ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfs ဆောင်းပါး ၂၃
  • ယေဟောဝါအကူအညီနဲ့ ကလေးငါးယောက် ပြုစုပျိုးထောင်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါအကူအညီနဲ့ ကလေးငါးယောက် ပြုစုပျိုးထောင်နိုင်
  • ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိမ်ထောင်ပြုပြီးနောက် ဆန့်ကျင်မှုကြုံရ
  • ကလေးတွေကို လေ့ကျင့်ပေး
  • ရှေ့ဆောင်လုပ်ဖို့ ပန်းတိုင်ထား
  • ခက်ခဲတဲ့ ကာလ
  • ယေဟောဝါရဲ့အကူအညီနဲ့ အကောင်းဆုံးပေးဆက်နိုင်ခဲ့
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
  • ရှားပါးသည့်ခရစ်ယာန်အမွေတစ်ခု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါ၏ နည်းလမ်းတော်များအတိုင်း သားသမီးရှစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းသည် စိန်ခေါ်ချက်နှင့် ပျော်ရွှင်ဖွယ်ဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သင့်ကလေးအား ယေဟောဝါကို ရွေးချယ်ရန် ကူညီပေးနေပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
lfs ဆောင်းပါး ၂၃
ကယ်ရို အက်ပဲလ်ဘီ

ကယ်ရို အက်ပဲလ်ဘီ | ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါအကူအညီနဲ့ ကလေးငါးယောက် ပြုစုပျိုးထောင်နိုင်

ကျွန်မဘဝတစ်လျှောက်လုံး အင်္ဂလန်နိုင်ငံ၊ ယောက်ရှိုင်းနယ် မြောက်ပိုင်းက မယ်လ်တန်လို့ခေါ်တဲ့ မြို့လေးနားမှာ နေထိုင်ခဲ့တယ်။ တောင်ကုန်းတွေ၊ သစ်ပင်တွေ၊ စိမ်းစိုနေတဲ့ မြက်ခင်းပြင်တွေ၊ ကွေ့ကောက်နေတဲ့ လမ်းမတွေ၊ ကျောက်တုံးတွေနဲ့ ဆောက်တဲ့ တစ်ထပ်တိုက်လေးတွေ၊ သိပ်လှတဲ့ရွာလေးတွေရှိတယ်။ သိပ်ကို လှပတဲ့နေရာလေးပါ။ အဲဒီနေရာလေးမှာ ကျွန်မရဲ့ ကလေးငါးယောက်ကို ပြုစုပျိုးထောင်ခဲ့တယ်။ လွယ်တော့ မလွယ်ဘူးပေါ့။ အဲဒီအကြောင်း ပြောပြပါရစေ။

ကျွန်မတို့ မိသားစုမှာ မောင်နှမ ငါးယောက်ရှိတယ်။ ကျွန်မ အထက်မှာ အစ်ကိုတစ်ယောက်၊ အစ်မတစ်ယောက်နဲ့ အောက်မှာ မောင်လေးတစ်ယောက်၊ ညီမလေး တစ်ယောက်ရှိတယ်။ ပြီးတော့ အမေနဲ့ အဖေပေါ့။ မိသားစုအတွက် လုံလောက်ရုံ ထောက်ပံ့ပေးနိုင်တဲ့ စိုက်ခင်းအသေးလေးတစ်ခုလည်းရှိတယ်။ ကြက်တွေ၊ ဝက်တွေ၊ နွားတွေလည်း မွေးထားသေးတယ်။ လယ်သမားတွေဆိုတော့ အလုပ်တော့ ပင်ပင်ပန်းပန်းလုပ်ရတာပေါ့။ ဒါပေမဲ့ ကျွန်မတို့ ပျော်ကြတယ်။

ဘဲတစ်ကောင်ဘေးမှာ ထိုင်နေတဲ့ ကယ်ရို

ကျွန်မ ၁၄ နှစ်အရွယ်တုန်းက မိသားစု စိုက်ခင်းမှာ

ကျွန်မတို့မိသားစု မက်သဒစ်ချာ့ချ်မှာ ဘုရားကျောင်းတက်ကြတယ်။ အဖေက သိပ်အဆိုကောင်းတော့ ဓမ္မတေးသံစုံအဖွဲ့မှာ ပါဝင်ရတယ်။ အနီးဝန်းကျင်က တခြားချာ့ချ်တွေကို သီချင်းသွားဆိုရတယ်။ ရှေ့ဆုံးတန်းက ခုံတွေကို အရေးကြီးပုဂ္ဂိုလ်တွေအတွက် ဖယ်ထားတယ်။ ကျွန်မကတော့ အနောက်မှာပဲ ထိုင်ရပေမဲ့ အဖေ သီချင်းဆိုတာ ကြားနေရရင်ကို ပျော်နေတာ။

