အိုလေ ရက်ဇီမင်စကီ | ဘဝအတ္ထုပ္ပတ္တိ
အကျဉ်းထောင်သံတိုင်တွေက ယေဟောဝါနဲ့ ဝေးကွာမသွားစေနိုင်
ကျွန်တော်က ၁၉၆၄ ခုနှစ်၊ ဆိုက်ဘေးရီးယားမှာ မွေးတာပါ။ မိဘတွေ ယူကရိန်းကနေ ပြည်နှင်ခံရလို့ ဆိုက်ဘေးရီးယားကို ရောက်နေတဲ့အချိန်ပေါ့။ ယေဟောဝါအပေါ် အကြွင်းမဲ့ ယုံကြည်ကိုးစားတဲ့ မိဘ၊ အဖိုးအဖွားတွေကို ကြည့်ပြီး ကြီးပြင်းလာတယ်။ ထောင်ကျတာတောင် ဘုရားကို အားကိုးခဲ့ကြတာ။ အဖိုးဆိုရင် တိုက်နယ်ကြီးကြပ်မှူးအနေနဲ့ အမှုဆောင်လို့ ထောင်ခုနစ်နှစ် ကျခံခဲ့ရတယ်။ နောက်ပိုင်း ကျွန်တော်ကိုယ်တိုင်လည်း ထောင်ကျတယ်။ ယေဟောဝါကို ယုံကြည်အားကိုးကြောင်း ပြရတဲ့အလှည့် ရောက်လာတာပေါ့။
၁၉၆၆ မှာ ယူကရိန်းကို မိသားစုလိုက် ပြန်ပြောင်းရွှေ့လာတယ်။ ကလေးဘဝရဲ့ ဦးဆုံးမှတ်ဉာဏ် ဘာလဲလို့ မေးရင် လေးနှစ်သားအရွယ်နဲ့ အမေ့နောက်လိုက်ပြီး ထောင်ကျနေတဲ့ အဖိုးဆီ သွားလည်တာကိုပါ။ ယူကရိန်း၊ ကရီဗီရိမြို့ကနေ ရုရှားအလယ်ပိုင်းက မော်ရ်ဒိုဗီးယားအကျဉ်းစခန်းဆီ ရောက်ဖို့ သားအမိနှစ်ယောက်သား ရထား အဝေးကြီးစီးသွားကြတယ်။ ဟိုရောက်တော့လည်း အဖိုးနဲ့ နှစ်နာရီပဲ အချိန်ရပြီး တောက်လျှောက် စောင့်ကြည့်ခံရတယ်။ ဒါပေမဲ့ အစောင့်တွေက ကျွန်တော့်ကို အဖိုးပေါင်ပေါ်မှာ ပေးထိုင်လို့ သိပ်ပျော်ရတယ်။
ကျောင်းသားဘဝမှာ ယေဟောဝါကို ယုံကြည်ကိုးစား
ကျွန်တော်နဲ့ ညီလေး မီခိုင်လို (ညာ)
ယူကရိန်းမှာ ကြီးပြင်းလာတာဆိုတော့ ကလေးဘဝမှာ ယုံကြည်ခြင်းစမ်းသပ်မှု အကြိမ်ကြိမ်ခံရတယ်။ ဥပမာ၊ ကျောင်းစတက်တဲ့ ကလေးတွေဆိုရင် ကျောင်းဝတ်စုံပေါ်မှာ လီနင်ရဲ့ ငယ်ရုပ်ပါတဲ့ ကြယ်ပွင့်ရင်ထိုး တပ်ထားကြရတယ်။a ကလေးတွေ နည်းနည်းကြီးလာတာနဲ့ လီနင်ရဲ့ အယူဝါဒတွေကို ထောက်ခံကြောင်းပြဖို့ လည်ပတ်အနီ အားလုံး ပတ်ကြရတယ်။ ကျွန်တော်ကတော့ ဒီနိုင်ငံရေး အထိမ်းအမှတ်တွေကို မတပ်ဘူး။ ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုကို အကြွင်းမဲ့ ပိုင်ထိုက်သူဟာ ယေဟောဝါဆိုတာ သိထားလို့ပါ။
မိဘတွေက ကြားနေခြင်းအကြောင်း စိတ်ရှည်ရှည် ရှင်းပြပေးတော့ ဒီကိစ္စမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကောင်းကောင်းချနိုင်ခဲ့တယ်။ ကျောင်းမှာ စာကြိုးစားဖို့လည်း ကျွန်တော့်ကို အားပေးကြတယ်။ ဒါမှ ယေဟောဝါကို ဂုဏ်တင်မှုဖြစ်စေမယ်။
