ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ စက်တင်ဘာ စာ. ၈-၁၃
  • မတရားမှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မတရားမှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ပုံ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မတရားမှုကို ယေဟောဝါနဲ့ ယေရှု မုန်းတယ်
  • ယေရှု လုပ်ဆောင်ခဲ့ရာ
  • ယေရှုကို အတုယူပါ
  • ကျွန်တော်တို့ လုပ်ဆောင်နိုင်ရာ
  • မတရားမှုကို ရင်ဆိုင်နိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • တရားမျှတမှုရဖို့ တောင်းဆိုသံကို ဘယ်သူ နားထောင်ပေးမလဲ
    ထပ်ဆင့် အကြောင်းအရာများ
  • တရားမမျှတမှုကို သင်ဖြေရှင်းနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ စက်တင်ဘာ စာ. ၈-၁၃

လေ့လာရန် ဆောင်းပါး ၃၇

သီချင်း ၁၁၄ “စိတ်ရှည်ကြပါ”

မတရားမှုတွေကို အကောင်းဆုံး တုံ့ပြန်နိုင်ပုံ

“တရားမျှတမှုကို ငါ မျှော်လင့်နေပေမဲ့ မတရားမှုတွေပဲ ရှိနေတယ်။”—ဟေရှာ. ၅:၇။

အာရုံစိုက်ရာ

မတရားမှုတွေကို ယေရှု ဘယ်လို တုံ့ပြန်သလဲ။ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။

၁-၂။ မတရားမှုတွေကို လူများစွာ ဘယ်လို တုံ့ပြန်ကြသလဲ။ ကျွန်တော်တို့ ဘယ်လို စဉ်းစားမိနိုင်သလဲ။

ကျွန်တော်တို့ အသက်ရှင်နေတဲ့ လောကမှာ မတရားမှုတွေ ပြည့်နေတယ်။ လူများစွာဟာ ဆင်းရဲချမ်းသာ၊ ကျား/မ၊ လူမျိုး၊ အသားအရောင် ခွဲခြားဆက်ဆံခံကြရတယ်။ လောဘဇောတိုက်တဲ့ စီးပွားရေးသမားတွေ၊ အကျင့်ပျက်ခြစားတဲ့ နိုင်ငံရေးသမားတွေကြောင့် ဒုက္ခရောက်ကြတယ်။ ဒီလိုမတရားမှုတွေကို ကိုယ်တိုင်ကြုံရလို့ ဒါမှမဟုတ် မြင်ရလို့ ကျွန်တော်အားလုံး စိတ်မချမ်းမသာ ဖြစ်ကြရတယ်။

၂ မတရားမှုတွေ ကြုံရတဲ့အခါ၊ မြင်ရတဲ့အခါ လူတွေ ဒေါသထွက်ကြတာ မဆန်းပါဘူး။ အေးအေးချမ်းချမ်း နေချင်တာ၊ မျှမျှတတ ဆက်ဆံခံချင်တာ လူတိုင်းရဲ့ ဆန္ဒ ဖြစ်လို့ပါပဲ။ ဒါကြောင့် တချို့က ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေမှာ ပါဝင်ကြတယ်။ လက်မှတ်ထိုး အသနားခံစာ တင်ကြတယ်။ ဆန္ဒပြကြတယ်။ မတရားမှုတွေ ပပျောက်စေမယ်ဆိုတဲ့ နိုင်ငံရေးသမားတွေကို မဲပေးထောက်ခံကြတယ်။ ဒါပေမဲ့ “လောကနဲ့ မပတ်သက်” ဖို့၊ မတရားမှုအားလုံး ချုပ်ငြိမ်းစေမယ့် ဘုရားသခင့်နိုင်ငံတော်ကို စောင့်ဆိုင်းဖို့ ကျမ်းစာ သွန်သင်ထားတယ်။ (ယော. ၁၇:၁၆) ကျမ်းစာသွန်သင်ချက်ကို သိထားပေမဲ့ မတရားတာ မြင်ရင် ကျွန်တော်တို့ စိတ်မကောင်းမဖြစ်ဘဲ၊ ဒေါသမထွက်ဘဲ မနေနိုင်ကြဘူး။ ‘ငါ ဘာလုပ်သင့်သလဲ။ ငါ လုပ်နိုင်တာ ရှိသလား’ လို့ စဉ်းစားမိနိုင်တယ်။ မတရားမှုတွေ မြင်တဲ့အခါ ယေဟောဝါဘုရားနဲ့ ယေရှု ဘယ်လို ခံစားရသလဲဆိုတာ အရင် သုံးသပ်ကြရအောင်။