တနင်္ဂနွေနေ့ရောက်ပြီဆိုရင် အဖွား လာလည်တတ်တယ်။ ကျွန်မကတော့ ဖွားဖွားလို့ပဲ ခေါ်တယ်။ အဖေ့ဘက်ကပါ။ စိတ်မကောင်းစရာက ကျွန်မအသက် ၁၆ နှစ်မှာ အဖွားဆုံးသွားတယ်။ ကျွန်မ အရမ်းဝမ်းနည်းသွားတယ်။ အဖွားဘယ်ရောက်သွားပြီလဲ၊ သူ့ကို ပြန်တွေ့ရပါဦးမလားဆိုတာ သိပ်သိချင်ခဲ့တယ်။ ဒါနဲ့ နတ်ကတော်တစ်ယောက်ဆီကို ကျွန်မ ခဏခဏသွားတယ်။ သူ့အိမ်က မှောင်မှောင်မဲမဲ၊ ညစ်ညစ်ပတ်ပတ်နဲ့ ကြောက်စရာကြီး။ အဖွား ဘယ်များရောက်နေပြီလဲဆိုတာလေးပဲ ကျွန်မ သိချင်ခဲ့တာပါ။ နတ်ကတော်ကတော့ မပြောပြနိုင်ဘူး။

နှစ်အနည်းငယ်ကြာတော့ အဖေ့ဘက်က ဆွေမျိုးတစ်ယောက်က ယေဟောဝါသက်သေဆိုတော့ ကျွန်မကို အစည်းအဝေးလိုက်တက်ဖို့ ဖိတ်ခေါ်တယ်။ ယေဟောဝါသက်သေတွေက ထူးထူးဆန်းဆန်း ယုံကြည်ချက်တွေရှိတယ်ဆိုတာ ကြားဖူးပေမဲ့ သူနဲ့အတူ အစည်းအဝေးလိုက်သွားလိုက်တယ်။ သဘောကောင်းတဲ့ အန်တီတစ်ယောက်က ကျွန်မကို သူနဲ့အတူ ကျမ်းစာလေ့လာကြည့်ချင်သလားဆိုပြီး မေးတယ်။ အဲဒီလိုနဲ့ ကျွန်မ အသက်လမ်းပေါ် စရောက်လာတာပဲ။ စစချင်းမှာတော့ ကျွန်မရဲ့ ဂျိမ်းစ်ဘုရင် ဘာသာပြန်ကျမ်းကိုပဲ အသုံးပြုတယ်။ ဘာကြောင့်လဲဆိုတော့ အမေပြောထားတဲ့အတိုင်း ယေဟောဝါသက်သေတွေရဲ့ ဘာသာပြန်ကျမ်းက တိကျမှန်ကန်မှုမရှိဘူးလို့ ထင်နေတာလေ။ နောက်မှ အမေပြောသလို မဟုတ်မှန်း သိလာတယ်။

ကျမ်းစာကနေ သိလာတာတွေကြောင့် ကျွန်မ သိပ်အားတက်ခဲ့ရတယ်။ အထူးသဖြင့် ကျွန်မအဖွားက အုတ်ဂူမှာ အိပ်နေတာ၊ ရှင်ပြန်ထမြောက်လာတဲ့အခါ သူနဲ့ ပြန်တွေ့ရမှာကို သိလာရလို့လေ။a ကျမ်းစာလေ့လာလေ ကျမ်းစာနဲ့ ဘုရားအကြောင်း ငါဘာမှမသိသေးဘူးပဲဆိုတာ သဘောပေါက်လာတယ်။ အဖေဆိုရင် ပိုဆိုး။ နှစ်နဲ့ချီပြီး ဘုရားကျောင်းသာ သွားနေတာ၊ ဘုရားအကြောင်း ဘာဆိုဘာမှမသိသလောက်ပဲ။ “လမ်းညွှန်လှည့်ပါ၊ အို ယေဟောဝါ” ဆိုပြီး အခေါက်ပေါင်းမနည်း သီဆိုခဲ့ကြပေမဲ့ ဘယ်သူဘယ်ဝါအကြောင်း ဆိုနေမှန်းတောင် ကျွန်မတို့ မသိခဲ့ကြဘူး။