တစ်နေ့၊ နူကာ အိုင် ရီလီဂျီယာ (သိပ္ပံနဲ့ ဘာသာတရား) ဆိုတဲ့ ဘုရားမဲ့ဝါဒ ဖြန့်ချီတဲ့ ဂျာနယ်ရဲ့ ကိုယ်စားလှယ်တစ်ယောက် ကျောင်းကို လာတယ်။ ဘုရား အမှန်တကယ် မတည်ရှိဘူးဆိုတဲ့အကြောင်း ပို့ချမှာဆိုတော့ ဆရာ၊ ဆရာမတွေက ကျွန်တော့်ကို အရှေ့ဆုံးတန်းမှာ ထိုင်ခိုင်းတယ်။
ပို့ချချက်ပြီးနောက် ကျွန်တော့်ကို စင်မြင့်အနောက် ခေါ်သွားပြီး အဲဒီကိုယ်စားလှယ်နဲ့ စကားပြောခိုင်းတယ်။ ကျွန်တော့်ကို ဘယ်ဘာသာဝင်လဲလို့ မေးတော့ “သားက ယေဟောဝါသက်သေတစ်ယောက်ပါ” လို့ တန်းဖြေလိုက်တယ်။ ဒါနဲ့ သူလည်း ဘာမှဆက်မပြောတော့ဘဲ ပို့ချချက်ကို ဂရုတစိုက် နားထောင်ပေးလို့ ကျေးဇူးတင်ကြောင်းပဲပြောပြီး ပြီးသွားတယ်။ ဆရာတွေ တော်တော့်ကို စိတ်ပျက်သွားတာ။
မိသားစုလိုက် ယေဟောဝါကို ယုံကြည်ကိုးစား
ကျွန်တော်တို့ မိသားစုလိုက် ယေဟောဝါကို အားကိုးပြီး အိမ်မှာ ကျမ်းစာအခြေပြု စာပေတွေ ပုံနှိပ်ဖြန့်ဝေတယ်။ အဖေက တိုက်နယ်ကြီးကြပ်မှူးဆိုတော့ ယူကရိန်း အလယ်ပိုင်းက အသင်းတော်တွေ၊ အုပ်စုတွေကို လည်ပတ်တယ်။
၁၉၇၈ ဖေဖော်ဝါရီလ၊ ညီအငယ်ဆုံး ပါလစ် မမွေးခင် နှစ်ရက်အလိုမှာပေါ့။ နေ့လယ်ဘက် ကျောင်းကနေ အိမ်ပြန်ရောက်တဲ့အခါ တစ်အိမ်လုံး ပစ္စည်းတွေ ပြန့်ကြဲနေတာ တွေ့လိုက်ရတယ်။ ရဲတွေက ကျွန်တော်တို့အိမ်ကို ဝင်ရောက်ရှာဖွေပြီး ရှိသမျှ ကျမ်းစာစာပေတွေကို သိမ်းသွားကြတယ်။
နောက်တစ်နေ့မှာ ဆရာ၊ ဆရာမတွေ ကျွန်တော်နဲ့ ညီလေး မီခိုင်လိုကို ထူးဆန်းတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်။ အမေရိကန် သူလျှိုရဲ့ သားတွေဆိုတဲ့ အကြည့်မျိုးတွေနဲ့ပေါ့။ နောက်တော့ သူတို့အထင်မှားနေတယ်ဆိုတာ သိသွားကြပါတယ်။ အတန်းဖော်တချို့ဆိုရင် နောက်ပိုင်း ယေဟောဝါသက်သေတွေတောင် ဖြစ်လာကြတယ်။
၁၉၈၁ မှာ ကျွန်တော်တို့အိမ်ကို နောက်တစ်ကြိမ် ဝင်ရောက်ရှာဖွေကြတယ်။ အဲဒီတုန်းက ကျွန်တော် ၁၈ နှစ်မပြည့်သေးပေမဲ့ အဖေ၊ အဖိုးတို့နဲ့အတူ အစိုးရရှေ့နေရုံးဆီ ဆင့်ခေါ်ခံရတယ်။ စစ်ဆေးရေးအရာရှိက ကျွန်တော့်ကို ကြောက်သွားအောင်လို့ ထောင်ချပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ တစ်ချိန်တည်းမှာ အရပ်ဝတ်နဲ့ အမျိုးသားတစ်ယောက်က သူတို့နဲ့ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အနာဂတ်မှာ ကောင်းစားရလိမ့်မယ်ဆိုပြီး မက်လုံးပေးတယ်။ ပြောရမယ်ဆိုရင် ချော့တစ်လှည့်၊ ခြောက်တစ်လှည့်နဲ့ ကျွန်တော့်ကို အမျိုးမျိုး ဖိအားပေးတာပေါ့ဗျာ။ အဖေ၊ အဖိုး၊ ဦးလေးတို့ ထောင်ကျတုန်းကအချိန်ကို ပြန်စဉ်းစားခိုင်းတယ်။ သူတို့မသိတာက ဒီလိုစဉ်းစားလိုက်တော့ စိတ်ဓာတ်မကျသွားတဲ့အပြင် ထောင်ချခံရမယ်ဆိုရင်တောင် ကျွန်တော်လည်း ယေဟောဝါအကူအညီနဲ့ ခံရပ်နိုင်မှာပါဆိုပြီး ပိုတောင်ယုံကြည်စိတ်ချလာတယ်။—ဖိလိပ္ပိ ၄:၁၃။
ကျွန်တော် ထောင်မကျခင် ရက်ပိုင်းအလိုမှာ ရိုက်ထားတဲ့ပုံ။ ဘယ်မှညာ– အဖေ၊ ကျွန်တော်၊ ပါလစ်၊ အမေ၊ မီခိုင်လို
ထောင်ကျနေစဉ် ယေဟောဝါကို ယုံကြည်ကိုးစား
ကျွန်တော် အသက် ၁၈ နှစ်ပြည့်ပြီး နောက်တစ်ရက်မှာပဲ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာ ရရှိတယ်။ စစ်မှုထမ်းဖို့ ငြင်းဆန်တော့ အချုပ်ကျခဲ့တယ်။ အချုပ်ခန်းကြီး တစ်ခန်းထဲမှာ အမျိုးသား ၈၅ ယောက်လောက်နဲ့ ပိတ်ပြီး နေရတာ။ ကုတင် ၃၄ လုံးပဲ ရှိတော့ အလှည့်ကျပဲ အိပ်ရတယ်။ တစ်ပတ်ကို တစ်ခါပဲ ရေချိုးခွင့် ရှိတယ်။
အချုပ်ခန်းထဲ ဝင်သွားတဲ့အခါ ထောင်တံခါးပိတ်သံ ဂျိန်းခနဲ မြည်သွားတယ်။ ကျွန်တော့်ကို အထဲကလူတွေအားလုံး ဝိုင်းကြည့်ကြတယ်။ ထောင့်မှာ ရပ်နေတဲ့ လူတစ်ယောက်က ကျွန်တော့်ကို ဘာအမှုနဲ့ ရောက်လာတာလဲလို့ ထမေးပါလေရော။ စိုးရိမ်မိပေမဲ့ ဒံယေလရဲ့ ကျမ်းမှတ်တမ်းကို သတိရသွားတယ်။ ခြင်္သေ့တွင်းထဲ ရောက်သွားတဲ့ ဒံယေလက ဘာထိခိုက်ဒဏ်ရာမှ မရခဲ့ဘူး။ ဒါကြောင့် ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ဖို့၊ စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ ဒီကျမ်းမှတ်တမ်းက ကူညီပေးတယ်။—ဟေရှာယ ၃၀:၁၅။ ဒံယေလ ၆:၂၁၊ ၂၂။
ညရောက်တော့ အကျဉ်းဖော်တစ်ယောက်က ကျွန်တော့် ယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေ အများကြီး မေးလာတယ်။ တဖြည်းဖြည်းနဲ့ တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး ကျွန်တော်တို့ ပြောနေတာကို ဝိုင်းနားထောင်ကြတယ်။ ဆွေးနွေးခန်းက လေး၊ ငါးနာရီလောက်တောင် ကြာသွားတယ်။ ယေဟောဝါ ကူညီပေးခဲ့လို့ ကျေးဇူးတင်လိုက်တာ။
