ ခုနှစ်မှာ အတိုက်အခံအုပ်စုက အီဒီအာမင်းဆီကနေ အာဏာပြန်သိမ်းလိုက်တယ်။ ဒီလိုကသောင်းကနင်း ဖြစ်နေတဲ့ နိုင်ငံမှာ သွားအမှုဆောင်ဖို့ ကျွန်မ ဘယ်လောက် ကြောက်နေမယ်ဆိုတာ ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားတတ်ဖို့ ဂိလဒ်သင်တန်းက အသင့်ပြင်ပေးထားတာမို့ သွားအမှုဆောင်ဖို့ လက်ခံလိုက်တယ်။

ယူဂန္ဓာမှာ တော်တော်လေး ကသောင်းကနင်းဖြစ်နေတာ။ “ရေ၊ မီး၊ ဆက်သွယ်ရေးစနစ် အကုန်ပြတ်တောက်နေတယ်။ . . . အထူးသဖြင့် ညဘက်တွေမှာ ပစ်ကြခတ်ကြ၊ ခိုးကြလုကြနဲ့။ . . . ညနေ မှောင်လာပြီဆိုရင် အားလုံး အိမ်ထဲမှာပဲ နေတော့တယ်။ အိမ်ဖောက်မခံရပါစေနဲ့၊ အသတ်မခံရပါစေနဲ့လို့ ဆုတောင်းရင်း တစ်ညတစ်ည ဖြတ်သန်းကြရတာ” ဆိုပြီး ၂၀၁၀ နှစ်ချုပ်စာအုပ် မှာ ဟိုင့်ဇ် ပြောပြထားသေးတယ်။ အခြေအနေတွေ တော်တော်ဆိုးပေမဲ့ ညီအစ်ကို/မတွေ ယုံကြည်ခြင်း သိပ်ခိုင်မာကြတာပဲ။

ဝိုက်ဇ်ဝါမိသားစုရဲ့ အိမ်မှာ ချက်ပြုတ်ဖို့ ပြင်ဆင်နေ

၁၉၈၂ ခုနှစ်မှာ ဟိုင့်ဇ်နဲ့ ကျွန်မ ယူဂန္ဓာ၊ မြို့တော်ကန်ပါလာကို ရောက်လာတယ်။ ရောက်ရောက်ချင်း ငါးလမှာ ဆမ်နဲ့ ခရစ္စတင်း ဝိုက်ဇ်ဝါတို့အိမ်မှာ နေတယ်။ သူတို့ရဲ့ ကလေးငါးယောက်၊ အမျိုးလေးယောက်နဲ့ အတူပေါ့။ တစ်ခါတလေဆိုရင် သူတို့ တစ်ရက်တစ်နပ်ပဲ စားကြတာ။ ဒါတောင် သူတို့ စားမယ့်အထဲက ကျွန်မတို့ကို မျှကျွေးကြတာဆိုတော့ တော်ရုံ ဧည့်ဝတ်ကျေတာ မဟုတ်ဘူး။ သူတို့နဲ့ အတူနေရင်း သင်ယူရတာတွေ အများကြီးပဲ။ ဥပမာ၊ ရေချွေတာနည်းတွေ သိလာတယ်။ ရေနည်းနည်းနဲ့ ချိုးတာမျိုး၊ ချိုးရေကို အိမ်သာရေချဖို့ ပြန်သုံးတာမျိုးပေါ့။ နောက်တော့ ကန်ပါလာမြို့ထဲက အတော်လေး လုံလုံခြုံခြုံ ရှိတဲ့ နေရာမှာ ကျွန်မတို့ အိမ်ရသွားတယ်။

ကန်ပါလာမှာ အမှုဆောင်ရတာ သိပ်ပျော်ဖို့ကောင်းတယ်။ တစ်လတည်းမှာ မဂ္ဂဇင်း စောင်ရေ ၄,၀၀၀ ဝေရတာ မှတ်မိသေးတယ်။ စာစောင်တွေ ဝေနိုင်တာထက် လူတွေ အမှန်တရား လက်ခံတာ မြင်ရတဲ့အခါ သိပ်ပျော်ရတယ်။ ဒေသခံတွေက ဘုရားတရား ကိုင်းရှိုင်းကြတယ်။ ကျမ်းစာအကြောင်း ဆွေးနွေးချင်ကြတယ်။ ဟိုင့်ဇ်နဲ့ ကျွန်မ တစ်ယောက်ကို ကျမ်းစာသင်အံမှု ၁၀ ခုကနေ ၁၅ ခုအထိ ပုံမှန်ကျင်းပရတယ်။ ကျမ်းစာသင်သားတွေဆီကနေလည်း အများကြီး သင်ယူရတယ်။ ဥပမာ၊ သူတို့က အပတ်တိုင်း လမ်းလျှောက်ပြီး အစည်းအဝေး အသွားအပြန် လုပ်ကြတယ်။ ညည်းညူတာ တစ်ခါမှ မကြားရဘူး။ အမြဲ ပြုံးနေတာပဲ။

