စိုးရိမ်ပူပန်မှု ပြေလျော့နည်း
စိုးရိမ်ပူပန်လွန်းအားကြီးရင် ကျန်းမာရေး ထိခိုက်နိုင်တယ်။ အဲဒီအခါ အခက်အခဲတွေကို ဖြေရှင်းနိုင်တော့မှာ မဟုတ်ဘူး။
စိုးရိမ်ပူပန်မှု ပြေလျော့စေနိုင်တဲ့ အကြံပြုချက်များ
သတင်းဆိုးတွေကိုပဲ သိရှိဖို့ မကြိုးစားပါနဲ့။ သတင်းဆိုးတွေအကြောင်း အသေးစိတ် သိစရာ မလိုပါဘူး။ သိပါများရင် ကြောက်ရွံ့တုန်လှုပ်လာပြီး စိတ်ဓာတ်ကျသွားနိုင်တယ်။
ကျမ်းစာမူ။ “ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်။”—ပညာအလိမ္မာ ၁၇:၂၂။
“အင်တာနက်မှာ ဘာသတင်းတွေ အသစ် တင်ထားလဲ တစ်ချိန်လုံး ကြည့်ချင်တယ်။ ကြည့်ပြီးရင်လည်း စိုးရိမ်ထိတ်လန့်လာတယ်။ အဲဒီလိုကြည့်တာ မကောင်းဘူးဆိုတာ သိလာတဲ့နောက်ပိုင်း လိုတာထက် ပိုမကြည့်တော့ဘူး။ အဲဒီအခါကျမှ စိုးရိမ်စိတ် ပြေလျော့သွားတယ်။—ဂျွန်။
စဉ်းစားကြည့်ပါ။ နောက်ဆုံးရသတင်း တက်လာတိုင်း သိရှိဖို့ လိုသလား။
လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လုပ်ပါ။ အိပ်ရာထ၊ အစာစား၊ အိမ်မှုကိစ္စတွေ လုပ်ဆောင်ဖို့ ကြိုးစားပါ။ ညတိုင်း သတ်မှတ်ထားတဲ့အချိန်မှာ အိပ်ရာဝင်ပါ။ အစီအစဉ်အတိုင်း လုပ်ဆောင်သွားရင် ကိုယ့်ရဲ့ ဘဝပုံစံဟာ ပုံမှန် ပြန်ဖြစ်လာပြီး စိုးရိမ်ပူပန်မှုလည်း ပြေလျော့သွားနိုင်တယ်။
ကျမ်းစာမူ။ “ဝီရိယရှိသူရဲ့ အစီအစဉ်တွေ ကျိန်းသေ အောင်မြင်လိမ့်မယ်။”—ပညာအလိမ္မာ ၂၁:၅။
“ကိုဗစ်-၁၉ ကပ်ရောဂါလည်း စရော ကိုယ့်ရဲ့ လုပ်ရိုးလုပ်စဉ်တွေလည်း ကမောက်ကမ ဖြစ်ကုန်ရော။ ဖျော်ဖြေမှုတွေနဲ့ပဲ အပန်းဖြေရင်း တစ်နေ့တစ်နေ့ အချိန်ကုန်သွားတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးပြုချင်လို့ နေ့စဉ် လုပ်ရမယ့် အလုပ်ဇယားတစ်ခု ဆွဲခဲ့တယ်။”—ဂျိုးဇက်။
စဉ်းစားကြည့်ပါ။ တစ်နေ့တာရဲ့ အဆုံးမှာ အလုပ်တစ်ခုခု ပြီးမြောက်စေဖို့ ဇယားဆွဲထားသလား။
ကောင်းတာတွေကိုပဲ အာရုံစိုက်ပါ။ အတိတ်တုန်းက ကိုယ်မလုပ်နိုင်ခဲ့တာတွေ ဒါမှမဟုတ် ရှေ့မှာ ဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေကိုပဲ တွေးနေရင် ပိုလို့တောင် စိုးရိမ်ပူပန်လာနိုင်တယ်။ ကျေးဇူးတင်စရာအချက် နှစ်ချက်၊ သုံးချက်ကို စဉ်းစားပါ။
ကျမ်းစာမူ။ “ကျေးဇူးသိတတ်ကြပါ။”—ကောလောသဲ ၃:၁၅။
“ကျမ်းစာ ဖတ်တာက ကောင်းတာတွေကို မြင်ယောင်လာစေပြီး သတင်းဆိုးတွေဘက်ကို အာရုံ မရှိတော့ဘူး။ လွယ်လွန်းပုံပေါက်ပေမဲ့ ထိရောက်မှု ရှိတယ်။”—လီဆာ။