မတရားမှုကို ယေဟောဝါနဲ့ ယေရှု မုန်းတယ်

၃။ မတရားမှုတွေ ကြုံရတဲ့အခါ၊ မြင်ရတဲ့အခါ ကျွန်တော်တို့ ဘာကြောင့် ဒေါသထွက်ကြသလဲ။ (ဟေရှာယ ၅:၇)

၃ မတရားမှုတွေ ကြုံရတဲ့အခါ၊ မြင်ရတဲ့အခါ ကျွန်တော်တို့ ဘာကြောင့် ဒေါသထွက်ကြသလဲ။ “ဖြောင့်မတ်ခြင်းနဲ့ တရားမျှတခြင်း” ကို မြတ်နိုးတဲ့ ယေဟောဝါရဲ့ ပုံသဏ္ဌာန်အတိုင်း ဖန်ဆင်းခံထားရလို့ပါပဲ။ (ဆာ. ၃၃:၅။ က. ၁:၂၆) ယေဟောဝါက ဘယ်တော့မှ မတရားမလုပ်ဘူး။ ဘယ်သူ့ကိုမှလည်း မတရားမလုပ်စေချင်ဘူး။ (တရား. ၃၂:၃၊ ၄။ မိ. ၆:၈။ ဇာ. ၇:၉) ဥပမာ၊ ပရောဖက် ဟေရှာယခေတ်မှာ အစ္စရေးတွေဟာ ကိုယ့်လူမျိုးအချင်းချင်း မတရားဆက်ဆံတာကို ခံကြရတယ်။ သူတို့ “ဒုက္ခရောက်လို့ ငိုကြွေးတဲ့အသံကို” ယေဟောဝါ ကြားတယ်။ (ဟေရှာယ ၅:၇ ကို ဖတ်ပါ။) ဒါနဲ့ မိမိပညတ်တွေကို ထပ်ခါထပ်ခါ လျစ်လျူရှုပြီး မတရားလုပ်သူတွေကို အပြစ်ပေးလိုက်တယ်။—ဟေရှာ. ၅:၅၊ ၁၃။

၄။ မတရားတာ မြင်တဲ့အခါ ယေရှု ဘယ်လို ခံစားရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၄ ယေဟောဝါလိုပဲ ယေရှုလည်း တရားမျှတမှုကို မြတ်နိုးတယ်။ မတရားမှုကို မုန်းတယ်။ ယေရှု မြေကြီးပေါ် အမှုဆောင်စဉ် တစ်ရက်မှာ လက်တစ်ဖက်သေနေသူကို တွေ့တယ်။ ဒါနဲ့ သနားသွားပြီး ကုပေးချင်တယ်။ ဒါပေမဲ့ ဥပုသ်နေ့မှာ အဲဒီလူကို ယေရှု ကုပေးမပေး ဖာရိရှဲတွေ မျက်စိဒေါက်ထောက် ကြည့်နေကြတယ်။ အဲဒီလူ လက်အကောင်းပကတိ ဖြစ်သွားမှာကို ဝမ်းသာမပေးနိုင်ကြဘူး။ “သူတို့မှာ အကြင်နာတရား မရှိတဲ့အတွက် ယေရှု စိတ်ထိခိုက်သွားတယ်။”—မာ. ၃:၁-၆။

တရားဇရပ်မှာ လက်တစ်ဖက်သေနေသူကို ယေရှု ကုပေးခါနီး ဖာရိရှဲတွေကို စကားပြောနေ။ ယေရှုကို မထီမဲ့မြင်အကြည့်နဲ့ ဖာရိရှဲတွေ ကြည့်နေ။