ယေဟောဝါဆီမှာ ဉာဏ်ပညာနဲ့ ရဲစွမ်းသတ္တိ တောင်းခံခဲ့တယ်။ စစ်မှုမထမ်းချင်လို့ ဘုရားကို အကြောင်းပြနေတာဆိုတဲ့ စွပ်စွဲချက်နဲ့ အစိုးရရှေ့နေက အမှုကိုတည်ဆောက်သွားတယ်။ ကျွန်တော်ကတော့ စစ်မှုထမ်းလိုက်ရင် စကြဝဠာမှာ တန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ရဲ့ စိတ်နဲ့ တွေ့မှာမဟုတ်ဘူးဆိုပြီး အခိုင်အမာ ကာကွယ်ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ၁၉၈၂ မှာ တရားရုံးက ကျွန်တော့်ကို အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် နှစ်နှစ်ချလိုက်တယ်။
ထောင်ထဲမှာ ကျွန်တော်အပြင် ယေဟောဝါသက်သေ ငါးယောက်ရှိနေလို့ တော်သေးတယ်။ ကျွန်တော်တို့ စကားပြောချိန် သိပ်မရှိဘူး။ ဒါပေမဲ့ ရတဲ့အချိန်ကို ငါးမိနစ်ဆိုလည်း ငါးမိနစ် ကျမ်းတစ်ပိုဒ် ရအောင် ဆွေးနွေးကြတယ်။ ကျွန်တော်တို့ တစ်ယောက်မှ ကျမ်းစာအုပ် မရှိကြဘူး။ ဒါပေမဲ့ မိသားစု၊ မိတ်ဆွေတွေဆီကရတဲ့ စာတွေထဲကနေ ကျမ်းချက်လေးတွေ ပါလာတတ်တယ်။ လောကစာပေတွေထဲမှာတောင် ကျမ်းချက်တွေ တွေ့ရတဲ့အခါတွေ ရှိတယ်။
အရေးပေါ် ဆေးကုသမှု ခံယူချိန်မှာ ယေဟောဝါကို ယုံကြည်ကိုးစား
၁၉၈၃ မှာ ထောင်အလုပ်ရုံမှာ ကျွန်တော် ရှိနေတုန်း ကရိန်းတစ်စီးပေါ်ကနေ ပေါင်ချိန် ၄,၄၀၉ လောက်ရှိတဲ့ သတ္တုပြားတွေ မတော်တဆ လွတ်ကျလာတယ်။ အဲဒီသတ္တုပြားတွေက ကျွန်တော့်နောက်ကျောကို အရှိန်နဲ့ လာရိုက်တော့ ကျွန်တော် လဲကျသွားတယ်။ ဘယ်ဘက်ခြေထောက်ဆိုရင် ကြေမွသွားတာ။
နာကျင်လွန်းလို့ ယေဟောဝါဆီ ခံနိုင်ရည်ပေးပါဆိုပြီး ဆုတောင်းခဲ့ရတယ်။ ထောင်သူနာပြုက နာကျင်တာသက်သာအောင် အော်ပြီးတော့သာ ဆဲပစ်လိုက်တဲ့။ ဒါပေမဲ့ ကျွန်တော်က နိုင်ငံတော်သီချင်းတွေပဲ ဆိုလိုက်တယ်။
ဆေးရုံရောက်ဖို့ ကုန်တင်ကား၊ မော်တော်ဘုတ်၊ လူနာတင်ကားနဲ့ အဆင့်ဆင့် သွားခဲ့ရတယ်။ ခရီးအစအဆုံး ခြောက်နာရီတောင်ကြာတော့ လမ်းပေါ်မှာ သွေးဆုံးရှုံးမှု များတယ်။ ခွဲစိတ်ရမှာ သိနေတော့ ဆရာဝန်တွေ လိုအပ်တဲ့ ဉာဏ်ပညာပေးဖို့၊ သွေးသွင်းတာနဲ့ပတ်သက်ပြီး ကျမ်းစာအပေါ် အခြေပြုတဲ့ ရပ်တည်မှုကို လေးစားပေးကြဖို့ ဆုတောင်းခဲ့တယ်။ ကျွန်တော့် ယုံကြည်ချက်အကြောင်း ဆရာဝန်ကို ရှင်းပြတော့ နားမထောင်ချင်ဘူး။ ဒါပေမဲ့ တောင်းတောင်းပန်ပန်နဲ့ ထပ်ပြောတယ်။ သွေးမဲ့ကုသလို့ ဖြစ်ပေါ်လာတာမှန်သမျှကို ကျွန်တော် တာဝန်ယူဖို့ အဆင်သင့်ပဲလို့ ပြောလိုက်တယ်။ နောက်ဆုံးမှာ သွေးမဲ့ခွဲစိတ်ပေးမယ်လို့ ပြောတော့ စိတ်ကို ပေါ့သွားတာပဲ။ ဒါပေမဲ့ ဘယ်ဘက်ခြေထောက်ကိုတော့ ဖြတ်လိုက်ရတယ်။
ခွဲစိတ်မှု ပြီးတော့ ကျွန်တော် တော်တော်ကို အားအင်ကုန်ခန်းသွားပြီး ရက်သတ္တပတ် အတော်ကြာ သေလုမျောပါး ဖြစ်ခဲ့တယ်။ တစ်နေ့မှာတော့ သူနာပြုတစ်ယောက်က ကျွန်တော် ပြန်ထူထူထောင်ထောင်ဖြစ်လာဖို့ ထောင်ထဲမှာ ကျွေးတာထက် ပိုအာဟာရရှိတဲ့ အစားအစာ ရရှိမယ့်အကြောင်း လာအသိပေးတယ်။ ဒါတွေကို ရေခဲသေတ္တာထဲမှာ ထည့်ထားပေးမယ်တဲ့။ တစ်နေ့ကို ပျားရည်တစ်ဇွန်း၊ ထောပတ်နည်းနည်း၊ ကြက်ဥတစ်လုံး ရမှာ ဖြစ်တယ်။ မိဘတွေက ကျွန်တော် မတော်တဆမှု ဖြစ်တဲ့အကြောင်း ကြားရလို့ ဒီလိုစားလို့ရအောင် စီစဉ်ပေးတာ။ ဒါပေမဲ့ အရာရှိက ဒီလိုစီစဉ်တာကို တစ်ကြိမ်ပဲ လက်ခံပြီး နောက်ထပ် ခွင့်မပြုတော့ဘူး။
ယေဟောဝါရဲ့လက်တော် မတိုပါဘူး။ (ဟေရှာယ ၅၉:၁) သူနာပြုတွေက ကျွန်တော့်ရဲ့ ပတ်တီးတွေကို လဲပေးပြီးတိုင်း သူတို့စားဖို့ယူလာတဲ့ အစားအစာတွေကို မျှကျွေးကြတယ်။ ရေခဲသေတ္တာထဲက အစားအစာတွေကိုလည်း ပြန်ပြန်ဖြည့်ပေးကြတယ်။ အိုးထဲမှာ ဆီမပြတ်တဲ့ မုဆိုးမရဲ့ ကျမ်းမှတ်တမ်းကို သွားသတိရမိတယ်။—၁ ဘုရင်များ ၁၇:၁၄-၁၆။
နောက်တဖြည်းဖြည်းနဲ့ ကျွန်တော် နာလန်ပြန်ထူလာတယ်။ မိသားစု၊ မိတ်ဆွေတွေဆီက ရတဲ့စာ ၁၀၇ စောင် ဖတ်ပြီး အားရှိလိုက်တာ။ တစ်စောင်ချင်းစီကို စာပြန်ခဲ့တယ်။ တခြားအကျဉ်းထောင်တစ်ခုက ညီအစ်ကိုတွေဆီကနေတောင် လက်ဆောင်အထုတ်တစ်ထုတ် ရလိုက်သေးတယ်။
နှစ်လလောက်ကြာပြီးနောက်မှာတော့ ရေပြန်ချိုးလို့ရပြီ။ ထောင်ထဲက ညီအစ်ကိုတွေနဲ့ ပြန်ဆုံဖို့တောင် မျှော်နေမိတယ်။
ကျွန်တော် ဆေးရုံဆင်းဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်နေချိန်မှာ ဆရာဝန်တစ်ယောက်က သူ့ရုံးခန်းထဲ ခေါ်ပြီး ကျွန်တော့် ယုံကြည်ချက်တွေအကြောင်း မေးခွန်းအများကြီး မေးတယ်။ မေးပြီးတဲ့အခါ ကိုယ့်ယုံကြည်ချက်အတိုင်း အဆုံးထိ ရပ်တည်သွားနိုင်ပါစေဆိုပြီး ဆန္ဒပြုခဲ့တယ်။ စစ်ဝတ်စုံနဲ့ လူတစ်ယောက်ဆီကနေ ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