အိမ်ထောင်ပြုပြီးနောက် ဆန့်ကျင်မှုကြုံရ

ကျွန်မရဲ့ ရည်းစား အီရန်လည်း ကျွန်မလေ့လာနေတာတွေကို စိတ်ဝင်စားလို့ ကျမ်းစာကို စပြီးလေ့လာတယ်။ အပြောင်းအလဲလေးတွေ စလုပ်လာတယ်။ ဆေးလိပ်တောင် မသောက်တော့ဘူး။ ၁၉၇၁ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်မတို့ လက်ထပ်ခဲ့ကြတယ်။ မကြာပါဘူး၊ အီရန်ရဲ့ အမေ ရုတ်တရက် ဆုံးသွားချိန်မှာ ကျွန်မတို့ရဲ့ ယုံကြည်ခြင်း စမ်းသပ်ခံရတော့တယ်။ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက စျာပနပွဲကို အကြောင်းပြပြီး ပွဲအမျိုးမျိုးမှာ ပါဝင်ဖို့ ကျွန်မတို့ကို လာဖိတ်ကြတယ်။ အဲဒီပွဲတွေမှာ သူတို့တွေ ဆေးလိပ်သောက်ကြတယ်၊ သောက်စားမူးယစ်ကြတယ်။ အကျင့်ဟောင်းတွေကို ပြန်လုပ်မိဖို့ အီရန်တစ်ယောက် အကြီးအကျယ် သွေးဆောင်ခံရပါလေရော။

စိတ်မကောင်းစရာက အီရန် သွေးဆောင်မှုနောက်ပါသွားပြီး အမှန်တရားအတိုင်း လိုက်မလျှောက်တော့ဘူး။ ကျမ်းစာလေ့လာဖို့၊ အစည်းအဝေးတက်ဖို့ တဖြည်းဖြည်း ပျက်ကွက်လာတယ်။ ကျွန်မကတော့ ကျမ်းစာလေ့လာတာ၊ အစည်းအဝေးတက်တာ၊ အမှုဆောင်ထွက်တာတွေ မြတ်မြတ်နိုးနိုး ဆက်လုပ်ခဲ့တယ်။ ၁၉၇၂ ခုနှစ်၊ မတ် ၉ ရက်မှာ ကျွန်မ နှစ်ခြင်းခံခဲ့တယ်။ နှစ်ခြင်းခံတဲ့နေ့တုန်းက အီရန်လည်း လာကြည့်တယ်။ နောက်တော့ ယေဟောဝါကို ဝတ်ပြုကိုးကွယ်နေတဲ့ ကျွန်မကို အီရန် အတိုက်အခံလုပ်စပြုလာတယ်။ အစပိုင်းမှာ အဖွဲ့အစည်းစာပေတွေကို သူ အိမ်မှာ မမြင်ချင်ဘူး။ နောက်တော့ ကျွန်မကိုပါ အမှုဆောင် ပေးမသွားတော့ဘူး။ နောက်ဆုံး၊ အရက်ဆိုင်တွေမှာ ခရစ္စမတ်ပွဲတွေ၊ မွေးနေ့ပွဲတွေကို သူနဲ့အတူ လိုက်တက်ခိုင်းတော့တာပဲ။ သူ့ကို လေးစားတဲ့အနေနဲ့ တစ်ခါတလေ လိုက်သွားတာမျိုးရှိပေမဲ့ ကျမ်းစာနဲ့ မကိုက်ညီတဲ့ ဓလေ့ထုံးစံတွေမှာ မပါဝင်မိအောင် သိပ်သတိထားရတယ်။b သိစိတ် ကြည်ကြည်လင်လင်နဲ့ ယေဟောဝါဘုရားအပေါ် သစ္စာဆက်ရှိနေနိုင်ဖို့ သန့်စင်ခန်းထဲသွားပြီး ထပ်ခါတလဲလဲ ဆုတောင်းခဲ့ရတယ်။ ယေဟောဝါရဲ့ ထောက်မမှုကို အမြဲတမ်း ခံစားရတယ်။