အကူအညီ လိုအပ်သူတွေအပေါ် ဖာရိရှဲတွေ အကြင်နာတရား မရှိပေမဲ့ ယေရှု ကြင်နာစွာ ကူညီပေး (စာပိုဒ် ၄ ကို ကြည့်ပါ)


၅။ ကျွန်တော်တို့ ဘာကို သတိရရမလဲ။

၅ မတရားမှုတွေ မြင်တဲ့အခါ ယေဟောဝါနဲ့ ယေရှု ဒေါသထွက်လို့ ကျွန်တော်တို့ ဒေါသထွက်တာ မှားတော့လည်း မမှားပါဘူး။ (ဧ. ၄:၂၆) ဒါပေမဲ့ ဒေါသထွက်ရတဲ့ အကြောင်းရင်း ခိုင်လုံရင်တောင် ဒေါသထွက်လို့ ပြဿနာ ပြေလည်မသွားဘူးဆိုတာ သတိရရမယ်။ ဒေါသ ပိုက်ထားရင် ဒါမှမဟုတ် မထိန်းချုပ်နိုင်ရင် ကျန်းမာရေး ထိခိုက်လာမယ်။ စိတ်ဖိစီးလာမယ်။ (ဆာ. ၃၇:၁၊ ၈။ ယာ. ၁:၂၀) ဒါဆိုရင် မတရားမှုတွေ ကြုံတဲ့အခါ၊ မြင်တဲ့အခါ ဘာလုပ်သင့်သလဲ။ ယေရှုဆီကနေ သင်ယူနိုင်တာတွေ ရှိတယ်။

ယေရှု လုပ်ဆောင်ခဲ့ရာ

၆။ ယေရှု မြေကြီးပေါ် ရှိစဉ် ဘယ်လို မတရားမှုတွေ တွေ့သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၆ ယေရှု မြေကြီးပေါ် ရှိစဉ် မတရားမှု အများကြီး တွေ့တယ်။ ဘာသာရေးခေါင်းဆောင်တွေက စည်းမျဉ်းတွေ ထပ်ထုတ်ပြီး သာမန်လူတန်းစားတွေကို ဝန်ပိစေကြတယ်။ (မ. ၂၃:၂-၄) ရောမအာဏာပိုင်တွေကလည်း ပြည်သူပြည်သားတွေကို မညှာမတာ ဆက်ဆံကြတယ်။ ဒါကြောင့် ဂျူးတော်တော်များများ ရောမလက်အောက်ကနေ လွတ်မြောက်ချင်ကြတယ်။ ဇဲလတ်ထ်လို့ ခေါ်တဲ့ ဂျူးအစွန်းရောက်သမားတွေဆိုရင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြတယ်။ ဒါပေမဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ယေရှု ဦးမဆောင်ဘူး၊ မထောက်ခံဘူး။ မိမိကို လူတွေ အတင်းအကျပ် ဘုရင်လုပ်ခိုင်းတော့မယ်ဆိုတာ သိတော့ ရှောင်တောင် ရှောင်ထွက်သွားတယ်။—ယော. ၆:၁၅။

တောင်ပေါ်ကို ယေရှု တစ်ကိုယ်တည်း ရှောင်ထွက်သွား။ တောင်ခြေမှာ လူအုပ်လိုက်ကြီး ရှိနေ။

မိမိကို လူတွေ အတင်းအကျပ် ဘုရင်လုပ်ခိုင်းတော့မယ်ဆိုတာ သိတော့ ယေရှု ရှောင်ထွက်သွား (စာပိုဒ် ၆ ကို ကြည့်ပါ)


၇-၈။ မြေကြီးပေါ် ရှိစဉ် မတရားမှုတွေ ဖယ်ရှားပေးဖို့ ယေရှု ဘာကြောင့် မကြိုးစားသလဲ။ (ယောဟန် ၁၈:၃၆)