၁၉၈၄ ဧပြီလရောက်တော့ အယူခံဝင်ပြီး ကျွန်တော့်ကို ထောင်ကနေ လွှတ်သင့်မလွှတ်သင့် ဆုံးဖြတ်ကြတော့မယ်။ အရာရှိတွေက ကျွန်တော့်ကို စစ်မှုထမ်းမလားတဲ့။ ချိုင်းထောက်တွေ မှီပြီး ခြေတစ်ဘက်နဲ့ ရပ်နေတဲ့ ကျွန်တော့်အတွက် ဒီမေးခွန်းက မအပ်ဆက်ဘူးလို့ ပြန်ဖြေလိုက်တယ်။ ဒါနဲ့ “ခြေနှစ်ဘက် အကောင်းအတိုင်းသာ ရှိနေရင်ကော စစ်မှုထမ်းမလား” ဆိုပြီး ထပ်မေးပြန်တယ်။ ကျွန်တော် မထမ်းနိုင်ပါဘူးခင်ဗျာ၊ ဘုရားအပေါ် ဆက်သစ္စာစောင့်သိဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်ဆိုပြီး ပြန်ဖြေတယ်။ ဒါဆိုရင် မင်းရဲ့ ထောင်ဒဏ်မစေ့မချင်း လုံးဝ မလွတ်ပေးဘူးဆိုပြီး ပြောတယ်။ ဒါပေမဲ့ ကျွန်တော့် သတ်မှတ်ထောင်ဒဏ်မစေ့ခင် နှစ်လနဲ့ ၁၂ ရက်အလိုမှာ ထောင်ကလွတ်လာတယ်။
အကျဉ်းစခန်းကနေ ကျွန်တော် လွတ်လာပြီးနောက် မီခိုင်လို (ညာ) နဲ့အတူ ရိုက်ထားတဲ့ပုံ
ထောင်ကနေ လွတ်လာပြီးနောက် ယေဟောဝါကို ယုံကြည်ကိုးစား
ထောင်ကလွတ်လာပြီး တစ်နှစ်အကြာမှာ ခြေတုတစ်ခု ရတယ်။ မနက်တိုင်း ခြေတုတစ်ခါတစ်ခါ တပ်ဖို့အရေး တစ်နာရီလောက် အချိန်ပေးရတယ်။ ဆောင်းတွင်းမှာ ခြေတုနဲ့နေရတာ သိပ်ခက်တယ်။ ခြေထောက် ပြတ်သွားတဲ့အပိုင်းက သွေးလည်ပတ်မှု မကောင်းတော့ အမြဲအေးစက်နေတတ်တယ်။ ကျွန်တော် မပြေးလွှားနိုင်တော့တာ အသက် ၁၉ နှစ်ကတည်းကပါ။ ဒါပေမဲ့ ကမ္ဘာသစ်မှာ ပြေးလွှားနိုင်မယ့်နေ့ ရောက်လာတော့မှာပါ။—ဟေရှာယ ၃၅:၆။
ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့
အလုပ်ရှာရခက်တယ်၊ မသန်စွမ်းတဲ့သူတစ်ယောက်ကို ဘယ်အလုပ်ရှင်မှ အလုပ်မခန့်ချင်ကြဘူး။ ခြေတုတပ်ထားပေမဲ့ ကျွန်တော့်ဘဝမှာ ရုံးထိုင်အလုပ် လုပ်ရတယ်ဆိုတာ မရှိဘူး။ ကားအမျိုးမျိုး ပြင်တဲ့အလုပ် လုပ်ဖြစ်တယ်။ နောက်ပိုင်း ဆောက်လုပ်ရေးအလုပ်မှာလည်း ဝင်လုပ်ခဲ့တယ်။
၁၉၈၆ မှာ ဆစ်လံနာဆိုတဲ့ ချစ်စရာ ညီအစ်မတစ်ယောက်နဲ့ အိမ်ထောင်ပြုတယ်။ ကျွန်တော့်လိုပဲ ဆစ်လံနာရဲ့ အဖိုးအဖွားတွေကလည်း ယေဟောဝါသက်သေတွေ။ ရည်းစားဘဝမှာကတည်းက ကျွန်တော်တို့ရဲ့ အိမ်ထောင်မှာ ယေဟောဝါကို အမြဲပထမနေရာမှာ ထားမယ်ဆိုပြီး ဆုံးဖြတ်ထားတာကို ကျေးဇူးတင်မိတယ်လို့ သူအမြဲပြောလေ့ ရှိတယ်။
