အောက်ခြေမှတ်ချက်
b ပင်လယ်သေတွင် တွေ့ရှိခဲ့သည့် လက်ရေးစာမူရှိသမျှသည် လက်ရှိသမ္မာကျမ်းစာနှင့် ဤမျှအတိအကျညီညွတ်မှုမရှိပေ။ အချို့လက်ရေးစာမူများ၌ စာသားကွဲလွဲမှုအလွန်များကြောင်း တွေ့ရသည်။ သို့သော် ထိုကွဲလွဲမှုများက ကျမ်း၏အခြေခံအဓိပ္ပာယ် ပြောင်းလဲသွားပြီဟု မဆိုလိုပေ။ အမေရိက ကာသိုလိပ်တက္ကသိုလ်မှ ပက်ထရစ် ဒဗလျူ. စကီးဟန်၏အဆိုအရ အများစုမှာ “ပြည့်စုံသောကျိုးကြောင်းညီညွတ်မှုပေါ် အခြေပြုကာ [သမ္မာကျမ်းစာသားများကို] ပြန်လည်ပြုစုထားခြင်းသာဖြစ်သည်၊ ထို့ကြောင့် ဖွဲ့စည်းပုံအားဖြင့် ကျယ်ပြန့်လာသော်လည်း ဆိုလိုရင်းအာဘော်မှာ နဂိုမူလအတိုင်းပင်ဖြစ်သည် . . . အခြေခံသဘောထားမှာ သန့်ရှင်းမြင့်မြတ်သည်ဟုယူမှတ်ထားသော ကျမ်းတစ်ဆူကို အထူးအလေးအမြတ်ထားသည့်သဘောထား၊ သမ္မာကျမ်းစာကို ဆင့်ပွားကူးယူရေးတွင် (ကျွန်ုပ်တို့ပြောလေ့ရှိသည့်အတိုင်း) သမ္မာကျမ်းစာကို သမ္မာကျမ်းစာဖြင့်ပင် ရှင်းပြသည့်သဘောထားဖြစ်သည်။”၈
ကျမ်းအဖွင့်ဆရာနောက်တစ်ဦးက ဤသို့ဖြည့်စွက်သည်– “မသေချာမရေရာမှုအများအပြားရှိသော်ငြားလည်း အဓိကအချက်မှာ လက်ရှိကျွန်ုပ်တို့တွင်ရှိသော သမ္မာကျမ်းစာသားသည် အချို့ဆိုလျှင် လွန်ခဲ့သည့်အနှစ်သုံးထောင်နီးပါးက အသက်ရှင်ခဲ့သောကျမ်းရေးသူများ ရေးသားခဲ့သည့် မူရင်းစကားများအတိုင်း အဓိကအပိုင်းများမှာ ရှိနေသည်ဆိုသည့်အချက်ပင်။ ဓမ္မဟောင်းကျမ်းက ကျွန်ုပ်တို့အား ဖော်ပြပေးသည့် သတင်းတရား၏ ခိုင်လုံခြေမြစ်မှုနှင့်ပတ်သက်ပြီး မူရင်းစာသားများ ပြုပြင်ပြောင်းလဲခံရသည်ဟု အကြီးအကျယ် သံသယပွားစရာမလိုပါ။”၉