သတိနဲ့ စောင့်နေကြပါ
ကမ္ဘာတစ်ဝန်း စံချိန်သစ်တင်လာတဲ့ အပူချိန်တိုးမြင့်မှု—ကျမ်းစာအဆိုက ဘာလဲ
၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ကမ္ဘာတစ်ဝန်း အပူချိန်တိုးမြင့်မှု စံချိန်သစ်တင်ခဲ့ကြောင်း အောက်ပါသတင်းတွေမှာ ဖတ်ရှုရတယ်-
“ဒီလအတွင်း တရုတ်နိုင်ငံရဲ့မြို့ကြီး ၇၀ နီးပါးမှာ ဒုတိယအကြိမ် အပူလှိုင်းဖြတ်မယ်လို့ အာဏာပိုင်တွေ သတိပေးထားတယ်။”—၂၀၂၂၊ ဇူလိုင် ၂၅၊ CNN Wire Service
“ဥရောပတစ်ခွင် တစ်မဟုတ်ချင်း ပူပြင်းလာလို့ တောမီးတွေ အကြီးအကျယ် လောင်နေတယ်။”—၂၀၂၂၊ ဇူလိုင် ၁၇၊ The Guardian
“အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်း၊ တောင်ပိုင်းဒေသတချို့နဲ့ အနောက်အလယ်ပိုင်းမှာ အပူလှိုင်းဖြတ်နေလို့ တနင်္ဂနွေနေ့တုန်းက မြို့ကြီးအများစုမှာ အပူချိန် စံချိန်သစ်ချိုးခဲ့တယ်။”—၂၀၂၂၊ ဇူလိုင် ၂၄၊ The New York Times
ဒီဖြစ်ရပ်တွေက တစ်နေ့ ကမ္ဘာပေါ်မှာ လူတွေ နေလို့ရမှာမဟုတ်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား။ ကျမ်းစာအဆိုက ဘာလဲ။
အပူလှိုင်းဖြတ်တာက ကျမ်းစာကြိုဟောချက် ပြည့်စုံခြင်းလား
မှန်ပါတယ်။ အပူလှိုင်းဖြတ်ခြင်းဟာ ကျွန်တော်တို့ခေတ်မှာ ဖြစ်ပျက်လာမယ့်အရာတွေနဲ့ ပတ်သက်ပြီး ကျမ်းစာကြိုဟောထားချက်နဲ့ ကိုက်ညီမှုရှိပါတယ်။ ဥပမာ၊ “ကြောက်လန့်စရာ မြင်ကွင်းတွေ” ဒါမှမဟုတ် “ကြောက်မက်ဖွယ်ကောင်းသောအရာ” တွေကို မြင်တွေ့ရလိမ့်မယ်လို့ ယေရှုကြိုဟောခဲ့တယ်။ (လုကာ ၂၁:၁၁၊ ခေတ်သုံးမြန်မာသမ္မာကျမ်း) ကမ္ဘာချီအပူချိန်တိုးမြင့်လာလို့ လူတွေရဲ့လက်ချက်ကြောင့် ကမ္ဘာကြီးပျက်စီးသွားတော့မလားလို့ လူများစွာ စိုးထိတ်ကြောက်လန့်နေကြတယ်။
ကမ္ဘာမြေဟာ လူသူကင်းမဲ့တဲ့နေရာ ဖြစ်သွားမလား
ဖြစ်သွားမှာ မဟုတ်ပါဘူး။ ကမ္ဘာကို လူသားတွေရဲ့ထာဝရစံအိမ်ဖြစ်အောင် ဘုရား ဖန်ဆင်းထားတာပါ။ (ဆာလံ ၁၁၅:၁၆။ ဒေသနာ ၁:၄) ကမ္ဘာကြီး ပျက်စီးသွားအောင် လုပ်နေတဲ့ လူသားတွေကို ဘုရား ဆက်ခွင့်ပြုမှာ မဟုတ်ဘူး။ “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီး” ပါတော့မယ်။—ဗျာဒိတ် ၁၁:၁၈။
ကမ္ဘာမြေနဲ့ပတ်သက်ပြီး ဘုရားလုပ်ဆောင်ပေးမယ့် ကြိုဟောထားချက်နှစ်ခုကိုလည်း သုံးသပ်ကြည့်ပါ။
“တောကန္တာရနဲ့ ပူပြင်းခြောက်သွေ့တဲ့ မြေဟာ ပျော်မြူးလိမ့်မယ်။ ကန္တာရလွင်ပြင်လည်း ရွှင်လန်းပြီး ကုံကုမံပန်းတွေလို ဝေဆာလိမ့်မယ်။” (ဟေရှာယ ၃၅:၁) ဘုရားသခင်က ကမ္ဘာမြေကို လူသူကင်းမဲ့တဲ့ သဲကန္တာရဖြစ်သွားခွင့် ပြုမှာမဟုတ်ဘူး။ ပျက်စီးနေတဲ့ကမ္ဘာ့ဒေသတွေကို ပြန်ကောင်းမွန်အောင် ပြုပြင်ပေးမယ်။
“ဘုရားသခင်က ကမ္ဘာမြေကို ဂရုစိုက်တယ်။ မြေဆီမြေနှစ်တွေ ပြည့်စေပြီး အကြီးအကျယ် သီးပွင့်ဖြစ်ထွန်းစေတယ်။” (ဆာလံ ၆၅:၉) ဘုရားသခင်ရဲ့ကောင်းချီးကြောင့် ကမ္ဘာမြေဟာ သာယာလှပတဲ့ဥယျာဉ်လေး ဖြစ်သွားမယ်။
ရာသီဥတုပြောင်းလဲခြင်းနဲ့ ကျမ်းစာကြိုဟောချက်ပြည့်စုံမှုအကြောင်း ထပ်သိချင်ရင် “ရာသီဥတု ဖောက်ပြန်မှုနဲ့ အနာဂတ်အကြောင်း ကျမ်းစာမှာ ဘာဖော်ပြသလဲ” ဆောင်းပါးကို ဖတ်ပါ။
သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ကုစားပေးမယ့်အကြောင်း ကျမ်းစာကတိကို ထပ်လေ့လာချင်ရင် “ကမ္ဘာကြီးကို ဘယ်သူ ကယ်တင်ပေးမလဲ” ဆောင်းပါးကို ဖတ်ပါ။