၇ နိုင်ငံရေး လုပ်ပြီး မတရားမှုတွေ ဖယ်ရှားပေးဖို့ ယေရှု ဘာကြောင့် မကြိုးစားသလဲ။ လူတွေမှာ အချင်းချင်း အုပ်ချုပ်ပိုင်ခွင့်ကော အုပ်ချုပ်နိုင်စွမ်းပါ မရှိမှန်း သိလို့ပဲ။ (ဆာ. ၁၄၆:၃။ ယေ. ၁၀:၂၃) ဒါ့အပြင် မတရားမှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို လူတွေ ဖယ်ရှားမပေးနိုင်ဘူး။ မတရားမှုတွေ ဘာကြောင့် ဖြစ်ပေါ်ရသလဲ။ ပထမ၊ လောကကို စာတန်မာရ်နတ် အုပ်ချုပ်နေပြီး မတရားမှုတွေ ဖြစ်ပေါ်အောင် နောက်ကွယ်ကနေ သွေးထိုးလှုံ့ဆော်နေတယ်။ (ယော. ၈:၄၄။ ဧ. ၂:၂) ဒုတိယ၊ လူတွေ မစုံလင်ကြဘူး။ ဒါကြောင့် စိတ်ရင်းကောင်းပါတယ်ဆိုသူတွေတောင် တစ်ခါတလေ မတရားလုပ်မိကြတယ်။—ဒေ. ၇:၂၀။

၈ မတရားမှုတွေရဲ့ ဇာစ်မြစ်ကို အဆုံးတိုင်စေမှာဟာ လူ့အဖွဲ့အစည်းတွေ မဟုတ်ဘဲ “ဒီလောကနဲ့ မသက်ဆိုင်” တဲ့ ဘုရားသခင့်နိုင်ငံတော် ဖြစ်တယ်ဆိုတာ ယေရှု သိတယ်။ (ယောဟန် ၁၈:၃၆ ကို ဖတ်ပါ။) ဒါကြောင့် မိမိရဲ့ အချိန်၊ ခွန်အားကို “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း” ဟောပြောခြင်းလုပ်ငန်းမှာ မြှုပ်နှံထားတယ်။ (လု. ၈:၁) အကျင့်ပျက်ခြစားမှုတွေ၊ မတရားမှုတွေ အဆုံးတိုင်မယ့်အကြောင်း “ဖြောင့်မတ်ခြင်းကို ဆာငတ်သူတွေ” သိအောင် ပြောပြတယ်။—မ. ၅:၆၊ အောက်ခြေမှတ်ချက်။ လု. ၁၈:၇၊ ၈။

ယေရှုကို အတုယူပါ

၉။ မတရားမှုအားလုံးကို ဘုရားသခင့်နိုင်ငံတော်ကပဲ ဖယ်ရှားပေးနိုင်မယ်ဆိုတာ သင် ဘာကြောင့် ယုံသလဲ။

၉ ယေရှုခေတ်ကထက် “နောက်ဆုံးကာလ” မှာ မတရားမှုတွေ ပိုများလာတယ်။ မတရားမှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေဟာ စာတန်နဲ့ လူ့မစုံလင်မှု ဖြစ်နေတုန်းပါပဲ။ (၂ တိ. ၃:၁-၅၊ ၁၃။ ဗျာ. ၁၂:၁၂) အဲဒီအကြောင်းရင်းတွေကို ဘုရားသခင့်နိုင်ငံတော်ကပဲ ဖယ်ရှားပေးနိုင်မယ်ဆိုတာ ယေရှုလိုပဲ ကျွန်တော်တို့ သိကြတယ်။ ဘုရားသခင့်နိုင်ငံတော်ကိုပဲ အပြည့်အဝ ထောက်ခံတဲ့အတွက် မတရားမှု ပပျောက်ရေး ချီတက်ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေမှာ မပါဝင်ကြဘူး။ မတရားမှုတွေ ဖယ်ရှားပေးဖို့ အစိုးရတွေကို အားမကိုးကြဘူး။ ညီအစ်မ စတေစီအကြောင်း စဉ်းစားကြည့်ပါ။a အမှန်တရား မသိခင်က ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေမှာ အမြဲပါတယ်။ ဒါပေမဲ့ ကိုယ်လုပ်နေတာတွေ မှန်ရဲ့လားလို့ သံသယဝင်လာတယ်။ “ဆန္ဒသာ ပြနေပေမဲ့ ကိုယ်ရပ်တည်တာ ဘက်မှန်ရဲ့လားဆိုတဲ့ အတွေး ဝင်လာတယ်။ အခုတော့ ဘုရားသခင့်နိုင်ငံတော်ကိုပဲ ထောက်ခံလို့ ဘက်မှန်တာ လုံးဝသေချာသွားပြီ။ ဘယ်သူမှ မတရားမှုရဲ့ သားကောင် မဖြစ်ရတော့အောင် ကျွန်မ မလုပ်နိုင်ဘူး။ ဒါပေမဲ့ ယေဟောဝါ လုပ်ပေးနိုင်တယ်” လို့ စတေစီ ပြောတယ်။—ဆာ. ၇၂:၁၊ ၄။