၁၉၈၅ နဲ့ ၁၉၈၆ ခုနှစ်မှာ ယူဂန္ဓာမှာ စစ်နှစ်ခါ ထပ်ဖြစ်တယ်။ ရိုင်ဖယ်သေနတ် ကိုင်ထားတဲ့ ကလေးစစ်သားတွေကို စစ်ဆေးရေးဂိတ်တွေမှာ တွေ့ရတတ်တယ်။ အမှုဆောင်လုပ်ငန်းမှာ ပိုင်းခြားသိမြင်မှု ရှိဖို့၊ အန္တရာယ်ကို ရှောင်တတ်ဖို့၊ အကြောက်မလွန်ဖို့ ဆုတောင်းရတယ်။ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးတယ်။ အမှန်တရား စိတ်ဝင်စားသူတစ်ယောက်လောက် တွေ့ရင်ကို ကျွန်မတို့ ကြောက်တာလန့်တာတွေ မေ့သွားတော့တာပဲ။

တီတရာနာ (အလယ်) နဲ့ ကျွန်မတို့ ဇနီးမောင်နှံ

ယူဂန္ဓာကို ပြောင်းလာတဲ့ တိုင်းတစ်ပါးသားတွေကိုလည်း ဟောပြောခွင့်ရတယ်။ ဥပမာ၊ ရုရှားအလယ်ပိုင်း တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက မူရတ်နဲ့ ဒေလ်ဘာ အိုင်ဘာတာလင် မောင်နှံစုံကို ကျွန်မတို့ ကျမ်းစာသင်ပေးခွင့်ရတယ်။ မူရတ်က ဆရာဝန်။ လင်မယားနှစ်ယောက်စလုံး အမှန်တရားထဲ ရောက်လာပြီး ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုနေကြတယ်။ နောက်တော့ ယူကရိန်းနိုင်ငံက တီတရာနာ ဗလစ်စကာဆိုတဲ့ အမျိုးသမီးနဲ့ ကျွန်မ ဆုံတယ်။ တီတရာနာက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ တွေးနေတာ။ နှစ်ခြင်းခံပြီးသွားတော့ ယူကရိန်းကို သူ ပြန်သွားတယ်။ ကျမ်းစာစာပေတွေကို ယူကရိန်းစကားနဲ့ ဘာသာပြန်ရာမှာ ကူညီပေးတယ်။

တာဝန်သစ်

၁၉၉၁ ခုနှစ်မှာ ဩစတြီးယားကို ဟိုင့်ဇ်နဲ့ ကျွန်မ ပြန်သွားလည်တုန်း ဩစတြီးယားဌာနခွဲက ဆက်သွယ်လာတယ်။ ဘူလ်ဂေးရီးယားမှာ သွားအမှုဆောင်ပါတဲ့။ ဥရောပနိုင်ငံ တော်တော်များများမှာ ဟောပြောခြင်းလုပ်ငန်း ပိတ်ပင်ထားတာ နှစ်တော်တော် ကြာပြီ။ ဒါပေမဲ့ ကွန်မြူနစ်စနစ် ကျဆုံးပြီးနောက် ဟောပြောခွင့် ပြန်ရလာတယ်။ ဒါကြောင့် ကျွန်မတို့ကို ဘူလ်ဂေးရီးယား လွှတ်တာ။ ဘူလ်ဂေးရီးယားဆိုတာ လုပ်ငန်းပိတ်ပင်ခံထားရတုန်း ကျွန်မတို့ စာပေတွေ လျှို့ဝှက်ယူသွားပေးရတဲ့ နိုင်ငံလေ။

ယူဂန္ဓာကို ပြန်မသွားဘဲ ဘူလ်ဂေးရီးယားကို တန်းသွားဖို့ ညီအစ်ကိုတွေ ညွှန်ကြားလာတယ်။ ဒါကြောင့် ပစ္စည်းတွေ ထုပ်ပိုးခွင့်၊ မိတ်ဆွေတွေကို နှုတ်ဆက်ခွင့် မရလိုက်ဘဲ ဂျာမနီဗေသလကို သွား၊ ကားယူပြီး ဘူလ်ဂေးရီးယားကို မောင်းလာကြတယ်။ ဆိုဖီယာမြို့က ကြေညာသူ အယောက် ၂၀ လောက် ရှိတဲ့ အုပ်စုမှာ အမှုဆောင်ရတယ်။