အီရန်နဲ့ ကျွန်မမှာ သားသုံးယောက် ရှိတယ်။ ဖိလစ်၊ နိုင်ဂျယ်၊ အင်ဒရူးပါ။ အမျိုးသားက အဝေးပြေးလမ်းမမှာ ကားမောင်းတဲ့အလုပ်လုပ်တော့ အိမ်မှာမရှိတာများတယ်။ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားရင်း တစ်ဖက်မှာလည်း ယေဟောဝါအပေါ် တတ်နိုင်သလောက် ကြိုးစားအမှုဆောင်ခဲ့ပါတယ်။ အိမ်မှာ အီရန် မရှိတဲ့ရက်တွေဆိုရင် ကျွန်မ အမှုဆောင်ထွက်တယ်။ သူပြန်လာတဲ့ စနေ၊ တနင်္ဂနွေတွေဆိုရင်တော့ သူ့ကို ကောင်းကောင်းအချိန်ပေးတယ်။ ကလေးတွေရှေ့မှာ သူ့မကောင်းကြောင်း လုံးဝမပြောမိအောင် သတိထားတယ်။

အသင်းတော်မှာလည်း သူငယ်ချင်းတွေ အများကြီးရလာတယ်။ အဖေနဲ့ အမေဆီသွားလည်တိုင်း သူတို့ကိုပါ ခေါ်သွားတယ်။ ကျွန်မမိဘတွေ သူတို့ကို တဖြည်းဖြည်း ချစ်ခင်လာကြတယ်။ အသင်းတော်က တကယ်ခင်ဖို့ကောင်းတဲ့ ညီအစ်ကိုတစ်ယောက် ဆုံးသွားတုန်းက သူ့ဈာပနပွဲကို အမေက အစည်းအဝေးခန်းမမှာ လာတက်တယ်။ သိပ်မကြာခင်မှာပဲ ကျွန်မမိဘတွေ၊ အစ်ကိုကြီး စတန်လီနဲ့ သူ့ဇနီး အေဗရယ်တို့ ကျမ်းစာလေ့လာပြီး နှစ်ခြင်းခံလိုက်ကြတယ်။

စတန်လီနဲ့ အေဗရယ်တို့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ ယောင်းမနဲ့အတူ ကလေးတွေနဲ့ အမှုဆောင်ထွက်ပြီဆိုရင် သိပ်ပျော်စရာကောင်းတယ်။ ကျွန်မနဲ့ အေဗရယ် နှစ်ယောက်စလုံးမှာ ကားမရှိလို့ ကလေးတွန်းလှည်းတွေ တွန်းပြီး ခြေကျင်နဲ့ အဝေးကြီး အမှုဆောင်ထွက်ကြတာ။ အားလုံးက ပြုံးပြုံးရွှင်ရွှင်ပါပဲ။ သားလေး အင်ဒရူးက တွန်းလှည်းထဲ ထိုင်စီးရင်း နိုင်ဂျယ်က လှည်းရဲ့အပေါ်မှာ ထိုင်တယ်။ ဖိလစ်ကတော့ လှည်းရဲ့ လက်ကိုင်လေးကို ကိုင်ပြီး လမ်းလျှောက်လိုက်တယ်။

တဲရှေ့မှာ ရပ်နေကြတဲ့ ကယ်ရို၊ သူ့အဖေ၊ သူ့သားနှစ်ယောက်

ခရိုင်အစည်းအဝေးကာလအတွင်း တဲထိုးပြီးနေကြတဲ့ ဖိလစ်၊ နိုင်ဂျယ်၊ ကျွန်မနဲ့ အဖေ

ကလေးတွေကို လေ့ကျင့်ပေး

အီရန်နဲ့ ကျွန်မ သမီးနှစ်ယောက် ထပ်ရလာတယ်။ ကယ်ရိုလိုင်းနဲ့ ဒယ်ဘီပါ။ သားသမီးအားလုံး ယေဟောဝါကို ချစ်တတ်လာအောင် လေ့ကျင့်ပေးဖို့ ကျွန်မ စိတ်ပိုင်းဖြတ်ထားတယ်။ မိဘတွေအတွက် ကျမ်းစာပါ အကြံဉာဏ်မှန်သမျှကို အတတ်နိုင်ဆုံး ကျင့်သုံးတယ်။ ယေဟောဝါဘုရားကို ကျွန်မ ဆက်ကပ်အပ်နှံထားတယ်၊ အဲဒီဆက်ကပ်အပ်နှံမှုကို တန်ဖိုးထားတယ်ဆိုတာ ကလေးတွေ မြင်စေချင်လို့ ယေဟောဝါရဲ့လမ်းစဉ်အတိုင်း အစွမ်းကုန် လိုက်လျှောက်ခဲ့တယ်။