၁၀။ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေဟာ မဿဲ ၅:၄၃-၄၈ မှာ ပါတဲ့ ယေရှုရဲ့ သွန်သင်ချက်နဲ့ ဘာကြောင့် မကိုက်ညီသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၀ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူတွေဟာ ကိုယ်ထင်တာ လုပ်သူတွေ၊ ဒေါသမောဟများသူတွေ ဖြစ်လေ့ရှိကြတယ်။ ဒါ ယေရှုရဲ့ စံနမူနာ၊ သွန်သင်ချက်နဲ့ မကိုက်ညီဘူး။ (ဧ. ၄:၃၁) “ငြိမ်းချမ်းစွာ ဆန္ဒပြတယ်လို့ ဆိုသူတွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ အကြမ်းဖက်သူတွေ၊ ဖျက်လိုဖျက်ဆီးလုပ်သူတွေ ဖြစ်သွားနိုင်တယ်” လို့ ညီအစ်ကို ဂျက်ဖရီ ပြောတယ်။ ယေရှုကတော့ ကိုယ်နဲ့ သဘောထားချင်း မတူသူတွေ၊ ကိုယ့်ကို နှိပ်စက်သူတွေကိုတောင် မေတ္တာထားဖို့ သွန်သင်ပေးတယ်။ (မဿဲ ၅:၄၃-၄၈ ကို ဖတ်ပါ။) ဒါကြောင့် ယေရှုရဲ့ လမ်းစဉ်နဲ့ မကိုက်ညီတာ ဘာကိုမှ မလုပ်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားကြတယ်။

ရှုပ်ယှက်ခတ်နေတဲ့ မြို့ထဲ လမ်းမမှာ ဆန္ဒပြအဖွဲ့ဘေးကနေ ညီအစ်မ ဖြတ်လာပြီး ရှေ့ကိုပဲ တည်တည်ငြိမ်ငြိမ် ကြည့်နေ။

လောကနဲ့ မပတ်သက်ဖို့ သတ္တိ လိုအပ် (စာပိုဒ် ၁၀ ကို ကြည့်ပါ)


၁၁။ ယေရှုကို အတုယူဖို့ တစ်ခါတလေ ဘာကြောင့် ခက်နိုင်သလဲ။

၁၁ မတရားမှုတွေကို ဘုရားသခင့်နိုင်ငံတော်က ချုပ်ငြိမ်းစေမယ်ဆိုတာ သိပေမဲ့ မတရားဆက်ဆံခံရတဲ့အခါ ယေရှုကို အတုယူဖို့ ခက်နိုင်တယ်။ အသားအရောင် ခွဲခြားဆက်ဆံခံရတဲ့ ညီအစ်မ ဂျန်နီယာအကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်မ ဒေါသလည်း ထွက်၊ စိတ်မကောင်းလည်း ဖြစ်တယ်။ မတရားလုပ်သူတွေကို ပြစ်ဒဏ်ခံရစေချင်တယ်။ ဒါနဲ့ လူမျိုးရေး၊ အသားအရောင် ခွဲခြားဆက်ဆံတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို ထောက်ခံဖို့ စဉ်းစားမိသွားတယ်။ ဒါမှ ကျွန်မ ဒေါသပြေနိုင်မယ် ထင်လို့ပါ” လို့ ပြောတယ်။ ဒါပေမဲ့ ကိုယ့်အတွေးကို ပြုပြင်ပြောင်းလဲဖို့ လိုမှန်း ဂျန်နီယာ သဘောပေါက်လာတယ်။ “ယေဟောဝါကို မဟုတ်ဘဲ လူကို အားကိုးမိရာကနေ ကျွန်မ အတွေးချော်လာတာ။ ဒါကြောင့် ဆန္ဒပြအဖွဲ့တွေနဲ့ အဆက်အသွယ်အားလုံး ဖြတ်လိုက်တယ်” လို့ ပြောတယ်။ အကြောင်းရင်း ခိုင်လုံလို့ ဒေါသထွက်ရင်တောင် လောကနဲ့ မပတ်သက်မိဖို့ သတိထားစရာပါပဲ။—ယော. ၁၅:၁၉။