တာဝန်သစ်နဲ့အတူ အခက်အခဲသစ်တွေ ပါလာတယ်။ တစ်ခုကတော့ ဘာသာစကားအခက်အခဲပါ။ ပြီးတော့ ဘူလ်ဂေးရီးယားစကားနဲ့ ရတဲ့ စာပေဆိုလို့ ထာဝရအသက်သို့ ပို့ဆောင်သော သမ္မာတရား နဲ့ ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ် နှစ်မျိုးပဲ ရှိတယ်။ ကျမ်းစာသင်အံမှု ရှာရတာလည်း ခက်သလား မမေးနဲ့။ အခက်အခဲတွေ ရှိပေမဲ့ ညီအစ်ကို/မတွေနဲ့အတူ ကျွန်မတို့ ဇွဲမလျှော့ဘဲ ဟောပြောကြတယ်။ တကယ့်ပြဿနာက ကျွန်မတို့ကို သြသဒေါက်ချာ့ချ် စပြီး သတိထားမိလာတဲ့အချိန်ပဲ။

၁၉၉၄ ခုနှစ်မှာ ယေဟောဝါသက်သေတွေကို အစိုးရက တရားဝင်ဘာသာအဖြစ် အသိအမှတ်မပြုတော့ဘူး။ ကျွန်မတို့ကို အန္တရာယ်ရှိတဲ့ ဂိုဏ်းလို့ လူတွေ သဘောထားလာကြတယ်။ ညီအစ်ကိုတချို့ အဖမ်းခံကြရတယ်။ သက်သေခံတွေက ကိုယ့်သားသမီးတွေကို သွေးမသွင်းဘဲ အသေခံတယ်၊ အသင်းသားတွေကို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဆွယ်တယ် စသဖြင့် သတင်းစာမှာ၊ တီဗီမှာ မဟုတ်မမှန်သတင်းတွေ လွှင့်ကြတယ်။ ဒါကြောင့် ဟောပြောဖို့ ပိုခက်လာတယ်။ အမှုဆောင်ထွက်တဲ့အခါ ကျွန်မတို့ကို လူတွေ ဒေါသတကြီး အော်ကြတယ်၊ ရဲတိုင်ကြတယ်၊ ပစ္စည်းတွေနဲ့ ပေါက်ကြတယ်။ စာပေတွေ မရနိုင်တော့ဘူး။ အစည်းအဝေးခန်းမ ငှားဖို့ ခက်လာတယ်။ တစ်ခေါက်ကဆိုရင် ခရိုင်အစည်းအဝေး လုပ်နေတုန်း ရဲတွေ ဝင်လာကြတယ်။ ဟိုင့်ဇ်နဲ့ ကျွန်မ ဒီလောက်ခါးခါးသီးသီး ဆက်ဆံမခံရဖူးဘူး။ ကျမ်းစာစိတ်ဝင်စားသူတွေ များတဲ့ ယူဂန္ဓာနဲ့ ကွာလိုက်တာ။

ညီအစ်ကို/မတွေနဲ့ အချိန်ပေး ပေါင်းသင်းလို့သာ ကျွန်မတို့ ပျော်ပျော်ရွှင်ရွှင် ခံရပ်နိုင်တာ။ ညီအစ်ကို/မတွေက အမှန်တရားကို ချစ်မြတ်နိုးကြတယ်။ ကျွန်မတို့ အတူရှိနေပေးပြီး ကူညီပေးတာကို တန်ဖိုးထားကြတယ်။ ကျွန်မတို့ အချင်းချင်း ဖေးမကြတယ်။ အခက်အခဲထက် လူတွေကို အာရုံစိုက်ရင် ဘယ်တာဝန်မှာမဆို ပျော်နိုင်တယ်ဆိုတာ သင်ယူလိုက်ရတယ်။