သမီး အိုလီရာနဲ့ သား ဗိုလိုဒီယာက ကျွန်တော်တို့ အိမ်ပြုပြင်တဲ့အခါ ဝိုင်းကူပေးရင်း ဆောက်လုပ်ရေးအတတ်ပညာ တတ်ကျွမ်းလာကြတယ်။ သူတို့ကြီးလာတော့ အစည်းအဝေးခန်းမ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ပျော်ပျော်ရွှင်ရွှင် လုပ်အားပေးကြတယ်။ မှန်မှန်ရှေ့ဆောင်လည်း လုပ်ကြတယ်။ အိုလီရာက ဆောက်လုပ်ရေးအမှုထမ်းအနေနဲ့၊ ဗိုလိုဒီယာက အကြီးအကဲအနေနဲ့ အမှုဆောင်နေပါတယ်။
သမက် အိုလက်၊ သမီး အိုလီရာ၊ ဆစ်လံနာ၊ ကျွန်တော်၊ ချွေးမ အန်နာနဲ့ သား ဗိုလိုဒီယာ
ဆစ်လံနာက ကျွန်တော့်အတွက် အထောက်အမကောင်းပါ၊ အသင်းတော်တာဝန်တွေ ကောင်းကောင်းထမ်းဆောင်နိုင်အောင် အမြဲပံ့ပိုးကူညီတယ်။ လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက ယူကရိန်းနိုင်ငံက အသင်းတော် အတော်များများမှာ ကြေညာသူ ၂၀၀ ကျော်ရှိပြီး အကြီးအကဲကျတော့ တစ်ယောက်၊ နှစ်ယောက်ပဲ ရှိတာ။ ကျွန်တော်က တစ်လမှာတစ်ခါ စနေ၊ တနင်္ဂနွေနေ့မှာ ယူကရိန်းအလယ်ပိုင်းက အသင်းတော်တွေဆီ စာပေတွေ သွားပို့ပေးရတယ်။
နောက်ပိုင်းနှစ်တွေမှာလည်း ယေဟောဝါကို ဆက်လက် ယုံကြည်ကိုးစား
၂၀၂၂ မှာ ကျွန်တော်တို့ လင်မယားနှစ်ယောက် ကရီဗီရိမြို့ကနေ သြစတြီးယားနိုင်ငံကို ပြောင်းရွှေ့ခဲ့ကြတယ်။ အခု အဲဒီက အသင်းတော်တစ်ခုမှာ အမှုဆောင်နေကြပါတယ်။
အခက်အခဲတွေကြား ရောင့်ရဲတင်းတိမ်စိတ် မွေးမြူခဲ့တဲ့ သက်သေခံဆွေမျိုးတွေကို ကြည့်ပြီး ကြီးလာတာ။ ကျမ်းစာကနေလည်း ဖန်ဆင်းရှင်အကြောင်း သိကျွမ်းခွင့်ရတယ်၊ ရင်းနှီးခွင့်ရတယ်။ (ယာကုပ် ၄:၈) ဘုရားနဲ့ ရင်းနှီးခွင့်ရတာ ဘဝရဲ့ အနှစ်သာရပါ။ ဘဝတစ်လျှောက်မှာ အခက်အခဲအမျိုးမျိုး ကြုံခဲ့ရတယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ ယေဟောဝါ ရထိုက်တဲ့ ဂုဏ်တင်ချီးမွမ်းမှုကို ပေးနိုင်ခဲ့လို့ ကျွန်တော် သိပ်အားရကျေနပ်မိပါတယ်။
ဆစ်လံနာနဲ့အတူ သြစတြီးယားနိုင်ငံမှာ
a ဗလာဒီမာ လီနင်ဟာ ရုရှား ကွန်မြူနစ်ပါတီ တည်ထောင်သူ၊ ဆိုဗီယက်ပြည်ထောင်စုရဲ့ ပထမဦးဆုံး ခေါင်းဆောင် ဖြစ်တယ်။