“မကောင်းတဲ့ အပေါင်းအသင်းဟာ ကောင်းတဲ့ အကျင့်ကို ပျက်စီးစေတတ်တယ်” ဆိုတဲ့ ၁ ကောရိန္သု ၁၅:၃၃ က ကျွန်မ စပြီး အလွတ်ကျက်ခဲ့တဲ့ ကျမ်းချက်တွေထဲက တစ်ခုပါ။ အစည်းအဝေးကြီးတစ်ခုမှာ ညီအစ်မတစ်ယောက် ပြောပြတာကို မှတ်မိသေးတယ်။ သားသမီးတွေကို ကျောင်းနေဖက်တွေနဲ့ အပြင်မှာ မလိုအပ်ဘဲ အချိန်ပေးပေါင်းတာမျိုး မလုပ်ဖို့ သင်ပေးထားတယ်တဲ့။ ကျွန်မလည်း အဲဒီအတိုင်း လုပ်ချင်ပေမဲ့ သိပ်တော့ မလွယ်လှဘူး။ သားတွေက ကျောင်းက သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ဖို့ အိမ်ကနေ ခိုးခိုးပြီး ထွက်သွားတတ်ကြတယ်။ သူတို့ သူငယ်ချင်းတွေက လူကောင်းလေးတွေပါ။ ဒါပေမဲ့ ယေဟောဝါကို ဝတ်မပြုကြဘူးလေ။ သူတို့ရဲ့ အပြောအဆိုနဲ့ လုပ်ရပ်ကို ကြည့်ရင် သိနိုင်ပါတယ်။

တစ်ခါ၊ သားတွေကို ကျောင်းဆင်းလို့ ဘောလုံးကန်ချင်ရင် အမေနဲ့ အတူကန်ကြမယ်လေလို့ ပြောလိုက်တယ်။ ဒါပေမဲ့ အဆင်မပြေပါဘူး။ ကျွန်မက ဘောလုံးမှ မကန်တတ်ဘဲ။ ဒါပေမဲ့ ကျွန်မ လက်မလျှော့ဘူး။ အပေါင်းအသင်းကို ဉာဏ်ပညာရှိရှိ ရွေးချယ်ပေါင်းသင်းဖို့ လိုတယ်ဆိုတာ သူတို့လေးတွေသိလာအောင် ဆက်ကြိုးစားခဲ့တယ်။ နောက်တော့လည်း ယေဟောဝါကို ဝတ်မပြုသူတွေနဲ့ပေါင်းမှမဟုတ်ဘဲ တခြားနည်းတွေနဲ့လည်း ပျော်နိုင်တယ်ဆိုတာ သူတို့လေးတွေ သဘောပေါက်သွားကြတယ်။

ကျွန်မ စိတ်ထဲမှာ စွဲမှတ်ထားတဲ့ ကျမ်းချက်နောက်တစ်ခုက ၁ ယောဟန် ၂:၁၇ ပါ။ “ဒီလောကရော လောကမှာရှိတဲ့ လူတွေ လိုချင်ရာ အားလုံးပါ ရွေ့သွားကွယ်ပျောက်နေတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲ တည်တယ်” လို့ ဆိုထားတယ်။ စာတန့်လောကစနစ် တဖြည်းဖြည်း ရွေ့သွားကွယ်ပျောက်နေမှန်း သိလို့ ကလေးတွေကို ဘုရားရေးရာမှာ တက်လှမ်းဖို့၊ ဘုရားမျက်နှာသာ အမြဲခံစားနေနိုင်ဖို့ အားပေးတယ်။ ဘယ်လောက်ပဲ သေးမွှားတဲ့ အခက်အခဲဖြစ်ပါစေ ယေဟောဝါဆီ ဆုတောင်းပြောပြတယ်။ ကျမ်းစာထဲက လမ်းညွှန်ချက် တစ်ခုမဟုတ်တစ်ခု အမြဲတွေ့တတ်တယ်။ ကျမ်းစာမှာ ဘာပြောထားသလဲ ကလေးတွေကို ပြန်ပြတဲ့အခါ သူတို့ကို လမ်းညွှန်ပေးနေတာ ကျွန်မမဟုတ်ဘဲ ယေဟောဝါဖြစ်မှန်း သိလာကြတယ်။ ကျွန်မရဲ့ အပြောနဲ့ လုပ်ရပ်တွေမှာ အတတ်နိုင်ဆုံး စံနမူနာကောင်းပြတယ်။ ကြိုးစားရကျိုးနပ်ပါတယ်။ သူတို့က အသက်ငယ်ငယ်လေးနဲ့ ပြန်လည်ပတ်မှုကိုယ်စီ ရှိကြလို့ သိပ်ပျော်ကြတယ်၊ အားရှိကြတယ်။