မာရီယားနားနဲ့ ဟိုင့်ဇ် ဗက်ထော့ဇ်။

၂၀၀၇ ခုနှစ်၊ ဘူလ်ဂေးရီးယားဌာနခွဲမှာ

အခြေအနေ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာတယ်။ ၁၉၉၈ ခုနှစ်မှာ ယေဟောဝါသက်သေတွေကို အစိုးရက တရားဝင်ဘာသာအဖြစ် ပြန်အသိအမှတ်ပြုတယ်။ ကျမ်းစာစာပေ တော်တော်များများ ဘူလ်ဂေးရီးယားစကားနဲ့ ရလာတယ်။ ၂၀၀၄ ခုနှစ်မှာ ဌာနခွဲအဆောက်အအုံသစ် ဆက်ကပ်အပ်နှံတယ်။ ၂၀၂၄ ခုနှစ်မှာ အောက်မေ့ရာအစီအစဉ် တက်ရောက်သူ စုစုပေါင်း ၆,၄၇၅ ယောက် ရှိတယ်။ အခုဆိုရင် ဘူလ်ဂေးရီးယားမှာ အသင်းတော် ၅၇ ခု၊ ကြေညာသူ ၂,၉၅၃ ယောက် ရှိနေပြီ။ ဆိုဖီယာမြို့မှာ ညီအစ်မငါးယောက်ပဲ ရှိခဲ့ရာကနေ အသင်းတော် ၉ ခု ရှိနေပြီ။ “လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာ” တာကို ကျွန်မတို့ မြင်တွေ့ခွင့်ရတယ်။—ဟေရှာ. ၆၀:၂၂။

ကျန်းမာရေး ပြဿနာတွေ ကြုံခဲ့ရ

ကျွန်မ ကျန်းမာရေး တော်တော်ချူချာလာတယ်။ အကျိတ်တွေ ခဏခဏ တွေ့တယ်။ တစ်ခေါက်ကဆိုရင် ဦးနှောက်မှာ တွေ့တာ။ ဓာတ်ရောင်ခြည်ကုထုံး ခံယူတယ်။ အိန္ဒိယနိုင်ငံ သွားပြီး ၁၂ နာရီကြာ ခွဲစိတ်ရတယ်။ အကျိတ် ခွဲထုတ်ပေမဲ့ အကုန်တော့ ပါမသွားဘူး။ ခွဲစိတ်မှု ခံယူပြီးနောက် တော်တော်လေး သက်သာလာတဲ့အထိ အိန္ဒိယဌာနခွဲမှာ နေတယ်။ ပြီးတော့ ဘူလ်ဂေးရီးယားကို ပြန်လာတယ်။

အဲဒီအချိန်မှာပဲ ဟိုင့်ဇ်ခမျာ ရှားပါးရောဂါတစ်မျိုး ခံစားလာရတယ်။ ရောဂါကြောင့် သူ လမ်းလျှောက်ရတာ၊ စကားပြောရတာ၊ ကြွက်သားတွေ ထိန်းချုပ်ရတာ ခက်လာတယ်။ ရောဂါရင့်လာတာနဲ့အမျှ ကျွန်မကို ပိုမှီခိုလာရတယ်။ သူ့ကို မပြုစုနိုင်တော့ရင် ဒုက္ခပါပဲလို့ တွေးမိသွားတဲ့အခါမျိုးမှာ ကျွန်မ သိပ်စိတ်မောတာပဲ။ ဒါပေမဲ့ ဘိုဘီလို့ ခေါ်တဲ့ ညီအစ်ကိုလေးက ဟိုင့်ဇ်ကို အမှုဆောင် ခေါ်သွားပေးတတ်တယ်။ စကားကောင်းကောင်း မပြောနိုင်တဲ့၊ ခြေတွေလက်တွေ မထိန်းချုပ်နိုင်တဲ့ ဟိုင့်ဇ်ကို ခေါ်သွားရတာ ဘိုဘီ မရှက်ဘူး။ အကူအညီ လိုအပ်တဲ့အချိန်ဆိုရင် ဘိုဘီ အမြဲပေါ်လာတယ်။ ဘုရားအမှု ပိုဆောင်နိုင်ဖို့ ဒီလောကစနစ်မှာ သားသမီး မယူတဲ့ ကျွန်မတို့အတွက် ဘိုဘီကို သားအဖြစ် ယေဟောဝါ ပေးလိုက်သလိုပါပဲ။—မာ. ၁၀:၂၉၊ ၃၀။