၁၂။ ကိုယ်ဖတ်တဲ့၊ ကြည့်တဲ့၊ နားထောင်တဲ့အရာတွေကို ဘာကြောင့် စိစစ်သင့်သလဲ။

၁၂ မတရားမှုတွေနဲ့ပတ်သက်ပြီး ကိုယ့်ခံစားချက်ကို ထိန်းချုပ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။ တစ်နည်းကတော့ ကိုယ်ဖတ်တဲ့၊ ကြည့်တဲ့၊ နားထောင်တဲ့အရာတွေကို စိစစ်ခြင်းပါ။ အင်တာနက်သတင်းတချို့က လူတွေကို အထိတ်တလန့် ဖြစ်စေတယ်။ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွေကို ထောက်ခံချင်စိတ် ပေါ်လာစေတယ်။ ဒါ့အပြင် သတင်းသမားတွေက ဘက်လိုက်ပြီး သတင်းတင်ဆက်တတ်ကြတယ်။ သတင်းမှန်ဆိုရင်တောင် ဖတ်လို့၊ ကြည့်လို့ အကျိုးထူးသွားသလား။ သတင်းတွေနဲ့ပဲ အချိန်ကုန်နေရင် မလိုအပ်ဘဲ သောကများလာမယ်၊ ဒေါသပိုထွက်လာမယ်။ (ပညာ. ၂၄:၁၀) ပိုဆိုးတာက မတရားမှုအားလုံးကို ချုပ်ငြိမ်းစေမယ့် ဘုရားသခင့်နိုင်ငံတော်ကို မျက်ခြည်ပြတ်လာမယ်။

၁၃။ နေ့တိုင်း ကျမ်းစာဖတ်တာ၊ တွေးတောဆင်ခြင်တာက ဘယ်လို အကူအညီ ဖြစ်စေနိုင်သလဲ။

၁၃ နေ့တိုင်း ကျမ်းစာဖတ်တာ၊ တွေးတောဆင်ခြင်တာကလည်း အကူအညီ ဖြစ်စေနိုင်တယ်။ ညီအစ်မ အလီယာအကြောင်း စဉ်းစားကြည့်ပါ။ လူတွေ မတရားဆက်ဆံခံရတာ ကြည့်ပြီး စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ မတရားလုပ်သူတွေ ဘာပြစ်ဒဏ်မှ မခံရလို့ ကြိတ်မနိုင်ခဲမရဖြစ်လာတယ်။ “‘ဒီကိစ္စတွေကို ယေဟောဝါ ဖြေရှင်းပေးမယ်ဆိုတာ ငါ တကယ် ယုံသလား’ လို့ ပြန်စဉ်းစားရတယ်။ အဲဒီအချိန်မှာပဲ ယောဘ ၃၄:၂၂-၂၉ ကို ဖတ်မိတယ်။ ဘယ်သူမှ ယေဟောဝါရှေ့ကနေ ပုန်းရှောင်လို့မရဘူးဆိုတာ အဲဒီကျမ်းပိုဒ်က ပြန်အမှတ်ရစေတယ်။ ဘာက တရားသလဲ၊ ဘယ်လို တရားစီရင်ရမလဲ ယေဟောဝါ အသိဆုံး ဖြစ်လို့ အကောင်းဆုံးနည်းနဲ့ တရားစီရင်ပေးလိမ့်မယ်” လို့ အလီယာ ပြောတယ်။ ဒါဆိုရင် မတရားမှုတွေကို ဘုရားသခင့်နိုင်ငံတော် ဖယ်ရှားပေးမယ့်အချိန် စောင့်နေတုန်း ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။