စဉ်းစားကြည့်ပါ။ ကိုယ့်ဘဝကို အဆိုးပဲ မြင်နေပြီး ကောင်းကွက်တွေကို မေ့ပျောက်ထားသလား။
တခြားသူတွေအကြောင်း စဉ်းစားပါ။ တစ်ချိန်လုံး စိုးရိမ်ပူပန်နေရင် တခြားသူတွေနဲ့ ခေါ်ပြောချင်စိတ် မရှိတော့ဘဲ တစ်ယောက်တည်း နေချင်လာမယ်။ အဲဒီလိုမဖြစ်အောင် လိုအပ်နေတဲ့သူတွေကို ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားပါ။
ကျမ်းစာမူ။ “ကိုယ့်အကျိုးကိုပဲ အာရုံမစိုက်ပါနဲ့။ သူတစ်ပါးအကျိုးကိုလည်း ထည့်စဉ်းစားပေးကြပါ။”—ဖိလိပ္ပိ ၂:၄။
“တခြားသူတွေကို ကျွန်မ ကူညီပေးလိုက်လို့ သူတို့ ပျော်တာကို တွေ့ရင် ကျွန်မလည်း ပျော်လာတယ်။ အဲဒီအခါမှာ ကျွန်မရဲ့ စိုးရိမ်ပူပန်မှုတွေလည်း ပြေလျော့လာတယ်။ သူတို့ကို ကူညီပေးနေရလို့ ကိုယ့်အတွက် စိုးရိမ်ပူပန်ဖို့ အချိန်မရှိတော့ဘူး။”—မာရီယာ။
စဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့ မိတ်ဆွေတွေထဲမှာ ဘယ်သူက အကူအညီ လိုအပ်နေလဲ၊ သူတို့ကို ဘယ်လို ကူညီပေးနိုင်မလဲဆိုတာ စဉ်းစားပါ။
ကျန်းမာအောင် နေပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ကောင်းကောင်း အနားယူပါ။ အာဟာရရှိတာတွေကို စားသုံးပါ။ ကျန်းမာရေး ကောင်းမှ ဘဝခရီးကို ရှေ့ဆက်နိုင်ပြီး စိုးရိမ်ပူပန်မှုတွေကို ဖြေဖျောက်နိုင်မယ်။
ကျမ်းစာမူ။ ‘ကာယလေ့ကျင့်ခန်း လုပ်တာက အကျိုးရှိတယ်။’—၁ တိမောသေ ၄:၈။
“ကျွန်မတို့ သားအမိနှစ်ယောက်က အိမ်အပြင်မှာ လေ့ကျင့်ခန်း လုပ်ချင်တာ။ အိမ်ပြင် မထွက်ရလို့ အိမ်ထဲမှာပဲ လေ့ကျင့်ခန်း လုပ်ကြတယ်။ အဲဒီလို ပုံမှန် လုပ်တဲ့အတွက် သားအမိနှစ်ယောက် ပိုပျော်လာတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ရှည်ပြီး ပြောဆိုရတာလည်း အဆင်ပြေလာတယ်။—ကက်သရင်း။
စဉ်းစားကြည့်ပါ။ ကျန်းမာရေး ကောင်းအောင် အာဟာရ ရှိတဲ့ အစားအစာတွေ ပိုစားဖို့၊ လေ့ကျင့်ခန်း ပိုလုပ်ဖို့ လိုအပ်သလား။
စိုးရိမ်ပူပန်မှုတွေ ပြေလျော့ဖို့ အဲဒီအကြံပြုချက်တွေကို ကျင့်သုံးတဲ့အပြင် ကျမ်းစာမှာ ဖော်ပြထားတဲ့ အနာဂတ် မျှော်လင့်ချက်အကြောင်း လေ့လာခြင်းကနေလည်း အကျိုးကျေးဇူး ရရှိနေကြပြီ။ “ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ပေးမလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။