နောက်တော့ ဟိုင့်ဇ် ကင်ဆာရောဂါပါ ခံစားလာရတယ်။ ၂၀၁၅ ခုနှစ်မှာ ဆုံးသွားရှာတယ်။ သူ့ကို သိပ်သတိရတာပဲ။ ကျွန်မကို အမြဲအားပေးတတ်တဲ့ ဟိုင့်ဇ် မရှိတဲ့ဘဝမှာ ဘယ်လိုမှ အသားမကျနိုင်သေးဘူး။ ဒါပေမဲ့ ကျွန်မနှလုံးသားထဲမှာ သူ ရှင်သန်နေတုန်းပါပဲ။ (လု. ၂၀:၃၈) ကြင်နာတဲ့ သူ့စကားသံတွေ၊ အားပေးသံတွေ ကြားယောင်နေဆဲပါပဲ။ နှစ်တွေ အများကြီး အတူတူ အမှုဆောင်ခွင့်ရခဲ့လို့ ဝမ်းသာမိပါတယ်။

ယေဟောဝါရဲ့ ထောက်မပေးမှုအတွက် ကျေးဇူးတင်ပါတယ်

အခက်အခဲအားလုံးကို ခံရပ်နိုင်ဖို့ ယေဟောဝါ တကယ် ထောက်မပေးတယ်။ အရှက်အကြောက် ကြီးပေမဲ့ လူတွေကို ချစ်တတ်တဲ့ သာသနာပြု ဖြစ်လာဖို့ ကူညီပေးတယ်။ (၂ တိ. ၁:၇) ယေဟောဝါရဲ့ ကျေးဇူးတော်ကြောင့် ကျွန်မကော ညီမလေးပါ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေကြတယ်။ ညီမလေးက ခင်ပွန်းနဲ့အတူ ဥရောပတစ်ခွင်က ဆားဘီးယားစကားပြောလယ်ကွင်း တိုက်နယ်လုပ်ငန်းမှာ ပါဝင်နေတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက အဖေ တောင်းခဲ့တဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြည့်ဆည်းပေးလိုက်တာပါပဲ။

ကျမ်းစာလေ့လာတိုင်း ကျွန်မ စိတ်ငြိမ်သက်သွားတယ်။ ခက်ခဲချိန်တွေမှာ ယေရှုလိုပဲ “အသည်းအသန် ဆုတောင်း” တတ်လာတယ်။ (လု. ၂၂:၄၄) ဆိုဖီယာမြို့မှာ ရှိတဲ့ နာဒရားဇဒါးလို့ ခေါ်တဲ့ ကျွန်မအသင်းတော်က ညီအစ်ကို/မတွေရဲ့ မေတ္တာဟာ ကျွန်မဆုတောင်းချက်ရဲ့ အဖြေပါပဲ။ ကျွန်မကို သူတို့ ပေါင်းသင်းမှုတွေ ဖိတ်ကြလို့၊ ချစ်တဲ့အကြောင်း မကြာမကြာ ပြောကြလို့ သိပ်ဝမ်းသာရတယ်။

ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကျွန်မ မကြာခဏ တွေးတယ်။ ပရဒိသုမှာ ချစ်ရသူတွေနဲ့ ပြန်ဆုံစည်းရမှာကို မြင်ယောင်ကြည့်တယ်။ မိဘနှစ်ပါးက လက်ထပ်တုန်းကလို ငယ်ရွယ်နုပျိုတဲ့အသွင်နဲ့ အိမ်ရှေ့မှာ၊ ဟိုင့်ဇ်က သူ့မြင်းဘေးမှာ၊ ညီမလေးကတော့ ချက်ပြုတ်ရင်း မီးဖိုချောင်မှာပေါ့။ ဒီလိုမြင်ယောင်ကြည့်တဲ့အခါ ကြည်နူးစိတ်၊ ယေဟောဝါကို ကျေးဇူးတင်စိတ်တွေ ပြည့်လာတယ်။

“သက်ရှိလောကမှာ ယေဟောဝါရဲ့ ကောင်းမြတ်ခြင်းကို ခံစားရမှာပါဆိုတဲ့ ယုံကြည်ချက်သာ မရှိခဲ့ရင် ကျွန်တော် ဘယ်ဆီကိုများ ရောက်နေမလဲ။ ယေဟောဝါကို မျှော်လင့်ပါ။ ရဲစွမ်းသတ္တိရှိပါ။ ယေဟောဝါကိုသာ မျှော်လင့်နေပါ” ဆိုပြီး ဆာလံ ၂၇:၁၃၊ ၁၄ မှာ ဒါဝိဒ် ပြောတယ်။ ကျွန်မလည်း အသက်တာတစ်လျှောက် ယေဟောဝါ ပေးခဲ့တဲ့၊ အနာဂတ်မှာ ပေးဦးမယ့် ကောင်းမြတ်ရာတွေအကြောင်း စဉ်းစားလိုက်တဲ့အခါ ဒါဝိဒ်လိုပဲ ခံစားရပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