ကျွန်တော်တို့ လုပ်ဆောင်နိုင်ရာ

၁၄။ လောကက မတရားမှုတွေကို အားမဖြည့်မိဖို့ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။ (ကောလောသဲ ၃:၁၀၊ ၁၁)

၁၄ တခြားသူတွေရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပေမဲ့ ကိုယ့်လုပ်ရပ်တွေကို ထိန်းချုပ်နိုင်တယ်။ သိခဲ့ရတဲ့အတိုင်း မေတ္တာပြခြင်းအားဖြင့် ယေရှုကို အတုယူနိုင်တယ်။ ကိုယ့်ကို မတရားလုပ်သူတွေကိုတောင် လေးလေးစားစား ဆက်ဆံနိုင်တယ်။ (မ. ၇:၁၂။ ရော. ၁၂:၁၇) လူတိုင်းကို ကြင်ကြင်နာနာ၊ မျှမျှတတ ဆက်ဆံတဲ့အခါ ယေဟောဝါ နှစ်သက်တယ်။—ကောလောသဲ ၃:၁၀၊ ၁၁ ကို ဖတ်ပါ။

၁၅။ လူတွေကို ကျမ်းစာအမှန်တရား ပြောပြတာ ဘာအကျိုးရှိသလဲ။

၁၅ ကျွန်တော်တို့ လုပ်နိုင်သမျှမှာ အကောင်းဆုံးကတော့ လူတွေကို ကျမ်းစာအမှန်တရား ပြောပြတာပါပဲ။ ဘာကြောင့်လဲ။ “ယေဟောဝါကို သိကျွမ်း” လာတဲ့အခါ ရုန့်ရင်းကြမ်းတမ်းသူတွေတောင် အကြင်နာမေတ္တာရှိသူတွေ ဖြစ်လာနိုင်လို့ပါ။ (ဟေရှာ. ၁၁:၆၊ ၇၊ ၉) အစိုးရ တအားဖိနှိပ်တယ်လို့ ခံစားရလို့ တော်လှန်ရေးအဖွဲ့ထဲ ဝင်သွားတဲ့ ဂျေမယ်လ်အကြောင်း စဉ်းစားကြည့်ပါ။ “လူတွေ ပြောင်းလဲလာအောင် အကြမ်းနည်း သုံးလို့မရဘူး။ ကျွန်တော့်ကိုပဲ ကြည့်။ ကျမ်းစာအမှန်တရားကြောင့်သာ ပြောင်းလဲလာတာ” လို့ ပြောတယ်။ ကျမ်းစာကနေ သိလာတာတွေကြောင့် ဂျေမယ်လ် တိုက်ခိုက်ချင်စိတ်တွေ ဖျောက်ပစ်နိုင်ခဲ့တယ်။ ကျမ်းစာအမှန်တရားကြောင့် ပြောင်းလဲလာသူ များလေ မတရားလုပ်မယ့်သူတွေ လျော့လေ ဖြစ်လာမှာ။