အရေးအကြီးဆုံးကတော့ အစည်းအဝေးတွေကို မပျက်မကွက် တက်ရောက်ဖို့ပါပဲ။ တစ်ခါကဆိုရင် ကြားရက်အစည်းအဝေးအတွင်း ကလေးတွေ သိပ်ပင်ပန်းနေကြတာ သတိထားမိတယ်။ အဲဒါနဲ့ အစည်းအဝေးရှိတဲ့ရက်တွေမှာ သူတို့ကို ကျောင်းကနေ သွားကြိုတယ်။ မုန့်ပဲသရေစာလေးတွေ ကျွေးတယ်။ သားအမိတွေ တရေးတမော အိပ်ကြတယ်။ အဆင်ပြေသွားရော။ တစ်ယောက်ယောက် နေမကောင်းလို့ အစည်းအဝေးခန်းမကို သွားဖို့မဖြစ်နိုင်တဲ့အခါမှပဲ အစည်းအဝေး ပျက်ကွက်ကြတယ်။ အဲဒီအခါ အစည်းအဝေးမှာ လေ့လာမယ့်အကြောင်းအရာတွေကို အိမ်မှာ လေ့လာကြတယ်။ လေ့လာလို့ မပြီးမချင်း တီဗီ မကြည့်ကြဘူး။ တစ်ခါတလေ အီရန်တစ်ယောက် အိမ်ကို အစောကြီး ပြန်ရောက်လာတတ်တယ်။ အဲဒီအခါ ကျွန်မတို့ စာအုပ်တွေကို ကပျာကယာ ဝှက်ပြီး တီဗီ ပြေးဖွင့်တယ်။

မိသားစုဝတ်ပြုမှုဟာ ကျွန်မတို့အတွက် သိပ်အရေးကြီးတယ်။ တစ်ခါတလေ ကျွန်မတို့ ဗေသလအကြောင်းပြောဖြစ်ကြတယ်။ ကလေးတွေ ဗေသလရဲ့ ဘယ်ဌာနမှာ အလုပ်လုပ်ချင်သလဲဆိုတာမျိုးပေါ့။

ဘယ်မှညာ– ကျွန်မရဲ့သားသမီးတွေ—ဖိလစ်၊ ကယ်ရိုလိုင်း၊ ဒယ်ဘီ၊ အင်ဒရူး၊ နိုင်ဂျယ်

ရှေ့ဆောင်လုပ်ဖို့ ပန်းတိုင်ထား

ကျွန်မရဲ့ အကြီးဆုံးသား ဖိလစ် ၁၆ နှစ်မှာ ကားပြင်ဆရာလုပ်ဖို့ အချိန်ပြည့်အလုပ်တစ်ခု ကမ်းလှမ်းခံရတယ်။ ပြတင်းပေါက် သန့်ရှင်းတဲ့ အချိန်ပိုင်းအလုပ်လုပ်ဖို့လည်း အခွင့်အရေးရခဲ့တယ်။ ပြတင်းပေါက် သန့်ရှင်းရတဲ့အလုပ်ကို သူသိပ်သဘောမကျဘူး။ အချိန်ပြည့်အလုပ်သာလုပ်ရင် မိသားစုကို ထောက်ပံ့ပေးနိုင်မှာဆိုပြီး ရှင်းပြတယ်။ မိသားစုကို သူထောက်ပံ့ပေးဖို့ မလိုကြောင်း၊ ထောက်ပံ့ပေးဖို့က အိမ်ထောင်ဦးစီးမှာပဲ တာဝန်ရှိကြောင်း သူ့ကို အကျိုးအကြောင်းရှင်းပြလိုက်တယ်။ ကျွန်မတို့မှာ လိုအပ်တာမှန်သမျှ အမြဲရနေတဲ့အကြောင်း သူ့ကို ပြောပြတယ်။ သူသာ ပြတင်းပေါက် သန့်ရှင်းရေး အချိန်ပိုင်းအလုပ်ကို လုပ်မယ်ဆိုရင် ချက်ချင်း ရှေ့ဆောင်လုပ်နိုင်မှာလို့ ရှင်းပြခဲ့တယ်။