၁၆။ တခြားသူတွေကို နိုင်ငံတော်မျှော်လင့်ချက်အကြောင်း ဘာကြောင့် ပြောပြချင်သလဲ။

၁၆ ဘုရားသခင့်နိုင်ငံတော်ကသာ မတရားမှုတွေ ချုပ်ငြိမ်းစေမယ့်အကြောင်း ယေရှုလိုပဲ ကျွန်တော်တို့ အားတက်သရော ဟောပြောသွန်သင်ကြတယ်။ နိုင်ငံတော်မျှော်လင့်ချက်က မတရားမှု ကြုံနေရသူတွေကို အားတက်လာစေတယ်။ (ယေ. ၂၉:၁၁) “အမှန်တရား သိထားလို့သာ မတရားမှုတွေ ကြုံရတဲ့အခါ၊ မြင်ရတဲ့အခါ စိတ်အေးအေး ထားနိုင်လာတာ။ ယေဟောဝါက ကျမ်းစာအမှန်တရားအားဖြင့် လူတွေကို နှစ်သိမ့်ပေးတယ်” လို့ အစောပိုင်းမှာ ဖော်ပြတဲ့ ညီအစ်မ စတေစီ ပြောတယ်။ မတရားမှုတွေ အဆုံးတိုင်သွားမယ်ဆိုတဲ့ သတင်းတရားအားဖြင့် တခြားသူတွေကို နှစ်သိမ့်ပေးနိုင်ဖို့ ကောင်းကောင်း ပြင်ဆင်ထားပါ။ ဒီဆောင်းပါးမှာ ပါတဲ့ ကျမ်းစာအဆိုတွေကို အကျွမ်းတဝင်ရှိအောင်၊ ပိုယုံကြည်စိတ်ချလာအောင် လုပ်ထားပါ။ ဒါဆိုရင် ကျောင်းမှာ၊ အလုပ်မှာ အခွင့်အရေး ပေါ်လာတဲ့အခါ ပါးပါးနပ်နပ် သက်သေခံနိုင်မယ်။b

၁၇။ မတရားမှုတွေကို ခံရပ်နိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၇ “ဒီလောကရဲ့ မင်း” စာတန် ရှိသရွေ့တော့ မတရားမှုတွေ ရှိနေဦးမှာပဲ။ ဒါပေမဲ့ စာတန် ဖျက်ဆီးခံရမယ့်အချိန် မရောက်ခင် ကျွန်တော်တို့ အကူအညီကော မျှော်လင့်ချက်ပါ မဲ့မနေပါဘူး။ (ယော. ၁၂:၃၁) မတရားမှုတွေ ဘာကြောင့် ဒီလောက်များတယ်၊ မတရားမှုတွေ မြင်တဲ့အခါ မိမိ ဘယ်လို ခံစားရတယ်ဆိုတာ ကျမ်းစာကတစ်ဆင့် ယေဟောဝါ ဖော်ပြထားတယ်။ (ဆာ. ၃၄:၁၇-၁၉) မတရားမှုတွေကို ဘုရားသခင့်နိုင်ငံတော်က ဘယ်လို ချုပ်ငြိမ်းသွားစေမလဲ၊ လောလောဆယ် ကျွန်တော်တို့ ဘယ်လို တုံ့ပြန်သင့်သလဲဆိုတာ ယေရှုကတစ်ဆင့် သွန်သင်ပေးတယ်။ (၂ ပေ. ၃:၁၃) ဒါကြောင့် “တရားမျှတခြင်းနဲ့ ဖြောင့်မတ်ခြင်း” ထာဝစဉ် တည်တံ့ခိုင်မြဲမယ့်အချိန်ကို စောင့်နေရင်း နိုင်ငံတော်သတင်းကောင်း ထက်ထက်သန်သန် ဆက်ဟောပြောနေကြရအောင်။—ဟေရှာ. ၉:၇။

သင် ဘယ်လို ဖြေမလဲ

  • မတရားမှုတွေ ကြုံရတဲ့အခါ၊ မြင်ရတဲ့အခါ ကျွန်တော်တို့ ဘာကြောင့် ဒေါသထွက်သလဲ။

  • မတရားမှု ပပျောက်ရေး လှုပ်ရှားမှုတွေကို ကျွန်တော်တို့ ဘာကြောင့် မထောက်ခံသလဲ။

  • မတရားမှုတွေ ကြုံရတဲ့အခါ၊ မြင်ရတဲ့အခါ ဘာလုပ်သင့်သလဲ။

သီချင်း ၁၅၈ ကမ္ဘာသစ် ရောက်လုပြီ

a အမည်လွှဲများ။

b လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ စာစောင် နောက်ဆက်တွဲ (က) အချက် ၂၄-၂၇ ကိုလည်း ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