ကျောင်းပြီးတာနဲ့ ဖိလစ် မှန်မှန်ရှေ့ဆောင်စလုပ်တယ်။ ကျွန်မက အရန်ရှေ့ဆောင်လုပ်တယ်။ ဒုတိယမြောက်သား နိုင်ဂျယ်လည်း ကျောင်းပြီးသွားတဲ့အခါ မှန်မှန်ရှေ့ဆောင်စလုပ်တယ်။ အဲဒီအချိန်မှာ ကျွန်မလည်း မှန်မှန်ရှေ့ဆောင်လျှောက်လွှာ တင်လိုက်တယ်။ တစ်နှစ်လောက်ဖြစ်ဖြစ် ရှေ့ဆောင်လုပ်လိုက်ရင် ကလေးတွေနဲ့အတူတူ အမှုဆောင် လိုက်ထွက်နိုင်မယ်၊ ရှေ့ဆောင်သင်တန်း အတူတက်နိုင်မယ်ဆိုပြီး တွေးမိလို့ပါ။ နောက်တော့ နိုင်ဂျယ်နဲ့အတူ ရှေ့ဆောင်သင်တန်းတက်ခွင့် ရလိုက်ပါတယ်။

နဂိုကတည်းက ရှေ့ဆောင်လုပ်ငန်းကို ကျွန်မ သိပ်သဘောကျတာ။ နောက်ပြီး ယေဟောဝါအတွက် ဒီလိုမျိုးအမှုဆောင်တာက ကျွန်မရဲ့ကလေးတွေအတွက် စံနမူနာကောင်းပြရာရောက်မှန်းလည်း သိတယ်။ ယေဟောဝါဘုရားရဲ့ အကူအညီကြောင့် ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်လာခဲ့တာ ၃၅ နှစ် ရှိပါပြီ။ ကျွန်မ ရှေ့ဆောင်လုပ်နေတာ အီရန်သာသိရင် ကျိန်းသေပေါက် ကန့်ကွက်မှာ။ ဒါကြောင့် သူကားမောင်းတဲ့ ကြားရက်တွေမှာ အမှုဆောင်ထွက်ဖို့ စီစဉ်တယ်။ ဒါမှ သူပြန်လာတဲ့အခါ သူ့ကို ကောင်းကောင်း အချိန်ပေးနိုင်မှာ။

နောက်တော့ သားလေး နိုင်ဂျယ် ဗေသလမှာ အမှုဆောင်ခွင့်ရတယ်။ ဗေသလမှာရတဲ့ သိပ်ကောင်းတဲ့အပေါင်းအသင်းတွေ၊ လေ့ကျင့်မှုတွေက သူ့ကို ရင့်ကျက်တဲ့ ညီအစ်ကိုတစ်ယောက်ဖြစ်လာအောင် ကူညီပေးတယ်။ ဖိလစ်နဲ့ အင်ဒရူးလည်း ဓမ္မအမှုသင်တန်း တက်ခွင့်ရခဲ့တယ်။c သင်တန်းသွားတုန်းက သူတို့က ကျွန်မမျက်စိထဲမှာ ကလေးတွေ။ သင်တန်းပြီးလို့ အိမ်ပြန်ရောက်တဲ့အခါမှာတော့ တကယ့်လူကြီးတွေလိုပဲ ရင့်ကျက်နေကြပြီ။ (၁ ပေတရု ၅:၁၀) ယေဟောဝါက သင်တန်းကျောင်းတွေကနေတစ်ဆင့် သိပ်ကောင်းတဲ့လေ့ကျင့်မှုတွေ ပေးတယ်။ ကျွန်မသားလေးတွေကို လိုအပ်တဲ့လေ့ကျင့်မှုပေးလို့ ယေဟောဝါနဲ့ အဖွဲ့အစည်းကို သိပ်ကျေးဇူးတင်ပါတယ်။

လမ်းလျှောက်ရင်း ပြုံးနေတဲ့ ကယ်ရို

အမှုဆောင်ကို သွားတဲ့ လမ်းမှာ

ခက်ခဲတဲ့ ကာလ

နှစ်တွေတစ်လျှောက် တကယ်ခက်တဲ့ အခြေအနေတွေ ကြုံခဲ့ရတယ်။ အခက်အခဲဆုံးကတော့ ခင်ပွန်းဖြစ်သူ ကျွန်မကို သစ္စာဖောက်သွားချိန်ပါ။ ၃၃ နှစ်ကြာ လက်တွဲလာခဲ့ပြီးမှ တခြားတစ်ယောက်နဲ့ နေဖို့ ကျွန်မကို စွန့်ခွာသွားတယ်။ ဒါ့အပြင် ကျွန်မမိဘတွေလည်း အသက်အရွယ်ရလာတယ်။ ၁၉၉၇ ခုနှစ်၊ မတ်လမှာ အဖေဆုံးသွားတယ်။ ကျွန်မ သိပ်ကို ဝမ်းနည်းခဲ့ရတယ်။ အမေတစ်ယောက်တည်း ကျန်ခဲ့တာပေါ့။ သူက ကားလည်း မောင်းတတ်တာမဟုတ်ဘူး။ အဖေမရှိတော့ ဝမ်းနည်းပြီး အထီးကျန်နေတတ်တယ်။ အဲဒါကြောင့် အမေ့ကို “သမီးနဲ့အတူ ကားပတ်စီးရင်း ပြန်လည်ပတ်မှုတစ်ခုသွားကြမလား” ဆိုပြီး မကြာခဏ ခေါ်သွားဖြစ်တယ်။ နှစ်တော်တော်ကြာတော့ သူလည်း ရှေ့ဆောင်စလုပ်တယ်။ ဒီဆုံးဖြတ်ချက်ကြောင့် သူ့ဘဝမှာ ရှေ့ဆက်ဖို့ ရည်ရွယ်ချက်၊ ဦးတည်ချက်ရှိသွားတယ်။ ရှေ့ဆောင်ဘဝနဲ့ ဘုရားအတွက် သစ္စာရှိရှိအမှုဆောင်ပြီး ဆယ်နှစ်အကြာမှာ အမေဆုံးပါးသွားတယ်။

ပြန်စဉ်းစားကြည့်ရင် သားသမီးငါးယောက်လုံး အမှန်တရားထဲရှိနေအောင် ပြုစုပျိုးထောင်ပေးဖို့ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး။ ယေဟောဝါဘုရားကို ဝတ်ပြု၊ မပြုဆိုတာ သူတို့ကိုယ်တိုင် ဆုံးဖြတ်ရမယ့်ကိစ္စဆိုတာ ကျွန်မသိတယ်။ သူတို့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျွန်မ ထိန်းချုပ်လို့မရပေမဲ့ ကိုယ့်ဘက်က လုပ်နိုင်တာတွေကိုတော့ အကောင်းဆုံး ကြိုးစားလုပ်တယ်။ ကျမ်းစာပါ ဘုရားလမ်းညွှန်ချက်တွေကို လိုက်နာပြီး လက်တွေ့ကျင့်သုံးခဲ့တယ်။ အပြောနဲ့ကော လုပ်ရပ်နဲ့ပါ ကလေးတွေကို သွန်သင်ပေးတယ်။ သူတို့လေးတွေ ဘုရားကို ဝတ်ပြုဖို့ ရွေးချယ်ခဲ့ကြလို့ ဂုဏ်ယူမဆုံးဖြစ်ရတယ်။d သူတို့လေးတွေကို ပြုစုပျိုးထောင်ရာမှာ ကူညီထောက်မပေးတဲ့ ယေဟောဝါဘုရားကို သိပ်ကျေးဇူးတင်ပါတယ်။

သားသမီးငါးယောက်နဲ့ ကယ်ရို အမှတ်တရ ဓာတ်ပုံ

သားသမီးငါးယောက်နဲ့ လတ်တလော ဓာတ်ပုံ

a သေလွန်သူတွေရဲ့ အခြေအနေ ဘယ်လိုရှိသလဲ ဗီဒီယိုကို ကြည့်ပါ။

b ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် ရှင်းလင်းချက် ၅ “ပွဲနေ့နဲ့ အခမ်းအနားများ” ကို ကြည့်ပါ။

c ဒီသင်တန်းကျောင်းကို အခုအချိန်မှာ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းနဲ့ အစားထိုးလိုက်ပါပြီ။

d အခုအချိန်မှာ ဖိလစ်က အိုင်ယာလန်မှာ သင်တန်းပို့ချသူအဖြစ် အမှုဆောင်နေပါတယ်။ နိုင်ဂျယ်က အင်္ဂလန်မှာ စည်းဝေးပွဲခန်းမအမှုထမ်းအဖြစ် အမှုဆောင်နေပါတယ်။ အင်ဒရူးက အကြီးအကဲအဖြစ် အမှုဆောင်ရင်း ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်နေတာ နှစ် ၃၀ ရှိပါပြီ။ ကယ်ရိုလင်းက ရှေ့ဆောင်လုပ်ငန်းမှာ ငါးနှစ် ပါဝင်ခဲ့တယ်။ ဒယ်ဘီက အမေ့ကို ဂရုစိုက်ပေးနေပြီး အတူတူ အမှုဆောင်နေကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